အမြန်ဆုံး​တည်​ဆောက်ရမဲ့​ ပြည်တွင်း​ငြိမ်း​ချမ်း​​ရေး​နဲ့​ လက်​တွေ့​ကျင်သုံး​ရမဲ့​ ပြည်​ထောင်စုစိတ်ဓာတ်

အိမ်ထောင်စုတစ်စုဟာ နေ့စဉ်ရက်ဆက် တကျက်ကျက်နဲ့ အိမ်ထောင်မသာယာဘူးဆိုရင် စီးပွားလာဘ်လာဘတွေ ဆုတ်ယုတ်တတ်သလို ပြည်တွင်းစစ်မီး တောက်လောက်နေတဲ့ နိုင်ငံတိုင်းဟာ ဖွံ့ဖြိုးတိုးတက်မှုကို ဘယ်လိုမှတည်ဆောက်လို့မရနိုင်တာ သမိုင်းသာဓကတွေက အထင်းရှား သက်သေပြခဲ့ပါပြီ။

မသာယာတဲ့ အိမ်ထောင်စုတစ်စုရဲ့ အိမ်ထောင်ဦးစီးနဲ့ အိမ်ထောင်စုဝင်တွေကြားမှာရှိတဲ့ မကြေလည်မူတွေနဲ့ မငြိမ်းချမ်းတဲ့ တိုင်းပြည်တစ်ခုရဲ့ အုပ်စိုးသူလူမျိုးကြီးနဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေကြားမှာရှိတဲ့ ပဋိပက္ခပြဿနာတွေဟာ အခြေခံသဘောတရားခြင်းတူပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတွေရဲ့ သဘောသဘာဝတွေ ခံစားချက်တွေအပေါ်အခြေခံထားတာခြင်းတူလို့ပါဘဲ။

အဲ့ဒီလိုပြဿနာတွေကို ဖြေရှင်းကြတဲ့အခါ အင်မတန်နူးညံ့သိမ်မွေ့စွာကိုင်တွယ်ကြဖို့လိုသလို  ကာယကံရှင်နှစ်ဖက်လုံးဟာ မှန်ကုန်တဲ့ စိတ်ဓာတ်တွေနဲ့ဖြေရှင်းဖိို့လိုပါတယ်။ အိမ်ထောင်စုအတွက်တော့ မိသားစုစိတ်ဓာတ်ဟာ မရှိမဖြစ်လိုအပ်သလို တိုင်းပြည်တစ်ခုအတွက်တော့ ပြည်ထောင်စုစိတ်ဓာတ်ဟာ အလွန်အရေးကြီးလှပါတယ်။

မိသားစုစိတ်ဓာတ်ဆိုတာ တစ်ဦးချင်းအကျိုးစီးပွားထက် မိသားစုတစုလုံး အကျိုးစီးပွားကို အလေးထားတဲ့ စိတ်ဓာတ်ဖြစ်သလို ပြည်ထောင်စု စိတ်ဓာတ်ဆိုတာဟာလဲ လူမျိုးတစ်မျိုးစီရဲ့ အကျိုးစီးပွားထက် ပြည်ထောင်စုတစ်ခုလုံးရဲ့ အကျိုးစီးပွားကို ရှေ့တန်းတင် ဦးစားပေးတဲ့ စိတ်ဓာတ်မျိုးပါဘဲ။

အဲ့ဒီစိတ်ဓာတ်နှစ်မျိုးစလုံးဟာ လူကြားကောင်းရုံပြောနေရမဲ့ စိတ်ဓာတ်တွေမဟုတ်သလို ဆိုင်းဘုတ်နဲ့ကြော်ငြာတွေမှာ နိုင်ငံရေးအမြတ်ထုတ်ဖို့သက်သက် ရှိုးပြထားရမဲ့ စိတ်ဓာတ်တွေမဟုတ်ပါဘူး။ တကယ့်ကို နှစ်နှစ်ကာကာ ယုံကြည်မူ့မျိုးနဲ့ လက်တွေ့ကျင့်ကြံရမဲ့ စစ်မှန်တဲ့ စိတ်ဓာတ်တွေသာဖြစ်တယ်။

၁၉၄ဂခုနှစ် လွတ်လပ်ရေးရတဲ့ အချိန်ကစလို့ ဒီနေ့အချိန်ထိ ကျွန်တော်တို့နိုင်ငံရဲ့ သမိုင်းဖြစ်စဉ်တွေကို သုံးသပ်ကြည့်တဲ့ အခါ နှစ်ပေါင်း (၆၀)ကျော် ပြည်တွင်းစစ်မီးတညီးညီးတောက်လောင်ခဲ့ရတဲ့ အခြေခံအကြောင်းရင်းတရပ်ဟာ ပြည်ထောင်စုစိတ်ဓာတ်ကို လက်တွေ့မကျင့်သုံးခဲ့တာကြောင့်ဆိုတာ ရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်။

ကျွန်တော်တို့ပင်ပန်းကြီးစွာ ဖြတ်သန်းခဲ့ရတဲ့ စစ်အာဏာရှင်ခေတ်တစ်လျှောက်လုံးမှာ ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ရေးကို တိုင်းရင်းသား စည်းလုံးညီညွန်ရေးဆိုတာတွေဟာ ဆိုင်းဘုတ်တွေပေါ်မှာ ဖုံတက်နေတာကလွဲလို့ အုပ်စိုးသူတွေသာမက သာမာန်ပြည်သူလူထုတရပ်လုံးရဲ့နှလုံးသားထဲကို အမြစ်မတွယ်ခဲ့ပါဘူး။ အထူးသဖြင့်ပြည်တွင်းစစ်မီးလှံုပြီး အာဏာပလ္လင်ဖင်မြဲလိုသူတွေနဲ့ တိုင်းပြည်မငြိမ်းချမ်းမှ စီးပွားဖြစ်သူတွေရဲ့ တိုင်းရင်းသားညီအစ်ကိုတွေအပေါ် နှစ်ပေါင်းများစွာ အနိုင်ထက်ပြုကျင့်မူ့တွေကြောင့် ပြည်ထောင်စုစိတ်ဓာတ်တွေ ပျောက်ကွယ်ပြီး လူမျိုးရေးမုန်းတီးမှုနဲ့ အာဃာတတွေဘဲ ကြီးထွားခဲ့တာမဟုတ်လား

အိမ်ထောင်ရေးမှာ ဖွဲ့စည်းပေါင်းစပ်နေတဲ့ ဂုဏ်သတ္တိထူးများစွာထဲက တစ်ချို့တဝက်ကို စာဖတ်သူတို့တွေးတောနိုင်ဖို့မျှဝေလိုက်ပါရစေ။

  • (၁) ချစ်ကြည်မူ့
  • (၂) အပြန်အလှန်လေးစားတန်ဘိုးထားမူ့
  • (၃) အပြန်အလှန်နားလည်မူ့
  • (၄) မျှတမူ့
  • (၅) ရိုးသားမူ့
  • (၆) ပွင့်လင်းမူ့
  • (၇) သဘောထားကြီးမူ့
  • (၈) အမြင်ကျယ်မူ့
  • (၉) အမျှော်အမြင်ကြီးမူ့
  • (၁၀) သနားကြင်နာမူ့
  • (၁၁) ဂရုစိုက်မူ့
  • (၁၂) တာဝန်ယူမူ့
  • (၁၃) ကူညီဖေးမလိုမူ့
  • (၁၄) သစ္စာစောင့်သိမူ့
  • (၁၅) ကတိတည်ကြည်မူ့
  • (၁၆) အပြန်အလှန်ယုံကြည်မူ့
  • (၁၇) အမှန်တရားကိုစောင့်ရှောက်လိုမူ့
  • (၁၈) အနစ်နာခံလိုမူ့
  • (၁၉) ခွင့်လွှတ်မူ့
  • (၂၀) စည်းလုံးညီညွတ်မူ့

အနှစ်သာရအားဖြင့်ပြောရရင် ပြည်ထောင်စုစိတ်ဓာတ်ဆိုတာ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်လိုတဲ့ စိတ်ပါဘဲ။

ကဲ… အခု လတ်လောဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်တွေထဲက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ပြန်သုံးသပ်ကြည့်ရအောင် လူထုဆန္ဒနဲ့ ညီညွတ်တယ်လို့ ပြောဖို့ခဲယဉ်းတဲ့ ၂၀၀ဂ ဖွဲ့ဆည်းပုံအခြေခံဥပဒေနဲ့ အငြင်းပွားဖွယ်ရာ ၂၀၁ဝခုနှစ်ရွေးကောင်းပွဲက ပေါ်ထွက်လာတဲ့ အစိုးရသစ်အဖွဲ့စည်းတွေ သီးခြားစီတွေဆုံဆွေးနွေးပွဲတွေဟာ ခုချိန်ထိတော့ ပြည်ထောင်စုစိတ်ဓာတ်နဲ့ ဆွေးနွေးအဖြေရှာနေတယ်လို့ ပြောလို့မရသေးပါဘူး။

အထက်မှာ ဖော်ပြခဲ့တဲ့ အကောင်းမြတ်တဲ့ စိတ်နေစိတ်ထားအားလုံးနီးပါး ပျောက်ဆုံးနေတာတွေ့ရလို့ပါဘဲ။ ပထမဆုံးအချက်က သမ္မတဦးသိန်းစိန်ကနေ ကာကွယ်ရေးဦးစီးချုပ်ကို စစ်ပွဲတွေရပ်ဖို့ စာပိုပြီးတဲ့အချိန်ကစလို့ ဒီနေ့အထိ တိုက်ပွဲပေါင်း ၆၈ ကြိမ်ဖြစ်ပွားခဲ့တဲ့အကြောင်း KICရဲ့ ထုတ်ပြန်ချက်ကို မဇ္ဈိမသတင်းဌာနရဲ့ ဝက်ဘ်ဆိုက်မှာ ဖတ်ရှုခဲ့ရပါတယ်။ ဒါဟာဘာကိုပြသလဲဆိုရင် မီးစတဖက် ရေမှုတ်တဖက် ကိုင်ထားတယ်ဆိုတာပါဘဲ။ ငြိမ်းချမ်းရေးစားပွဲဝိုင်းပေါ် တက်လာပြီဆိုရင် မီးစကို ပြတ်ပြတ်သားသားငြိမ်းသတ်ပြီး လွှတ်ချဖို့လိုပါတယ်။ ရိုးသားဖို့ ငြိမ်းချမ်းရေးတကယ်လိုချင်စိတ်ရှိကြောင်း ပြသဖို့လိုပါတယ်။ ဒါမှသံသယတွေဖျောက်နိုင်ကြမှာပါ။

ဒုတိယအချက်က ပြည်တွင်းငြိမ်းချမ်းရေးမှာ ပါဝင်ထိုက်သူ ပါဝင်ခွင့်ရှိသူတွေအားလုံး ပါဝင်နိုင်ရေးဟာ အလွန်အရေးကြီးပါတယ်။ လက်ရှိအစိုးရနဲ့တကွ နိုင်ငံရေးပါတီတွေ ပြည်တွင်းပြည်ပ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေ ပြည်တွင်းပြည်ပနိုင်ငံရေးအင်အားစုတွေ လူထုလူတန်းစား အလွှာသီးသီးက ကိုယ်စားလှယ်တွေ တိုင်းရင်းသားခေါင်းဆောင်တွေ တတ်/သိ ပညာရှင်တွေ စတာတွေ အားလုံးပါတဲ့ အင်မတန်ကြီးမား ကျယ်ပြန့်တဲ့ ညီလာခံကြီးခေါ်ကြရမှာပါ။ အားလုံး မပါဝင်ဘဲ ငြိမ်းချမ်းရေးဟာ ရွှေရည်စိမ်ငြိမ်းချမ်းရေးဘဲ ဖြစ်မှာပါ။ တနည်းအားဖြင့်ပြောရရင် ငြိမ်းချမ်းရေးကို ခုတုံးပြုပြီး လုပ်စားမှုသာဖြစ်သွားမှာပါ။

တတိယအချက်က အချိန်ဇယားနဲ့ပတ်သက်ပါတယ်။ ပြည်ထောင်စုဝန်ကြီး ဦးအောင်သောင်းက သတင်းထောက်တွေကို ပြောသွားတဲ့ အထဲမှာ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ အချိန် (၃)နှစ်လောက်ယူရမယ်လို့ ပြောသွားတာလဲပါ ပါတယ်။ ဒီအချက်ကို သဘောထားခြင်းမတူဘူးလို့ပြောပါရစေ။ တကယ်တော့ ဦးအောင်သောင်းတို့ ဦးသိန်းဇော်တို့ လုပ်ကိုင်နေတာတွေဟာ ပင်လုံလို ငြိမ်းချမ်းရေး ညီလာခံကြီးမပေါ်ပေါက်ခင် အပစ်ခတ်ရပ်ဖို့ကို ပဏာမ တွေဆုံညှိနှိုင်းမှုအဆင့်သာရှိသေးတာဖြစ်ပေမဲ့ တကယ်ရိုးရိုးသားသား ပြည်ထောင်စုစိတ်ဓာတ်နဲ့ အဲ့ဒီညှိနိုင်းမူ့တွေကို အချိန်တိုတိုအတွင်းပြီးအောင် ဆောင်ရွက်လို့ရပါတယ်။ ဒီလောက် အချိန်ယူစရာအကြောင်းမမြင်ပါဘူး။ အဲ့ဒီလိုမှမဟုတ်ဘဲ စစ်ရေးအမြင် ကိုယ့်ဖက်က အသာစီးရလိုမူအမြင်စတဲ့ ကြိုတင်သတ်မှတ်တောင်းဆိုမူ့တွေ နဲ့ တဖက်လူမလိုက်လျောနိင်တဲ့ တောင်းဆိုမူ့တွေနဲ့ ဆွေးနွေးညှိနှိုင်းရင်းတော့ (၃)နှစ်မက အနှစ် (၃၀)နဲ့လဲ မရနိုင်ပါဘူး။ ဘယ်တိုင်းရင်းသားအဖွဲ့မှ သတ်မှတ်ထားတဲ့နယ်ဖြေတွေကျော်ပြီး မြန်မာတစ်ပြည်လုံးသိမ်းဖို့ ရည်ရွယ်ချက်မရှိသလို အင်အားလဲမရှိပါဘူး။ လူမျိုးကြီးက ပိုပြီအနစ်နာခံမှ ပိုလိုက်လျောမှ ပြည်ထောင်စုစိတ်ဓာတ်ဟာ ခိုင်မာလာနိုင်ပါတယ်။

စတုတ္ထအချက်ကတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ထင်သာမြင်သာရှိဖို့ အရေးကြီးပါတယ်။ တကယ်ရိုးရိုးသားသား ပြည်ထောင်စုစိတ်ဓာတ်နဲ့ တွေ့ဆုံဆွေးနွေးကြမယ်ဆိုရင် ဖုံးကွယ်လျှို့ဝှက်ထားစရာ ဘာမှမရှိပါဘူး။ အကောင်းဆုံးကတော့ လူထုရှေ့မှောက်မှာ ဆွေးနွေးအဖြေရှာသင့်ပါတယ်။ အဲ့ဒီလောက်အဆင်သင့်မဖြစ်သေးရင်လည်း အနိမ့်ဆုံးအဆင့် သတင်းတွေအမှောင်ချထားတာမျှိုး လုံးဝရှောင်ကျဉ်သင့်ပါတယ်။ ငြိမ်းချမ်းရေးအတွက် ဘယ်လိုအစီအစဉ်၊ ဘယ်သူတွေနဲ့၊ ဘယ်အချိန်၊ ဘာတွေဆွေးနွေးမယ် စတဲ့ သိရမဲ့အကြောင်းအရာမှန်သမျှ အသိပေးနိုင်မှသာ ပြည်သူလူထုကြီးကို လေးစားတန်ဖိုးထားရာရောက်မယ်ဆိုတဲ့အကြောင်း အကြံပြုရင်း ဒီဆောင်းပါးကို အဆုံးသတ်လိုက်ပါတယ်။

မင်းကောင်းချစ်

LEAVE A REPLY

Please enter your comment!
Please enter your name here