ဗုံမဟုတ် ပတ်မဟုတ် ထပ်မလုပ်ပါနဲ့​ ဦး​သိန်း​စိန်

သရုပ်​​​​ဖေါ်ပုံ © PMV

တိုင်း​ပြည်တစ်ခုမှာ နိုင်ငံ​ရေး​စနစ်​ပြောင်း​လဲဖို့​ အခု​ရေတွင်း​တူး​ အခု​ရေကြည်​သောက်လို့​

မရနိုင်မှန်း​ သိပါတယ်။ ဒါ​ပေမယ့်​ ကျွန်​တော်တို့​ ​ရေတွင်း​တူး​လာတာ နှစ်​ပေါင်း​ (၅၀) နီး​ပါး​ ရှိခဲ့​ပေမယ့်​​ခုထက်ထိ​တော့​ ​ရေကြည်မ​သောက်ရ​သေး​ဘူး​မဟုတ်လား​။ စိတ်ကူး​နဲ့​ ​တွေး​ကြည့်​ရင်​တောင် ကြက်သီး​ထ​လောက်​အောင် ရက်ရက်စက်စက် အဖိနှိပ်ခံခဲ့​ရတဲ့​သူ​တွေ ၊​ ဘဝ​တွေ၊​ အသက်​တွေ​ပေး​ ရင်း​နှီး​ခဲ့​ရသူ​တွေက ဦး​သိန်း​စိန်တို့​ရဲ့​ အ​ပြောင်း​အလဲလုပ်​နေပါတယ်ဆိုတာကို သံသယ ရှိကြတာ၊​ မယုံကြည်ကြတာဟာ သဘာဝ ကျပါတယ်။ ထို့​အတူပဲ တိုင်း​ပြည်ကို အထိခိုက်အဆုံး​ရှံုး​ နည်း​နည်း​နဲ့​ ဒီမိုက​ရေစီစနစ်ကို ​ရောက်နိုင်ဖို့​ ​တွေ့​ဆုံ​ဆွေး​နွေး​အ​ဖြေရှာ​ရေး​အ​ပေါ်မှာ ယုံကြည်ချင် သူ​တွေလဲ ရှိ​နေပါတယ်။

အဲ့​ဒီလို မယုံကြည်ရဲတဲ့​၊​ သံသယသတိနဲ့​ မျက်လုံး​တွေ၊​ ယုံကြည်ချင်လို့​ ​မျှော်လင့်​နေတဲ့​ မျက်လုံး​တွေ၊​ နိုင်ငံတကာ မိသား​စု​တွေရဲ့​ ​စောင့်​ကြည့်​နေတဲ့​ မျက်လုံး​တွေ ​ရှေ့​မှောက်မှာ ဦး​သိန်း​စိန်အစိုး​ရအ​နေနဲ့​ ဘာပဲလုပ်လုပ် ပီပီပြင်ပြင်လုပ်ဖို့​ လိုပါတယ်။

​တွေ့​ဆုံ​ဆွေး​နွေး​အ​ဖြေရှာနိုင်ဖို့​၊​ အ​ပြောင်း​အလဲလုပ်တဲ့​ ​ခြေလှမ်း​တိုင်း​ ယုံကြည်မှုတည်​ဆောက်တဲ့​ လုပ်ရပ်တိုင်း​ဟာ ပီပီပြင်ပြင်ရှိဖို့​၊​ ရိုး​သား​ဖို့​ အလွန်အ​ရေး​ကြီး​ပါတယ်။ မြန်မာစကား​မှာ “ဗုံမဟုတ် ပတ်မဟုတ်”ဆိုတဲ့​ အသုံး​အနှုန်း​ရှိပါတယ်။ ဟိုမ​ရောက် ဒီမ​ရောက်၊​ ပီပီပြင်ပြင် ထိ​ရောက်မှုမရှိရင် သုံး​တတ်တဲ့​ စကား​ပါ။

ပြီး​ခဲ့​တဲ့​ သီတင်း​ကျွတ်လပြည့်​နေ့​က ဦး​သိန်း​စိန်အစိုး​ရရဲ့​ အမျိုး​သား​ရင်ကြား​စေ့​ရေး​ကို ဦး​တည်ပါတယ်လို့​ ဆိုနိုင်တဲ့​ နိုင်ငံ​တော်လွတ်ငြိမ်း​ချမ်း​သာခွင့်​ပေး​တဲ့​ခြေလှမ်း​ကို ဗုံမဟုတ် ပတ်မဟုတ် ​ခြေလှမ်း​လို့​ပြောရင် မှား​မယ်မထင်ပါဘူး​။ ဘာ​ကြောင့်​လဲဆို​တော့​ အမျိုး​သား​ ရင်ကြား​စေ့​ရေး​ ဦး​တည်ချက် မပီပြင်လို့​ပါဘဲ။ ​နောက်အ​ရေး​ကြီး​တဲ့​အချက်က အဲ့​ဒီ​ခြေလှမ်း​မှာ ရိုး​သား​မှု​ပျောက်ဆုံး​နေလို့​ပါ။ တကယ်တမ်း​ အမျိုး​သား​ပြန်လည်သင့်​မြတ်​ရေး​လမ်း​ပေါ် ​လျှောက်လို တယ်ဆိုရင် ယုံကြည်ချက်နဲ့​ အကျဉ်း​ကျ​နေတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေရှိ​နေတာကို ရိုး​သား​စွာ အသိမှတ်ပြု လက်ခံနိုင်ဖို့​ လိုသလို၊​ အဲ့​ဒီ နိုင်ငံ​ရေး​အကျဉ်း​သား​တွေအား​လုံး​ကို ခြွင်း​ချက်မရှိ ပြန်လွှတ်​ပေး​ဖို့​ရာ ဝန်​လေး​ အချိန်ဆွဲ​နေစရာ အ​ကြောင်း​မရှိပါဘူး​။ လက်ရှိ အကျဉ်း​ကျ​နေဆဲ ​ကျောင်း​သား​ခေါင်း​ဆောင်​တွေ၊​ တိုင်း​ရင်း​သား​ခေါင်း​ဆောင်​တွေဟာ အမျိုး​သား​ရင်ကြား​စေ့​ရေး​နဲ့​ ထာဝရငြိမ်း​ချမ်း​ရေး​အတွက် မပါရင်မပြီး​တဲ့​ အစိတ်အပိုင်း​တွေလို့​ အသိမှတ်မပြုနိုင်သ၍ အဲ့​ဒီ အမျိုး​သား​ပြန်လည်သင့်​မြတ်​ရေး​ဟာ ဗုံမဟုတ် ပတ်မဟုတ် သင့်​မြတ်​ရေး​ပဲ ဖြစ်​နေပါလိမ့်​မယ်။

​နောက်တစ်ချက်အ​နေနဲ့​ ဦး​သိန်း​စိန်တို့​ အစိုး​ရအဖွဲ့​ကို ​ဆွေး​နွေး​အကြံပြုလိုတာက အချိန်နဲ့​ ပတ်သက်ပါတယ်။ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ​တွေ့​ဆုံပြီး​ ​ဆွေး​နွေး​အ​ဖြေရှာဖို့​၊​ ပူး​ပေါင်း​ ​ဆောင်ရွက်ဖို့​ လုပ်ကိုင်​နေကြတဲ့​ လုပ်ငန်း​စဉ်ကြီး​မှာ အချိန်ဇယား​တစ်ခု ရှိသင့်​ပါတယ်။ ကုန်ဆုံး​သွား​မယ့်​ စက္ကန့်​တိုင်း​၊​ မိနစ်တိုင်း​၊​ နာရီတိုင်း​၊​ ​နေ့​ရက်တိုင်း​မှာ ဆုံး​ရှံုး​နေတဲ့​ အသက်​တွေ၊​ ပျက်သုဉ်း​နေတဲ့​ ဘဝ​ပေါင်း​များ​စွာရှိ​နေတယ်ဆိုတာ မ​မေ့​အပ်ပါဘူး​။ ရည်ရွယ်ချက်ရှိရှိနဲ့​ အချိန်ဆွဲဆွဲ၊​ မရည်ရွယ်ဘဲ အချိန်ကြာကြာ၊​ တိုင်း​ပြည်နဲ့​လူမျိုး​အတွက် ကြီး​မား​စွာ ဆုံး​ရှံုး​နစ်နာ ​နေပါလိမ့်​မယ်။

​တောက်​လောင်​နေတဲ့​ ပြည်တွင်း​စစ်မီး​လျှံကြီး​အောက်မှာ မှား​ယွင်း​တဲ့​အုပ်ချုပ်မှုစနစ်နဲ့​ အများ​အကျိုး​ မ​ဖော်​ဆောင်နိုင်တဲ့​ ဥပ​ဒေ​တွေရဲ့​အောက်မှာ ​လောကငရဲကျ​နေတဲ့​ တိုင်း​ရင်း​သား​ပြည်သူလူထုကြီး​ တစ်ရပ်လုံး​ကို အမြန်ကယ်တင်နိုင်ဖို့​ရာ အမျိုး​သား​ပြန်လည်သင့်​မြတ်​ရေး​နဲ့​ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​ ကို အချိန်တိုတိုနဲ့​ တည်​ဆောက်ဖို့​ လိုပါတယ်။

မြန်မာ့ဒီမိုက​ရေစီ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ဦး​သိန်း​စိန်တို့​ရဲ့​ အစိုး​ရသစ် ပြည်​ထောင်စုဝန်ကြီး​ ဦး​အောင်ကြည်တို့​ စတုတ္ထအကြိမ် ​တွေ့​ဆုံပြီး​ဆိုပေမယ့်​ တိုင်း​ပြည်အတွက် အား​တက်​မျှော်လင့်​မှုတွေ့ကတော့ သံသယတွေနဲ့ဝေဝါးနေဆဲပါ။ လေးကြိမ်မြောက်တွေ့ဆုံခဲ့တာဟာ ပြည်စုံတိကျရလဒ်တစ်ခုအတွက် အစကောင်း​ ဆွေးနွေး​ပွဲတခု​မျှော်လင့်နိုင်ပေမယ့် တိကျရေရာတဲ့ ဆွေးနွေးပွဲမျိုးတွေ ထပ်မံ​ရှိလာဖို့လဲ လိုအပ်နေမှာဖြစ်ပါတယ်။

ဝန်ကြီး​ ဦး​အောင်ကြည်က​တော့​ ​ပြောပါတယ်။ သူတို့​အစိုး​ရဟာ လုပ်ငန်း​စဉ်တစ်ရပ်ကို လုပ်​ဆောင် ရာမှာ တစ်လှမ်း​ပြီး​တစ်လှမ်း​ လှမ်း​ပါသတဲ့​၊​ စုံ မခုန်ပါဘူး​၊​ ရပ်လဲမ​နေပါဘူး​လို့​ သတင်း​ထောက်များ​ ကို ​ပြောသွား​ပါတယ်။ ​ကောင်း​ပါတယ်။ ​နောက်ကို ပြန်မဆုတ်ဘူး​၊​ ​ရှေ့​ကိုဘဲ ချီတက်​နေတယ် ဆိုရင် အား​လုံး​အတွက် ​မျှော်လင့်​ချက်ရှိတယ်လို့​ပဲ ​ပြောရမှာပါ။ တစ်ခုပဲ ​မေတ္တာရပ်ခံချင်တာက တစ်လှမ်း​ပြီး​တစ်လှမ်း​ ​ဆောင်ရွက်တဲ့​အခါမှာ လှမ်း​တဲ့​ခြေလှမ်း​တိုင်း​ဟာ အ​ခြေခိုင်ခိုင်နဲ့​ ပီပီပြင်ပြင် ထိထိ​ရောက်​ရောက် ရှိဖို့​၊​ ​ခြေလှမ်း​ တစ်လှမ်း​နဲ့​တစ်လှမ်း​ကြား​မှာလဲ အချိန်ဇယား​ (Time Frame) ​လေး​ရှိဖို့​ကို တိုင်း​ပြည်နဲ့​လူမျိုး​အကျိုး​ ရည်​မျှော်လို့​ နှိုး​ဆော်သတိ​ပေး​အပ်ပါတယ်။

မင်း​​​ကောင်း​​ချစ်

LEAVE A REPLY

Please enter your comment!
Please enter your name here