ဂဒါဖီအား​ ဖမ်း​မိနိုင်​ရေး​ ၎င်း​၏ အတွင်း​စည်း​လူများ​ကို စည်း​ရုံး​

alt

မူအမ်မာ ဂဒါဖီအား​ အ​သေဖြစ်​စေ၊ အရှင်ဖြစ်​စေ ကူညီ​ပေး​ပါက လွတ်ငြိမ်း​ချမ်း​သာခွင့်​အပြင် ဆု​တော်​ငွေ ​ဒေါ်လာ ၁.၇ သန်း​ ​ပေး​အပ်သွား​မည်ဟု ဂဒါဖီ၏ အတွင်း​စည်း​ အသိုင်း​အဝိုင်း​ထံ ရည်ရွယ်ပြီး​ လစ်ဗျား​ ​တော်လှန်​ရေး​ တပ်ဖွဲ့​များ​က သတင်း​ထုတ်ပြန်လိုက်သည်။

​တော်လှန်​ရေး​ တပ်ဖွဲ့​များ​သည် ယခုအခါ ထရီပိုလီ မြို့​​တော်ကို သိမ်း​ပိုက်ထား​ခဲ့​ပြီး​​နောက် ပုန်း​​ရှောင်​နေ​သော စစ်အာဏာရှင်ကို ​မြေလှန်ရှာ​ဖွေ​နေသည်။ ၄၂ နှစ်ကြာ အာဏာသက်တမ်း​ ကုန်ဆုံး​သွား​ပြီး​​နောက် ဂဒါဖီသည် လစ်ဗျား​တွင်ပင် ရှိ​နေဦး​မည်ဟု အများ​စုက လက်ခံယုံကြည်လျက် ရှိ​နေသည်။

ယခုအခါ ဂဒါဖီနှင့်​ ပတ်သက်ပြီး​ တိကျစွာ သတင်း​​ပေး​နိုင်သည့်​ ၎င်း​နှင့်​ ပတ်သက်သူများ​အား​ လွတ်ငြိမ်း​ချမ်း​သာခွင့်​​ရော၊ ဆု​ငွေပါ ​ပေး​အပ်သွား​မည်ဟု ​ တော်လှန်​ရေး​ တပ်များ​က ​ကြေညာခဲ့​သည်။ ဂဒါဖီ၏ သစ္စာခံ တပ်ဖွဲ့​များ​သည် ထရီပိုလီ ရန်သူ့​လက် ကျသွား​ပြီဖြစ်​ သော်လည်း​ မဟာဗျူဟာ အချက်အချာကျပြီး​ ဂဒါဖီ၏ ​မွေး​ရပ်မြို့​ဖြစ်​သော ဆိပ်ကမ်း​မြို့​ ဆာတီတွင် အခိုင်အမာ တပ်စွဲထား​ဆဲ ဖြစ်သလို လစ်ဗျား​​တောင်ပိုင်း​တွင်လည်း​ စစ်စခန်း​ အ​တော်များ​များ​ ကျန်ရှိ​နေဆဲဖြစ်သည်။

လက်ရှိတွင် ထရီပိုလီ အုပ်ချုပ်​ရေး​ တာဝန်ယူထား​သည့်​ အမျိုး​သား​ အသွင်ကူး​​ပြောင်း​​ရေး​ ​ကောင်စီ (NTC)၏ အကြီး​အကဲ မူစတာဖာ အက်ဘဒယ် ဂျာလီက လွတ်ငြိမ်း​ချမ်း​သာခွင့်​နှင့်​ ဆု​တော်​ငွေ ​ကြေညာချက်ကို ထုတ်ပြန်ခဲ့​ခြင်း​ဖြစ်သည်။ ယင်း​​ ကြေညာချက်သည် ဂဒါဖီအား​ လက်ရှိ ​ထောက်ခံ​နေဆဲ တပ်ဖွဲ့​များ​အတွက် ရည်ရွယ်ခြင်း​ဖြစ်ပြီး​ သက်​ရောက်မှု ကြီး​ကြီး​ မား​မား​ ဖြစ်လာမည်ဟု လစ်ဗျား​​တော်လှန်​ရေး​ တပ်ဖွဲ့​များ​က ယုံကြည်​နေ​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here