ဖရန့်လမ်းပတ်က ချစ်သူကို လက်ထပ်ခွင့်တောင်း

alt

ချယ်လ်ဆီးအသင်း ကွင်းလယ်ကစားသမား ဖရန့်လမ်းပတ်သည် ၎င်း၏ချစ်သူကို လက်ထပ်ခွင့် တောင်းခံလိုက်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျယ်လိစ်သို့ အလည်အပတ် သွားရောက်နေစဉ် ယခုလို လက်ထပ်ရန် လမ်းပတ်က တောင်းဆိုခဲ့ခြင်းဖြစ်သည်။ အသက် ၃၁ နှစ်ရှိ အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူသည် BBC သတင်းဌာန အစီအစဉ် တင်ဆက်သူ ခရစ္စတင်း ဘလိတ်ခ်လီအား ဒူးတစ်ဖက်ထောက်ပြီး အလေးအနက် လက်ထပ်ခွင့် တောင်းဆိုခဲ့ခြင်းဟုဆိုသည်။

ယင်းတို့နှစ်ဦးသည် လက်စ်ဗီးဂက်စ်တွင် အပမ်းဖြေ အချစ်ခရီး ထွက်နေခြင်းဖြစ်သည်။ လမ်းပတ်၏ အေးဂျင့်ဖြစ်သူ စတိဗ်ကတ်တနာက “ခရစ္စတင်းက လမ်းပတ်ရဲ့ ကမ်းလှမ်းမှုကို လက်ခံလိုက်တာ ကျွန်တော် သိပ်ပျော်မိပါတယ်။ လမ်းပတ်က သူ့ကို ရုတ်တရက် အံ့ဩအောင် လုပ်ခဲ့တာပါ။ ခရစ္စတင်းလည်း တော်တော်ပျော်သွားတယ်”ဟု ပြောကြားခဲ့သည်။

လမ်းပတ်နှင့် နီးစပ်သူများက လမ်းပတ်သည် လက်ထပ်ခွင့် တောင်းရန်အတွက် Romanticဖြစ်မည့် နည်းလမ်းများကို အမျိုးမျိုး စဉ်းစားနေခဲ့ကြောင်း ပြောကြားခဲ့သည်။ ခရစ္စတင်းသည် ယခင်ကတည်းက လမ်းပတ်နှင့်အတူ မိသားစုတစ်ခု တည်ထောင်လိုကြောင်း ပြောဆိုခဲ့ဖူးသည်။ “ကျွန်မ လျှို့ဝှက်ထားစရာ မလိုပါဘူး။ ကျွန်မအသက် ၃၁ နှစ်ရှိပြီ။ ကလေးတွေမွေးပြီး မိသားစုတစ်ခု တည်ထောင်ချင်ပါတယ်။ ဒါဟာ ကျွန်မဘဝရဲ့ အဖြစ်ချင်ဆုံး ဆန္ဒတစ်ခုပါ”ဟု ခရစ္စတင်းကဆိုသည်။

လမ်းပတ်နှင့် ခရစ္စတင်းတို့သည် ၂၀၀၉ ခုနှစ် ဗြိတိန်ဂုဏ်ဆောင် ဆုပေးပွဲတွင် ပီရက်စ်မော်ဂန်နှင့် အင်္ဂလန် ခရစ်ကက်သမား ကီဗင် ပီတာဆန်တို့၏ မိတ်ဆက်ပေးမှုဖြင့် စတင်သိကျွမ်းခဲ့ကြသည်။ ယင်းတို့သည် လပေါင်း ၂ဝ မျှကြာအောင် တွဲနေပြီးနောက် လက်ထပ်ရန် စီစဉ်လာခြင်းဖြစ်သည်။ လမ်းပတ်တွင် ချစ်သူဟောင်း အီလန်ရိဗ်နှင့် ရထားသည့် ကလေး ၂ ဦး ရှိနေသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here