ဗန်ဒါးဆားနေရာ အစားထိုး ဝင်ရောက်ရမည့်အတွက် ဒေးဗစ်ဒီဂီဂုဏ်ယူ

alt

မန်ချက်စတာ ယူနိုက်တက် ဂိုးသမား အက်ဒွင်ဗန်ဒါဆား နေရာတွင် အစားထိုး ၀င်ရောက်ရန် ကြံုကြိုက်လာရမှုကို ဂုဏ်ယူကြောင်း ဒေးဗစ်ဒီဂီက ပြောကြားလိုက်သည်။

စပိန်ကလပ် အက်သလက်တီကို မက်ဒရစ်မှ အသက် ၂၀ အရွယ် ဂိုးသမားလေးသည် အင်္ဂလန် ချန်ပီယံ ကလပ်အသင်းမှ အနားယူသွားသည့် ဒတ်ချ်ဝါရင့် ဂိုးသမားကြီး ဗန်ဒါဆား နေရာကို ဆက်ခံမည့်သူအဖြစ် ရေပန်းစားနေသည်။ ယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်သည် ဒီဂီအား စာချုပ်ရန် သေချာသလောက် ဖြစ်နေကြောင်းလည်း သတင်းများက ဖော်ပြထားသည်။

ဒီဂီက ၎င်းလေးစား အားကျရသည့် ဗန်ဒါဆားနေရာကို ဆက်ခံခွင့် ရမည်ဆိုပါက ကျေနပ်မည်ဟု ဖွင့်ဟခဲ့သည်။ “ကျွန်တော့်အနေနဲ့ ဗန်ဒါဆားရဲ့ လက်အိတ်တွေကို ဆက်ဝတ်ရမယ်ဆိုရင် ပျော်မိမှာပါ။ ဗန်ဒါဆားလို အသက် ၄၀ အထိတောင် ဘောလုံးကစားချင်သေးတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ ခန္ဓာကိုယ် တည်ဆောက်မှု၊ ခွန်အားနဲ့ စွမ်းအင်တွေကို အဲဒီအချိန်ထိ ထိန်းသိမ်းနိုင်ဖို့က ခက်တာအမှန်ပါပဲ”ဟု ဒီဂီက ဖွင့်ဟ ဝန်ခံခဲ့သည်။

ဂိုးသမားသစ်တစ်ဦး ရှာဖွေနေသော ယူနိုက်တက်သည် အသက် ၂၁ နှစ်အောက် စပိန်လက်ရွေးစင် ဂိုးသမားလေးအား ကာလရှည်ကြာစွာ ချိတ်ဆက်နေပြီး အသင်း၏ သမိုင်းတလျှောက် ဂိုးသမား တစ်ဦးအတွက် အမြင့်ဆုံး ဈေးနှုန်းတစ်ရပ်ဖြင့် ကမ်းလှမ်းရန် ပြင်ဆင်လျက်ရှိသည်။

ဒီဂီက ယူနိုက်တက်၏ စိတ်ဝင်စားမှုကို ကြိုဆိုသော်လည်း ပြီးခဲ့သည့် ဥရောပ ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် မိမိသည် ဘာစီလိုနာကိုသာ အားပေးခဲ့ကြောင်း ဖွင့်ဟခဲ့သည်။ “တခြား အမြင်မျိုးတော့ မရှိပါဘူး။ ယူနိုက်တက်နဲ့ ဘာစီလိုနာ တွေ့တဲ့အခါ စပိန်ကလပ်ဖြစ်တဲ့ ဘာစီလိုနာကိုပဲ အားပေးမိတာပါ”ဟု ဒီဂီက ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here