လစ်ဗျား​အား​ထိုး​စစ်ဆင်မှု ခန့်​မှန်း​သည်ထက် ပိုမိုကြာရှည်နိုင်​ကြောင်း​ ဗြိတိန်နိုင်ငံခြား​ရေး​ဝန်ကြီး​ပြောကြား​

alt

လစ်ဗျား​တွင် ထိုး​စစ်ဆင်နွှဲ​နေမှုများ​ မူလခန့်​မှန်း​သည်ထက် ကြာရှည်​နေနိုင်​ကြောင်း​ ဗြိတိသျှ နိုင်ငံခြား​ရေး​ဝန်ကြီး​ ဝီလျံဟိက ဝန်ခံ​ပြောကြား​လိုက်သည်။

ဗိုလ်မှူး​ကြီး​ မူအမ်မာ ဂဒါဖီ၏ တပ်များ​ကို ​လေ​ကြောင်း​မှ ထိုး​စစ်ဆင် တိုက်ခိုက်​နေမှုသည် လ​ပေါင်း​များ​စွာ ကြာရှည်ပြီး​ ခရစ်စမတ် ကာလထိ ​ရောက်လာနိုင်​ကြောင်း​ ဟိကဆိုသည်။ လစ်ဗျား​ကို ​လေ​ကြောင်း​မှ တိုက်ခိုက်​နေမှုများ​သည် ယခုအချိန်ထိ အပြည့်​အဝ ​အောင်မြင်ပြီး​မြောက်မှု မရှိ​သေး​ဟု ၎င်းက သုံး​သပ်ခဲ့​သည်။ လက်ရှိတွင် ဗြိတိန်နိုင်ငံသည် Apache တိုက်ခိုက်​ရေး​ ရဟတ်ယာဉ်များ​ကိုပါ ပို့​ဆောင်ကာ ထိုး​စစ်အရှိန်ကို မြှင့်​တင်​ဆောင်ရွက်လျက်ရှိသည်။

ခရစ်စမတ်ကာလ (နှစ်ကုန်ပိုင်း​)အထိ ​လေ​ကြောင်း​တိုက်ခိုက်မှုများ​ ပြုလုပ်​နေရခြင်း​ ရှိနိုင်မလား​ဆိုသည့်​ အလား​အလာနှင့်​ ပတ်သက်၍ သတင်း​ထောက်များ​က ​မေး​မြန်း​ခဲ့​ရာ ဟိက မည်သည့်​ကိစ္စမဆို ဖြစ်နိုင်သည်ဟု ​ဖြေကြား​ခဲ့​သည်။ BBCနှင့်​ အင်တာဗျူး​တွင် ဟိက ထရီပိုလီမြို့​တော်သို့​ ​လေ​ကြောင်း​မှ ထိုး​စစ်ဆင်​နေမှုများ​ ဆက်လက်ပြုလုပ်​နေ​သော်လည်း​ အီရတ်တွင် ဖြစ်ခဲ့​သော အမှား​မျိုး​ ထပ်မံကျူး​လွန်မည် မဟုတ်​ကြောင်း​ ​ပြောကြား​သွား​သည်။

ထို့​အပြင် စစ်ဆင်​ရေး​တွင် ဗြိတိန်စစ်ဖက်၏ ပါဝင်ပတ်သက်မှုကို အစဉ်တစိုက် ​လေ့​လာ​စောင့်​ကြည့်​နေမည်ဟုလည်း​ ဟိကဆိုသည်။ လက်ရှိတွင်မူ လစ်ဗျား​တွင် ဂဒါဖီကို စွန့်​ခွာပြီး​ ဘက်​ပြောင်း​ခိုလှံုလာသည့်​ ဗိုလ်ချုပ်အ​ရေအတွက် တစ်စထက်တစ်စ တိုး​ပွား​လာလျက်ရှိ​နေပြီး​ ဂဒါဖီ၏ စစ်အင်အား​သည် အလွန်ဆုတ်ရုတ်ကျဆင်း​လာ​ကြောင်း​ သတင်း​ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here