NATOစစ်မဟာမိတ် အဖွဲ့​ကို ဗြိတိန်အထူး​တပ်ဖွဲ့​ SAS အမှုထမ်း​​ဟောင်း​များ​ ပါဝင်​ကူညီ​ပေး​နေ

alt

လစ်ဗျား​တွင် စစ်ဆင်​ရေး​ ပြုလုပ်​နေသည့်​ NATOစစ်မဟာမိတ် အဖွဲ့​ကို ဗြိတိန်အထူး​တပ်ဖွဲ့​ SAS အမှုထမ်း​ဟောင်း​များ​ ပါဝင်ကူညီ​ပေး​နေ​ကြောင်း​ သတင်း​များ​ကဆိုသည်။

SASစစ်သား​ဟောင်း​များ​အပြင် အ​နောက်နိုင်ငံများ​မှ ပုဂ္ဂလိက လုံခြံု​ရေး​ ဝန်​ဆောင်မှု လုပ်ငန်း​များ​၏ လက်နက်ကိုင်များ​ပါ လစ်ဗျား​စစ်ဆင်​ရေး​တွင် ပါဝင်လျက်ရှိ​ကြောင်း​ Guardianက ​ဖော်ပြခဲ့​သည်။ SASအထူး​တပ်ဖွဲ့​ဝင်များ​ကို အာရပ်နိုင်ငံများ​က ငှား​ရမ်း​ခြင်း​ ဖြစ်နိုင်ပြီး​ အဓိကအား​ဖြင့်​ ကာတာက ​ငွေ​ကြေး​ထောက်ပံ့​ခဲ့​ကြောင်း​ သတင်း​စာကဆိုသည်။

၎င်းတို့​သည် လစ်ဗျား​၏ တတိယ အကြီး​ဆုံး​မြို့​ဖြစ်သည့်​ မစ်ရာတာ ဆိပ်ကမ်း​မြို့​အနီး​ လှုပ်ရှား​နေ​ကြောင်း​လည်း​ သိရသည်။ မစ်ရာတာတွင် အစိုး​ရ ဆန့်​ကျင်​ရေး​ အင်အား​စုများ​နှင့်​ အာဏာရှင် ဗိုလ်မှူး​ကြီး​ မူအမ်မာ ဂဒါဖီကို အား​ပေး​ထောက်ခံ​သော သစ္စာ​တော်ခံတပ်များ​ အပြင်း​အထန် တိုက်ပွဲဖြစ်ပွား​နေဆဲဖြစ်သည်။

အဓိကအား​ဖြင့်​ SASစစ်သား​ဟောင်း​များ​သည် ပြင်သစ်နှင့်​ ဗြိတိသျှ တိုက်ခိုက်​ရေး​ ရဟတ်ယာဉ်များ​အား​ ပစ်မှတ်ညွှန်ကြား​ပေး​ရန် တာဝန်ယူရခြင်း​ ဖြစ်နိုင်​ကြောင်း​ Guardianကဆိုသည်။ လက်ရှိတွင် ဗြိတိန်၏ AH-64 Apache ရဟတ်ယာဉ် ၄ စင်း​နှင့်​ ပြင်သစ်မှ Eurocopter Tiger ရဟတ်ယာဉ် ၁၂ စင်း​တို့​ လစ်ဗျား​စစ်ဆင်​ရေး​တွင် ပါဝင်ဆင်နွှဲ​နေ​ကြောင်း​လည်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here