အပျိုရည် အဖျက်​ခံရတဲ့​ မန္တ​လေး​​နဲ့​ ဂန္ဓရာဇ်​​မျော့​​ဖြူ​ကြီး​​များ​

ဆောင်းပါဒသရုပ်ဖေါ်ပုံ  © မင်းကျော်

​ကျောက်ဆည်ကို​ကျော်ပြီး​ စစ်ကိုင်း​၊​ ပုလိပ် တစ်ဝိုက်​ရောက်ပြီဆိုရင် ရထား​ပေါ်က​နေ ထုံး​ဖွေး​ဖွေး​နဲ့​

စစ်ကိုင်း​တောင်ကို လှမ်း​မြင်​နေရပြီ။ မြစ်ငယ်တံတား​ကျော်ပြီး​လို့​ တစ်​အောင့်​လောက် ရှိရင် ​ရေ​ဖွေး​ဖွေး​နဲ့​ ​တောင်သမန်အင်း​လယ်ထဲမှာ ဦး​ပိန်တံတား​ကို မှုန်ပြပြ မြင်ရပြီ။ တန်ခွန်တိုင်ရွာ၊​ မြို့​ဟောင်း​၊​ ရှမ်း​စု အစဉ်အတိုင်း​ အမြန်ရထား​ကြီး​ တဂျိုင်း​ဂျိုင်း​ ဝင်လာသံနဲ့​အတူ ကျွန်​တော့်​ နှလုံး​သား​လည်း​ တဒိန်း​ဒိန်း​ ခုန်လာခဲ့​ပြီ။ ဪ မန္တ​လေး​ရောက်​တော့​မှာကိုး​။

ကျွန်​တော် လူမှန်း​သိတတ်စအထိ​တော့​ မန္တ​လေး​က အပျိုစင် စစ်စစ်ပါ။ မြန်မာမှု၊​ မြန်မာ့​ ဓ​လေ့​ ​တွေနဲ့​ ထုံမွှမ်း​ခဲ့​တဲ့​မြို့​။ မြန်မာ့​ယဉ်​ကျေး​မှု သုခုမ အနုပညာ ဝတ်ရုံကို တခမ်း​တနား​ခြံုပြီး​ လှချင်တိုင်း​ လှခဲ့​တဲ့​မြို့​၊​ ဗုဒ္ဓသာသနာ​ရောင်ဝါ ထိန်ထိန်သာလို့​ ရှုမညီး​အောင်လှတဲ့​မြို့​၊​ ရှမ်း​ရိုး​မ၊​ ငရံ့​ပင်း​တောင်၊​ မန္တ​လေး​တောင်၊​ မင်း​ဝံ​တောင်တန်း​ကြီး​တွေက ငုံ့​ကြည့်​ပြီး​ ​ငေး​ယူရ​လောက်​အောင် အပျို​သွေး​ သန့်​သန့်​နဲ့​ လှလွန်း​တဲ့​မြို့​၊​ ယဉ်​ကျေး​ဖော်​ရွေ၊​ ပျူပျူငှာငှာ ပီယဝါစာ ဆိုတတ်တဲ့​မြို့​၊​ သဒ္ဓါ့​တရား​ ထက်သန်ပြီး​ အလှူအတန်း​ ရက်​ရောတဲ့​မြို့​ပါ။

အဲ့​ဒီလောက် အဆင်း​ရော အချင်း​ရော ပြည့်​စုံတဲ့​ အပျိုစင် မန္တ​လေး​ဟာ စစ်အာဏာရှင် ​ခေတ်တစ်​လျှောက်လုံး​၊​ ကျွန်​တော်တို့​ မျက်စိ​ရှေ့​မှာတင် တစတစ အပျိုရည်အဖျက်ခံရတာကို ရင်နာနာနဲ့​ အံကြိတ်ကြည့်​ခဲ့​ရတယ်။

ရဟန်း​ရှင်လူ မြို့​ခံလူထုကြီး​ စု​ဝေး​ပေါင်း​စုံ​လေ့​ရှိတဲ့​ မန်း​ရာပြည့်​ကွင်း​ကြီး​ဆိုတာ အခု​တော့​ ရတနာပုံ​တိရိစ္ဆာန်​ဥယျာဉ်ဖြစ်သွား​ပြီ။ ​ကျောက်​တော်ကြီး​​ဘုရား​ပွဲဆိုရင် မန္တ​လေး​​အနီး​တဝိုက် ရွာ​တွေက ပွဲလာသူ​တွေနဲ့​ လှည်း​ဝိုင်း​ကြီး​တွေ၊​ ပွဲ​ဈေး​တန်း​တွေနဲ့​ စည်ကား​လေ့​ရှိခဲ့​တဲ့​ မင်း​တုန်း​မင်း​ကြီး​ ​ကောင်မှု​တော် သုဓမ္မာဇရပ်တန်း​တွေဆိုတာ ပက်ပက်စက်စက် လစ်လျူရှုခံရ​တော့​ မြက်ရိုင်း​တော​တွေကြား​မှာ ​ဆွေး​မြေ့​​ယိုယွင်း​နေခဲ့​ပြီ။ အရင်တုန်း​က ကြာမျိုး​စုံ၊​ ​ဗေဒါပြာ၊​ ဘဲစာ​တွေနဲ့​ ပန်း​ချီကား​တစ်ချပ်လို မှုန်​နေ​အောင်လှခဲ့​ဘူး​တဲ့​ ​ရေ ကျံုး​ဆိုတာ အင်္ဂ​တေ​တွေ မံ၊​ ထုံး​တွေရန် ထား​တော့​ နဂို​အလှပျက်သွား​ပြီ။ နန်း​မြို့​ရိုး​နဲ့​ ပြအိုး​ပြသာဒ်​တွေဆိုတာလည်း​ ​ရှေး​မူမပျက် မထိန်း​သိမ်း​ဘဲ ပြိုကျတဲ့​ ​နေရာ​​တွေသာ အခု​ခေတ်သုံး​ အ​ပေါစား​အုပ်ချပ်​တွေနဲ့​ ဖာ​ထေး​ထား​တော့​ အပျိုမ​လေး​ မျက်နှာမှာ ​ပွေး​ဝဲယား​နာ စွဲ​နေသလိုမျိုး​ ဖြစ်သွား​တော့​တာ​ပေါ့​။

မန္တ​လေး​မြို့​ကြီး​ သိသိသာသာ အပျိုရည် ပျက်​စေတဲ့​ အဖြစ်အပျက်​တွေက​တော့​ ၁၉၈၁ နဲ့​ ၁၉၈၄ ခုနှစ်မှာ ဖြစ်ပွား​ခဲ့​တဲ့​ မီး​လောင်မှုကြီး​နှစ်ခုဘဲ။ မြို့​လည်ခေါင်​တစ်ခုလုံး​နီး​ပါး​ ​ပြောင်တလင်း​ ခါသွား​စေတဲ့​အပြင် ၊​ မန္တ​လေး​ မြို့​နေရွာခံ ဇာတိသား​စစ်စစ်​တွေ မြို့​ပြင် အ​ရှေ့​တောင်အရပ်က ပဲဖြူကုန်း​ သိုး​ခြံ စတဲ့​ မြို့​သစ်ဘက် ​ရောက်ကုန်​စေခဲ့​တယ်။ အဲ့​ဒီအချိန်ကစလို့​ မန္တ​လေး​မြို့​လယ်မှာ ​မျော့​ဖြူကြီး​တွေ စ​ရောက်လာခဲ့​တော့​တာဘဲ။ မြို့​လယ်က ​ကောင်း​ပေ့​ ညွန့်​ပေ့​ဆိုတဲ့​ တိုက်မြင့်​ကြီး​ ​တွေ ကြည့်​လိုက်ရင် အဲ့​ဒီ​မျော့​ဖြူကြီး​တွေဘဲ ကပ်​နေတာ ​တွေ့​ရလိမ့်​မယ်။

မန္တ​လေး​ အပျိုရည် အဖျက်ခံရတာ နဝတနဲ့​ နအဖ လက်ထက်မှာ အဆိုး​ဆုံး​ဘဲ။ တစ်မြို့​လုံး​ ​နေရာအနှံ့​ မာလာငါး​ဟင်း​ဆိုင်၊​ ယူနန်အသား​ကင်နဲ့​ ​ဟော့​ပေါ့​ဆိုင်​တွေဆိုတာ မမြင်ချင်အဆုံး​။ မနက်ခင်း​စော​စော ကျံုး​ဘေး​ဖက် လမ်း​လျှောက်​လျှောက်၊​ ၆၂ လမ်း​ဘေး​ပဲ ​ပြေး​ပြေး​၊​ အသား​နီ စပ်စပ် ​ခေတ်ပျက်မှာ သူ​ဌေး​ဖြစ်လာပုံရတဲ့​ ​မျှော့​ဖြူကြီး​တွေဆိုတာ မနည်း​ရှောင်ယူ​နေရပြီ။ ၂၆ ဘီလမ်း​ အတိုင်း​ အ​ရှေ့​ဖက်ကို ​ထောင်တက်လိုက်​တော့​ ​အောင်ပင်လယ်ဖက် မ​ရောက်ခင် ​ဘေး​လမ်း​တွေထဲ ဝင်ကြည့်​လိုက်ပါ။ သံတံခါး​အမြင့်​ကြီး​တွေ၊​ အုတ်တံတိုင်း​အမြင့်​ကြီး​တွေ ကာရံ ထား​တဲ့​ ဝင်း​ကြီး​တွေ အများ​အပြား​ ​တွေ့​ရလိမ့်​မယ်။ သိန်း​ပေါင်း​ ​သောင်း​ဂဏန်း​ထိ ​ပေါက်​နေတဲ့​ အဲ့​ဒီလို ​နေရာမျိုး​တွေကို လွယ်လင့်​တကူ ဝယ်နိုင်တဲ့​ ​ငွေ​ကြေး​တွေ ဒီ​မျော့​ဖြူကြီး​တွေ ဘယ်ကရ ကြသလဲ။ ကျွန်​တော်တို့​ တိုင်း​ပြည်ရဲ့​ အ​သွေး​အသား​၊​ အဆီအနှစ်​တွေကို အာဏာပိုင်​တွေနဲ့​ ​ပေါင်း​ပြီး​ စုပ်ယူ​နေကြတာ အား​လုံး​အသိပဲ။

မြေ​ပေါ် ​မြေ​အောက် သယံဇာတဆို ​ရေနံ၊​ ဓါတ်​ငွေ့​၊​ ​ကျောက်မျက်ရတနာက စလို့​ ပယ​ဆေး​၊​ မန်ကျီး​စေ့​၊​ ဆီး​စေ့​တောင်​မချန်​ဘူး​။ ထိန်း​သိမ်း​​အပ်တဲ့​ သဘာဝ​​တော​​ကောင်ကြီး​တွေ​တင်မက ဖွတ်၊​ ပတတ်၊​ ဖား​၊​ ​မြွေ၊​ ကင်း​၊​ လိပ် ​တောင် ချမ်း​သာ​မ​ပေး​ကြဘူး​။ အခုဆို အကုန်ရှား​ပါး​ကုန်ပြီ။

ကိုယ့်​နိုင်ငံက အဖိုး​တန် အ​သွေး​အသား​တွေကို ​ပေါ​ချောင်​ကောင်း​ စုပ်ယူ​နေတဲ့​ ဒီ​မျော့​ဖြူ ကြီး​တွေဆီက ဘာ​တွေရသလဲ။ ပြန်ကြည့်​​လိုက်ပါဦး​။ စား​သုံး​ဖို့​ သင့်​တော်ခြင်း​ ရှိ-မရှိ။ ​ရေတို ​ရေရှည် ကျန်း​မာ​ရေး​အတွက် သင့်​တော်မှု ရှိ-မရှိ မ​သေချာတဲ့​ အ​ခြေခံ စား​သောက်ကုန်နဲ့​ ​ဆေး​ဝါး​တွေ၊​ အရည်အ​သွေး​​နိမ့်​တဲ့​ ကျီး​အာသီး​လို လူသုံး​ကုန်ပစ္စည်း​တွေ ပြန်ရတာပဲ။ အဆိုး​ဆုံး​က​တော့​ အာဏာပိုင်​တွေကို ​ပေး​ကမ်း​ပြီး​ စိတ်ကြွ​ဆေး​၊​ မူး​ယစ်​ဆေး​ဝါး​တွေ တစ်​ခေါက်သယ်လာရုံနဲ့​ သိန်း​သောင်း​ ဂဏန်း​ချီ ပွနိုင်​တော့​ မန္တ​လေး​မြေကွက်​တွေ မတန်မဆ ​ဈေး​ပေး​ ဝယ်နိုင်တာ မဆန်း​ လှပါဘူး​။ ဒီ​မျော့​ဖြူကြီး​တွေဟာ မသာအိမ် ဖဲလိမ်ရိုက်​နေကြတာပဲ။

ဗမာ​တွေ ကိုယ့်​အရိုး​နဲ့​ ကိုယ်ပြန်အထိုး​ခံ​နေကြရတာ။ ကိုယ့်​ဆီကထွက်တဲ့​ ကုန်ကြမ်း​နဲ့​ လုပ်ထား​တဲ့​ ပစ္စည်း​တွေ ​ဈေး​ကြီး​ပေး​ဝယ်သုံး​နေရတာ မဟုတ်လား​။ အုပ်ချုပ်သူ​တွေ အသုံး​မကျ ​တော့​၊​ တိုင်း​ပြည်မှာ ကုန်ထုတ်လုပ်မှု (production) မယ်မယ်ရရ မရှိဘူး​။ ကုန်​ချော​တွေ မထုတ် နိုင်ဘူး​ မဟုတ်လား​။

အိုသွား​တဲ့​ဈေး​ချို

မန္တ​လေး​ရဲ့​ အ​ဝေး​ရောက်သား​ဖြစ်တဲ့​ ကျွန်​တော့်​အဖို့​တော့​ အခွင့်​သာလို့​ အလည် တစ်​ခေါက် ပြန်တိုင်း​ ​ဈေး​ချို​တော့​ မ​ရောက်​ရောက်​အောင် သွား​တယ်။ ရုံကြီး​တွေထဲ ဟိုဝင် ဒီထွက်နဲ့​ ​မောသွား​အောင်ကြည့်​ပြီး​မှ မန္တ​လေး​နန်း​ကြီး​သုတ် (သို့​) ခို​တောင်မုန့်​တီသုတ်စား​၊​ ​ရွှေရင်​အေး​ ​သောက်၊​ အုန်း​နို့​ကျောက်​ကျောစား​ပြီး​ရင် အရီး​တောင်း​ လက်ဖက်သုတ်​လေး​ ဝယ်ပြီး​မှ အိမ်ပြန်တာ ထုံး​စံလို ဖြစ်​နေခဲ့​တယ်။

ဒါ​ပေမယ့်​ တစ်​ခေါက်ထက် တစ်​ခေါက် မန္တ​လေး​ဈေး​ချိုဟာ ပိုပိုပြီး​ ရုပ်ပျက်လာခဲ့​တာ သတိ ထား​မိတယ်။ အခုဆို မှတ်မိစရာ ဆိုလို့​ မန္တ​လေး​နာရီစင်တစ်ခုပဲ ကျန်​တော့​တယ်။ အဲ့​ဒီ နာရီစင် ​ဟောင်း​လေး​တော့​ မဖျက်ပါ​စေနဲ့​လို့​ဘဲ ဘုရား​တ​နေမိတယ်။ ​ဈေး​ချိုဟာ အပြင်ပန်း​​တင် ရုပ်ပျက် သွား​တာ မဟုတ်ဘူး​။ အတွင်း​အနှစ်သား​ရ​တွေဖြစ်တဲ့​ ယဉ်​ကျေး​ဖော်​ရွေမှု၊​ ပီယဝါစာ ​ပြောဆိုတတ်မှု စတဲ့​ ဂုဏ်ဒြပ်​တွေပါ ယုတ်​လျော့​ ​ပျောက်ဆုံး​ကုန်တာ ဝမ်း​နည်း​ဖွယ် ​တွေ့​မြင်ခဲ့​ရတယ်။

“ယဉ်ယဉ်​ကျေး​ကျေး​ မြန်မာဆန်သူ၊ အစဉ်မ​နှေး​ ​ဖော်​ရွေသူ”

ပျူပျူငှာငှာ ချစ်စရာ​ဈေး​ချိုသူ” ဆိုတဲ့​ သီချင်း​စာသား​လေး​နဲ့​ “​မောင်ကြီး​နှမ ကျား​ကိုက်ခံရ ပါ​စေ ရှင်၊​ ​ဈေး​မပို​စေရပါဘူး​” ဆိုတဲ့​ ​ဈေး​ဝယ်သူ ​မောင်ကြီး​ကို ဖမ်း​စား​နိုင်တဲ့​ အ​ပြောအဆို​လေး​တွေ ဒဏ္ဍာရီထဲမှာ ကျန်ရစ်ခဲ့​ပြီ။

ပြီး​ခဲ့​တဲ့​နှစ် ​ဈေး​ချို​ရောက်ခဲ့​တုန်း​က ထုံး​စံအတိုင်း​ အရီး​တောင်း​လက်ဖက် ဝင်ဝယ်ဖြစ်​တော့​ မျက်နှာခြင်း​ဆိုင်က အခြား​ဆိုင်တစ်ဆိုင်ရဲ့​ ဆဲဆိုကြိမ်း​မောင်း​ပြီး​ သူခိုး​ယိုး​စွပ်​နေတာ စိတ်မချမ်း​ ​မြေ့​ဖွယ် ကြံုခဲ့​ရတယ်။ ​ဈေး​ရောင်း​သူက ​ဈေး​ဝယ်ယူ (Customer) ကို ဒီလို​ပြောဆို ဆက်ဆံတာဟာ ဟိုအရင်​ခေတ် ဂုဏ်သတင်း​ကျော်​ဇောတဲ့​ ​ဈေး​ချိုသူရဲ့​ ပုံရိပ်ကို ရိုက်ချိုး​နင်း​ချေပစ်လိုက်တာပဲ။

မန္တ​လေး​ရဲ့​ ဓ​လေ့​ထုံး​စံများ​စွာနဲ့​ အထင်ကရ ပွဲ​တော်ကြီး​တွေ သမိုင်း​ဝင်​နေရာ ဌာနကြီး​ ​တော်​တော်များ​များ​ဟာ တိမ်မြှုပ်​ပျောက်ကွယ်လု နီး​နေပြီ။ အထင်ရှား​ဆုံး​ သာဓကက​တော့​ မန္တ​လေး​ သကြင်္န်ဘဲ။ ကျွန်​တော်တို့​ခေတ်တုန်း​က သကြင်္န်ဆိုတာ ယဉ်​ကျေး​စွာ ​ရေပက်သူကပက်၊​ စတုဒီသာ ​ကျွေး​သူက ​ကျွေး​၊​ ဇီဝိတဒါန ပြုသူကပြု၊​ သက်ကြီး​ရွယ်အို​တွေ ​ခေါင်း​လျှော် ​ခြေသည်း​လက်သည်း​ လှီး​သူက လှီး​၊​ သံချပ်ဆိုသူကဆိုနဲ့​ တစ်မြို့​လုံး​ ယဉ်​ကျေး​ပျော်ရွှင်စွာ စည်ကား​ခဲ့​တယ်။ အခု​ခေတ် မန္တ​လေး​သကြင်္န်ဆိုတာ ကျံုး​ဘေး​ပတ်လည် တစ်ဝိုက်မှာသာ ရိုင်း​စိုင်း​ယုတ်မာသူ​တွေ၊​ နှမချင်း​ မစာနာ မူး​ရစ် ရမ်း​ကား​တဲ့​ ပွဲ​တော်ကြီး​ ဖြစ်သွား​ပြီ။ လူ​ကောင်း​သူ​ကောင်း​တွေနဲ့​ ယဉ်​ကျေး​သူ​တွေ မန္တ​လေး​ သကြင်္န်ကို ရင်မခုန်ကြ​တော့​ဘူး​။

နိဂုံး​ချုပ် ​ပြောရရင် မန္တ​လေး​ဟာ အပျိုရည်အဖျက်ခံခဲ့​ရပြီ။ ပညာမဲ့​ပြီး​ အ​မျှော်အမြင်မရှိ၊​ ကိုယ်ကျင့်​သိက္ခာ မတည်ကြည်တဲ့​ အုပ်ထိန်း​သူရဲ့​ လက်​အောက်မှာ အမျိုး​ကောင်း​ သား​သမီး​တွေ အဖျက်ဆီး​ခံရတတ်တာ ဓမ္မတာဆို​ပေမယ့်​ ဖွတ်သထက် မညစ်ဖို့​၊​ အပျိုရည် ဆုံး​ပေမယ့်​ ပြည့်​တန်ဆာအဆင့်​ မ​ရောက်ဖို့​ ထိန်း​သိမ်း​ ​စောင့်​ရှောက်ရမှာ ကျွန်​တော်တို့​အား​လုံး​ရဲ့​ တာဝန် ဖြစ်တယ်။ ​မျှော့​ဖြူကြီး​တွေရဲ့​ ​သွေး​စုပ်တာ မခံရဖို့​ အုပ်ချုပ်သူ​တွေမှာ အဓိက တာဝန်ရှိသလို ပြည်သူ ပြည်သား​တိုင်း​ ဝံသာနုရက္ခိတတရား​တွေ လက်ကိုင်ထား​ကြဖို့​ လိုတယ်။ ကိုယ့်​သမီး​ကို အပျိုရည် ပျက်​စေရုံမက ပြည့်​တန်ဆာဘဝ ​ရောက်​အောင် ​ရောင်း​စား​မယ့်​ ပ​ထွေး​ဆိုး​လို အုပ်ချုပ်သူ အစိုး​ရ မင်း​ဆိုး​မင်း​ညစ်​တွေကို ရဲရဲဝံ့​ဝံ့​ ဆန့်​ကျင်တွန်း​လှန်ရမှာ နိုင်ငံသား​တိုင်း​ရဲ့​ ​မွေး​ရာပါ တာဝန်တစ်ရပ်ဘဲ ဆိုတာ တင်ပြတိုက်တွန်း​ လိုက်ပါတယ်။

တာဝန်​ကျေပွန်​သော နိုင်ငံသား​တိုင်း​အား​ ဦး​ညွတ်လျက်

လေး​စား​စွာဖြင့်​

မင်း​ကောင်း​ချစ်

LEAVE A REPLY

Please enter your comment!
Please enter your name here