အာဖဂန်နိုင်ငံ အကျဥ်းထောင်မှ အကျဥ်းသား ၅၀၀ ခန့် ထွက်ပြေးသွား

alt

အာဖဂန်နစ္စတန်နိုင်ငံရှိ အကျဥ်းထောင် တစ်ခုမှ တာလီဘန် စစ်သွေးကြွ အကျဥ်းသား ၅၀၀ မျှထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

ဧပြီလ ၂၅ ရက်နေ့ အစောပိုင်းက ကန်ဒါဟာရှိ အကျဥ်းစခန်းမှ တာလီဘန်များ ထွက်ပြေးလွတ်မြောက်သွားခြင်းသည် အကြမ်းဖက်သမားများအတွက် အောင်ပွဲတစ်ခု ဖြစ်လာသော်လည်း လုံခြံုရေး တပ်ဖွဲ့များအတွက် ဆိုးရွားသည့် ထိုးနှက်ချက်ကြီး ဖြစ်လာစေခဲ့သည်။

တာလီဘန် အကျဥ်းသားများသည် မီတာ ၃၅၀ မျှ အရှည်ရှိသော မြေအောက်ဥမင်မှတဆင့် ညအမှောင်ကို အကာအကွယ်ယူကာ လွတ်မြောက်သွားခြင်းဖြစ်သည်။ ယင်းဥမင်ကို ၅ လမျှ အချိန်ယူက ဖောက်လုပ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ထောင်အာဏာပိုင်များက ခန့်မှန်းသုံးသပ်ခဲ့သည်။ အာဖဂန် သမ္မတ ဟာမစ်ကာဇိုင်း၏ ပြောရေးဆိုခွင့်ရ အရာရှိ ဝါဟိအိုမာက ယင်းဖြစ်ရပ်သည် လုံခြံုရေး အာဏာပိုင်များအတွက် ကပ်ဆိုးတစ်ခုအဖြစ် ငြီးတွားပြောဆိုခဲ့သည်။

တာလီဘန်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ယူဆွတ်အာမာဒီက လူ ၅၀၀ ကျော် လွတ်မြောက်သွားခြင်းအတွက် စစ်တပ်ကို လှောင်ပြောင်ခဲ့ပြီး ယင်းတို့အနက် ၁၀၆ ဦးသည် တာလီဘန်တို့အတွက် အရေးပါသည့် အရာရှိများဖြစ်ကြောင်း ပြောဆိုသွားသည်။

ယခုအခါ လွတ်မြောက်လာသူအားလုံး ဘေးကင်းလုံခြံုစွာ ရှိနေကြောင်း ပြောကြားသွားသည်။ အာဖဂန်တွင် တာလီဘန်တို့ ထောင်ဖောက်ပြေးမှုများသည် ယခုကိစ္စ မတိုင်မီကတည်းက ရှိခဲ့ပြီးဖြစ်သည်။ ၂၀၀၈ ခုနှစ်ကလည်း ယင်းအကျဥ်းထောင်မှပင် လူ ၁၀၀၀ ကျော် ထွက်ပြေးလွတ်မြောက်ခဲ့ရာ တာလီဘန် ၄၀၀ ကျော် ပါရှိခဲ့ကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here