ကမ္ဘာ့​အထင်ရှားဆုံး အကြမ်းဖက်​ခေါင်းဆောင်​ဘင်လာဒင် သေဆုံး

alt

ကမ္ဘာပေါ်တွင် အထင်ရှားဆုံး အကြမ်းဖက်ခေါင်းဆောင်ကြီး အိုစမာဘင်လာဒင် သေဆုံးသွားပြီဟု သိရသည်။ အမေရိကန် သမ္မတ ဘာရတ်အိုဘားမားက ၂၀၀၁ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့က နယူးယောက်မြို့တွင် ဖြစ်ပွားခဲ့သည့် WTC အဆောက်အအုံ အကြမ်းဖက် တိုက်ခိုက်မှုကြီးကို ကြိုးကိုင်ခဲ့သည့် အယ်ကိုင်ဒါ အဖွဲ့ခေါင်းဆောင်ကြီး သေဆုံးသွားပြီဟု အတည်ပြု ကြေညာခဲ့သည်။

အမေရိကန် ရေတပ်အထူးတပ်ဖွဲ့ဝင်များ၏ ပါကစ္စတန်တွင် ဝင်ရောက်စီးနင်းကာ ဘင်လာဒင်အား အသေဖမ်းဆီးရမိခဲ့ကြောင်း သတင်းကို အိုဘားမားက အတည်ပြု ပြောကြားစဥ် အမေရိကန်ပြည်သူ ထောင်ပေါင်းများစွာတို့သည် အိမ်ဖြူတော်ရှေ့တွင် လာရောက်ကာ စုရုံးခဲ့ကြသည်။

အိုဘားမားက ဘင်လာဒင်အား သုတ်သင်နိုင်ခဲ့ခြင်းသည် လူ့သမိုင်းတွင် ဂုဏ်သိက္ခာနှင့် လူသားဆန်မှုတို့အတွက် မော်ကွန်းဝင်မည့် လုပ်ဆောင်ချက်ဟု ပြောဆိုသွားသည်။ အမေရိကန် တပ်ဖွဲ့ဝင် အနည်းငယ်သည် ပါကစ္စတန် အနောက်မြောက်ပိုင်းရှိ ဘင်လာဒင် ခိုအောင်းနေရာ တစ်ခုကို ၀င်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြောင်း၊ ကျေနပ်ဖွယ် ကောင်းစွာပင် မည်သည့်အမေရိကန်စစ်သားမှ ဒဏ်ရာမရခဲ့သလို အရပ်သားများလည်း သေဆုံးမှု မရှိကြောင်း အိုဘားမားက ထည့်သွင်းပြောဆိုသွားသည်။

အမေရိကန်သည် ရန်သူတော် ဘင်လာဒင်ကို သမ္မတ နှစ်ဆက်ပြောင်းပြီး ဆယ်နှစ်နီးပါးအကြာမှ လက်စားချေနိုင်ခဲ့ခြင်းဖြစ်သည်။ အမေရိကန် စစ်ရဟတ်ယာဥ်နှစ်စင်းဖြင့် လိုက်ပါလာသည့် အထူးတပ်ဖွဲ့ဝင် ၂၀ မှ ၂၅ ဦးခန့်သည် ဘင်လာဒင် ခိုအောင်းနေသော နေရာကို ၀င်ရောက်စီးနင်း တိုက်ခိုက်ပြီး အပြန်အလှန် ပစ်ခတ်ကာ ဘင်လာဒင်နှင့် ၎င်း၏ဆွေမျိုး အချို့ကို သတ်ဖြတ်နိုင်ခဲ့သည်။

ကွယ်လွန်ခဲ့ပြီဖြစ်သည့် ဘင်လာဒင်၏ ညီမဖြစ်သူထံမှ ရယူထားသော DNAဖြင့် တိုက်ဆိုင်စစ်ဆေးပြီးနောက် ဘင်လာဒင် အမှန်တကယ် သေဆုံးပြီဟု အမေရိကန်က ကြေညာခဲ့သည်။ ၎င်း၏ ရုပ်အလောင်းကို အမေရိကန်တို့က လက်ဝယ်ထိန်းသိမ်းထားဆဲဖြစ်သည်။ အိုဘားမားက ဘင်လာဒင် သေဆုံးမှုကို ကမ္ဘာသိ ကြေညာခဲ့ပြီးနောက် ကမ္ဘာ့နိုင်ငံခေါင်းဆောင် များစွာတို့က ဘင်လာဒင် သေဆုံးမှုနှင့်အတူ အကြမ်းဖက်မှုများ ချုပ်ငြိမ်းသွားစေရန် ဆန္ဒပြုခဲ့ကြကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here