အိုင်ဗ​ရီကို့စ် သမ္မတ လောရင့်ဂျီ​ဘက်ဘိုက အရှံုးပေးမည်​​​မဟုတ်ဟု ပြောကြား

alt

 အိုင်ဗရီကို့စ် သမ္မတ လောရင့်ဂျီဘက်ဘိုက ၎င်းအနေနှင့် အရှုံးပေး လက်လျှော့မည် မဟုတ်ဟု    ပြောကြားလိုက်သည်။

ရွေးကောက်ပွဲတွင် အရေးနိမ့်သော်လည်း အာဏာလွှဲပေးရန် ငြင်းဆန်ခဲ့သည့် ဂျီဘက်ဘိုမှာ ရွေးကောက်ပွဲ အနိုင်ရသူ အလက်ဆိန်း အော့တာရာအား ထောက်ခံသည့်တပ်များက ဝန်းရံပိတ်ဆို့မှုကို ခံနေရသည်။ အဘစ်ဂျန်မြို့တော်ရှိ ဘန်ကာတစ်ခုတွင် မိသားစုနှင့်အတူ ပိတ်မိနေသည့် ဂျီဘက်ဘိုအနေနှင့် လက်နက်ချရေး ဆွေးနွေးမှုများ ပြုလုပ်တော့မည်ဟု ခန့်မှန်းချက်များအား ၎င်းက ပယ်ချလိုက်သည်။

လက်ရှိတွင် ဂျီဘက်ဘို၏ ဩဇာခံ တပ်များသည် ၎င်းအား စွန့်ခွာထွက်ပြေးကုန်ပြီဖြစ်သည်။ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး အလိန်းဂျူပီက ဂျီဘက်ဘို အရေးနိမ့်သွားချိန်တွင် အိုင်ဗရီကို့စ် နိုင်ငံရေး တည်ငြိမ်သွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သော်လည်း သမ္မတ ဂျီဘက်ဘိုက ခေါင်းမာမာဖြင့် လက်လျှော့ရန် အစီအစဥ်ကို ငြင်းဆန်နေဆဲဖြစ်သည်။ BBCနှင့် အင်တာဗျူးတွင် ဂျီဘက်ဘိုက ၎င်း၏ လုပ်ရပ်မှာ မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မှုတစ်ခုဟု မယူဆကြောင်းလည်း ပြောဆိုသွားသည်။

၎င်းက ပြင်သစ်နိုင်ငံသည် အိုင်ဗရီကို့စ်အား စစ်ကြေညာသည့် လုပ်ရပ်ကို ဆောင်ရွက်ခဲ့ကြောင်း စွပ်စွဲသွားသည်။ ဂျီဘက်ဘို၏ တပ်ဖွဲ့များကို ပြင်သစ်နှင့် ကုလသမဂ္ဂ တပ်များက စုပေါင်းတိုက်ခိုက်မှုကို ရည်ညွှန်းပြီး ယခုလို ပြောဆိုခဲ့ခြင်းဖြစ်သည်။ BBCက အဘစ်ဂျန် မြို့တော်တွင် တိုက်ပွဲများ အလွန်ပြင်းထန်လာချိန်အတွင်း မြို့ခံများသည် အထူးတုန်လှုပ် ခြောက်ခြားလျက် ရှိနေကြောင်းလည်း ဖော်ပြသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here