အရပ်​ထဲက ဗြုတ်​စဗြဲ​​တောင်း​ (၂)

ဆောင်းပါး သရုပ်ဖေါ် © မင်း​​ကျော်

​ကဲ….ဒီတပတ်​တော့​ ဘာ​တွေများ​ ထူး​ခြား​သလဲဆိုပြီး​ မြန်မာပြည်တခွင်ကို ပြဲပြဲစင်​အောင် ကြည့်​ချေဦး​မှ။ ပြီး​ခဲ့​တဲ့​အပတ်က​တော့​ ပြည်တွင်း​ကော ပြည်ပ​ကော ကြည့်​လိုက်တာများ​ စိတ်ကို ​မော​ရောဗျ။

​ကြည့်​ဦး​လေဗျာ….​ရွှေ​ပြောင်​ပြောင် ​နေပူ​တော်က အ​ဆောက်အအုံကိစ္စ​ကော၊​ တိုင်း​ရင်း​သား​တွေများ​ တိုက်​တော့​ ခိုက်​တော့​မလား​ဆိုပြီး​ ​ငေး​ငေး​ကြည့်​ရတာ တဖုံ၊​ ​ဒေါ်လှအပြား​က ၁၅ ပြား​မက တန်​နေ​တော့​ အသား​ငမ်း​ငမ်း​ဖြစ်​နေတဲ့​ ကို​ရွှေ မြန်မာ​တွေက တသွယ်….။

​ဪ….ဒါတင်လား​….ဟိုအ​ရေခြံု၊​ ဒီအ​ရေခြံုနဲ့​ ဘုရား​ဒကာလုပ်ချင်သပါ့​ဆိုတဲ့​ တိရစ္ဆာန်တပိုင်း​ ကြံ့​ဖွတ်ဂိုဏ်း​သား​တွေလည်း​ စုံလို့​ပေါ့​….။

​ကဲ….ဒီ​တော့​ ဘာ​တွေများ​ ဖြစ်​နေလဲဆိုရင် မိဘအ​ဆွေ ညီအစ်ကို​မောင်နှမအများ​ သိချင်ကြ​ရော့​ မယ်… ကိုရင်လွန်း​မောင်လည်း​ တတ်သည့်​ ပညာ မ​နေသာဆိုသလို အသာအယာ ​ခေါင်း​လေး​လှည့်​လိုက်ရင် ဖြင့်​…..။

​အောင်မ​ငေး​ရဲ့​….​အောင်မ​ငေး​ရဲ့​….

​ဖြုတ်….ထုတ်….သတ်…..

​အဲ​လေ…. ဖြုတ်….ထုတ် …..

​တော်ပါ​သေး​ရဲ့​ ​နောက်က “သတ်” က​လေး​ တလုံး​ ပြုတ်သွား​လို့​….။

​ပရိသတ်ကြီး​ လန့်​မသွား​နဲ့​နော်။ ကဒါဖီက သူ့​ပြည်သူ​တွေကို ​လေယာဉ်နဲ့​ လိုက်ပစ်​နေတာ ဟုတ်ဘူး​ဗျ….။ ဒီမိုက ​ရေစီး​ အဲ​လေ….ဒီမိုက​ရေစီအတွက်ဆိုပြီး​ လုပ်​နေကြတဲ့​ ဒိုး​နာအလိုကျ ​ဒေါ်လှအပြား​ စား​ အတိုက်အခံ​တွေဗျ….။

​ဘ​လော့​ဂ်တကာ ဘ​လော့​ဂ်​တွေမှာလည်း​ ဒီသတင်း​တွေက ​လေတင်း​လို့​ ​ဖောင်း​လာတဲ့​ ပူ​ဖောင်း​လိုပါကလား​….။

​မတရာဘူး​…..

​နည်း​လမ်း​မကျဘူး​…..

​ဘယ်လိုမျိုး​ အဖွဲ့​အစည်း​ ​ပေါ်လစီ….

​အောင်မ​လေး​နော်….လန့်​စရာ စကား​လုံး​တွေနဲ့​ ​လေလှိုင်း​ပေါ်က​နေ အပြန်အလှန်ကို တိုက်ခိုက်​နေ ကြတာများ​….ကဒါဖီရဲ့​တိုက်​လေယာဉ်​လေများ​လား​ဘဲ….

​ခု​တော့​ ​နောက်တမျိုး​နဲ့​ ကိုကိုမီဒီယာတို့​ရယ်….ဘယ်အတွက်​လေများ​ ကဒါဖီကို အား​ကျရသတုန်း​။

​ကဲ….ထား​ချေ​တော့​….စစဖွင့်​ခြင်း​….အမင်္ဂလာစတယ်ဆိုပြီး​ ကိုရင်လွန်း​မောင်ကို ပရိသတ်ကြီး​ ​မေတ္တာ ပို့​ချေ​တော့​မယ်….

​​နောက်တဖက်လှည့်​စို့​ဗျို့​….

​အလား​လား​…..မင်္ဂလာရှိလိုက်တဲ့​ မြင်ကွင်း​…. ပင်လယ်ကမ်း​ခြေသွား​ပြီး​ မ​ပေါ်တ​ပေါ် ဘီကနီနဲ့​ ပျို​ချေတသိုက်ကို ​ငေး​လိုက်ရတာထက်ကို​တောင်မှ မင်္ဂလာရှိ​သေး​….။

​ဟဲ….ဟဲ….ဟဲ….

​ပရိသတ်ကြီး​ စိတ်ဝင်စား​မယ် ထင်ပါ့​။ တခြား​မဟုတ်​ချေဘူး​ဗျို့​….။

​မြန်ပြည်တလွှား​ မိုး​ဦး​စထွက်တဲ့​ မှို​တွေလို လူမှုအဖွဲ့​အစည်း​တွေပါကလား​….။

​ဘယ်​လောက်​တောင် မင်္ဂလာရှိလိုက်သလဲဗျာ….။ အစိုး​ရက​တောင် မလုပ်နိုင်တာကို လုပ်​နေကြပုံ များ​ ကိုယ်တတ်နိုင်တဲ့​ဘက်က လုပ်​နေကြပုံများ​ အား​ရဖွယ် ရှိလှပါ​ပေ့​။

​သာဓု ​ခေါ်သဗျို့​….။

​“​တော်….တိတ်….အခု တိတ်…. တိတ် ဆို တိတ်”

​အောင်မ​ငေး​ဗျာ….ငါ့​ဟာငါ အား​ရဖွယ်ကို ပလုပ်ပ​လောင်း​သံနဲ့​ ​ကြွေး​ကြော်တာကို ဘယ်သင်း​ကများ​ တား​နေတာတုန်း​။ ဒီငနဲ လာ​ချေဦး​။ ကဒါဖီစီပို့​ပြီး​ စစ်မှုထမ်း​ခိုင်း​ဦး​မယ်….။

​အလာ….ကိုယ်​ရောင်တဝင်း​ဝင်း​နဲ့​ ဘယ်သူများ​ ​အောက်​မေ့​တယ်….။ နာဂစ်တိုက်တုန်း​က ပါသွား​တဲ့​ သစ်ပင်​ပေါ်က ရုက္ခစိုး​ကြီး​ပါလား​….။

​“ဗျို့​….ရုက္ခစိုး​….ကျုပ်က ​ကောင်း​ရာ​ကောင်း​ကြောင်း​ အများ​ သာဓု​ခေါ်ရ​အောင် မျှ​ဝေ​နေတာကို ဘာ့​ဇာ​ကြောင့်​ တား​သနည်း​ဗျ။ ကိုယ်ရင့်​မှာက အရင်ဘဝက ကုသိုလ်​လေး​ ​ကောင်း​ခဲ့​လို့​ ရုက္ခစိုး​ဖြစ်ရပြီး​ ကုသိုလ်ကံအား​နည်း​လို့​ အပင်မဲ့​တာကို မမှတ်….။ သူများ​လုပ်​နေတာကို တား​ချင်ပြန်​သေး​သ​တေး​။ ဒီပုံနဲ့​တော့​ ​နောက်ဘဝ​တော့​ အပယ်လား​မယ်ဗျ….”

​“ဘာကွ….မင်း​ဟာက အပြင်မှာ​နေပြီး​ စွတ်ရမ်း​ချည်း​ ​အော်မ​နေနဲ့​….။ ဒင်း​တို့​ လုပ်​နေတာကို​ကော မင်း​ သိလို့​လား​ကွ….။ တယ်…. ငါ မ​ပြောလိုက်ချင်ဘူး​…. ​ပြောလိုက်ရင် နအဖကို​တောင် ဒူး​ထောက်ချင်စိတ် ​ပေါက်သွား​မယ်…. လူမှုအဖွဲ့​တွေကို နအဖက တင်း​ကျပ်တာကို မင်း​မှ နား​မလည်တာကိုး​….”

​“​အောင်မ​ငေး​ဗျ….ဘာ့​ဇာ​ကြောင့်​ ကျုပ်က နအဖကို ဒူး​ထောက်ချင်ရမှာလဲ….ဟုတ်ချင် ဟုတ်၊​ မဟုတ်ရင်​တော့​ နာဂစ်ထက်ဆိုး​တဲ့​ ဆူနာမီကို လွှတ်လိုက်ရမလား​….”

​“နာဂစ်ထက်ဆိုး​တာ ရှိရင် လွှတ်​စေကွာ….ဝက်ဖြစ်မှ​တော့​ မစင်​ကြောက်စရာ မလို​တော့​ဘူး​.အဲ​လေ နတ်ဖြစ်မှ​တော့​ အပင်မဲ့​လည်း​ မ​ကြောက်ဘူး​ကွာ….။ မင်း​ ဘာသိလို့​တုန်း​ကွ….။ အခုက လူမှု​ရေး​အဖွဲ့​ဆိုပြီး​ တကယ်လုပ်တဲ့​ အဖွဲ့​တွေကိုဖြင့်​ ငါ မ​ပြောလိုဘူး​။ ​အေး​…..ဒါ​ပေသိ လူမှု​ရေး​ဘန်း​ပြပြီး​ ​ပေး​သမျှ ​ဒေါ်လှအပြား​ ​ကောက်သိမ်း​နေတဲ့​သူ​တွေကို ​ပြောတာကွ….။

​“အမ်….ဘယ်လိုဖြစ်တာတုန်း​….​ပျော်စရာ​လေး​တောင် ​လေပူ​ဘောင်း​ဖြစ်သွား​ပြီ….”

​“အင်း​….ဒီလို​ဟေ့​….တချို့​က တကယ်လုပ်​ပေမယ့်​ တချို့​က​တော့​ အဖွဲ့​နာမည်ခံ….​ဒေါ်လှအပြား​တွေ ​ကောက်သိမ်း​….ပြီး​ရင် ဘာပါတီ၊​ ညာပါတီနဲ့​ ငပလီကမ်း​ခြေသွား​ ​ပျော်​နေတာ တပုံတပင်​ဟေ့​။ ဒါတင်ဘဲလား​ ဆိုရင် ဟုတ်​သေး​ဘူး​ဗျ….”

​“​ပေး​သမျှစား​ပြီး​ နိုင်ငံတကာလှည့်​ပြီး​ လူ​တွေကို ဖျက်ဆီး​တာကလည်း​ ရှိပြန်​သေး​ဗျာ….”

​ “​အောင်မ​ငေး​ဗျာ….၁၀၁ ပါး​သော နတ်တို့​ ကယ်​တောမူကြပါဦး​….လုပ်ပါဦး​ ရုက္ခစိုး​ရ….”

​“နင် သိလို့​က ငါ မိန့်​ရမှာ​ပေါ့​…. ဒီလို​ဟေ့​ လွန်း​မောင်ရ….”

​ “အ​နောက်တိုင်း​နီး​နီး​ တိုး​တက်ပါ​ပေ့​ဆိုတဲ့​ ယိုး​ဒယား​ပြည်က လူမှု​ရေး​ဆိုပြီး​ ​ခေါင်း​တည်လုပ်​နေတဲ့​ ဟိုငတိ​ပေါ့​…ပြား​ ငါး​ဆယ်​ကောင်ကွာ….ဒင်း​ပေါ့​ကွာ….ယိုး​ဒယား​မှာတင် ဒိုးနာ​ပေး​တာကို သုံး​ပြီး​ သူငယ် ရှာရုံမက မဇ္ဈိမဌာနီ ကုလား​ပြည်ကို သွား​အရှာ​ကောင်း​တာ ဟိုက ကြည့်​မရလို့​ လုပ်ချလိုက်တာ စခန်း​ပါ ​ရောက်​ကော​ဟေ့​….”

​ “ကဲ….ဒီလိုဟာ​တွေကို ဆက်​ပြောရရင်ဖြင့်​ ​ပြောမဆုံး​ပေါင် ​တောသုံး​တောင်….တ​ထောင့်​တည ပုံပြင်တင် မဟုတ်ဘူး​….တ​သောင်း​ တ​ထောင့်​ တည ပုံပင် ဖြစ်လိမ့်​မယ်ဟဲ့​….စွတ်ရမ်း​ချည်း​ ​ပြောမ​နေနဲ့​….”

​ “အမယ်မင်း​ရဲ့​တဲ့​မှ…. ကိုယ့်​ရင် ကိုယ်ထုပြီး​သာ ​သေလိုက်ချင်ရဲ့​….အများ​အား​ရ​လေ​အောင်လို့​များ​ ​ပြောလိုက်တာ ရုက္ခစိုး​ပြော​တော့​မှဘဲ ဒင်း​တို့​သ​ဘော လူ့​မ​နောကို သိရ​တော့​တယ်….”

​ “ဟို ပြား​ငါး​ဆယ်​ကောင်ကလည်း​ လုပ်ရက်ပါ​ပေ့​ဆိုပြီး​ ​ပြောရ​တော့​မလိုဘဲ….ဒင်း​ဟာဒင်း​ လုပ်ချင် တာလုပ်ဖို့​အ​ရေး​များ​ လူမှု​ရေး​ဆိုလား​….လူ့​အခွင့်​အ​ရေး​ဆိုလား​ ဘန်း​ပြ​နေတာပါလား​….ဒင်း​ရှာတဲ့​ သူငယ် ​တွေနဲ့​ သွား​တွေ့​ပြီး​ ဘာ​တွေလုပ်တယ်ဆိုတာ သွား​စပ်စု​ချေဦး​မှာ….”

​ကဲ….​တော်ပြီ သူ့​ဟာသူ ဖြစ်ချင်သလို ဖြစ်​နေတာ​တွေကို စက္ခုရှင် ပရိသတ်ကို ​ပြောမပြ​ချေ​တော့​ဘူး​။ ​နောက်တဂွင် ​ပြောင်း​စို့​ဗျာ….

​ဟိုး​ခပ်​ဝေး​ဝေး​မှာဖြင့်​ ​ရွှေ​ရောင်ဝင်း​ဝင်း​ ဝင်း​ဝင်း​နဲ့​ ဘာကြီး​တုန်း​ဟဲ့​…။ ​အောင်မ​ငေး​ဗျာ…. အုန်း​မှုတ်ခွတ်ပုံ ​ကောင်း​မှု​တော်ကဖြင့်​ ​တော်​တော့်​ကို ​ပြောင်း​လဲသွား​ပါပ​ကောလား​….ဘယ်သူများ​ လက်ချက် တုန်း​ စပ်စုဦး​စို့​ကွဲ့​….။

​ဪ….​မောင်သန်း​ရွှေတ​ယောက် ဘာ​တွေများ​ ယတြာ​ချေချင်လို့​များ​ ဒီပုံများ​ လုပ်ရပြန်တာတုန်း​။ ဒင်း​လုပ်​တော့​မှဘဲ အ​ရှေ့​မှာ ငလျင်လှုပ်၊​ အ​ပေါ်မှာ ​ရေခဲ၊​ ​နောက်မှာ မုန်တိုင်း​နဲ့​ ​အောက်မှာ ​ရေကြီး​တွေ ဖြစ်ကုန်ပါပ​ကောလား​….

​ဆရာ​အောင်သင်း​လေနဲ့​ ​ပြောရရင်ဖြင့်​ မြန်မာပြည်က လူ​တွေက ​မေ့​နေကြတယ်….တိုင်း​ပြည် အနာဂတ်ဖွံ့​ဖြိုး​လိုရင်ဖြင့်​ က​လေး​တွေကို ပညာ​ရေး​မှာ မြှုပ်နှံပါတဲ့​….​နောက် မြန်မာ​တွေများ​ က​လေး​တွေကို ပညာ​ရေး​ထောက်ပံ့​တာဟာ အ​ကောင်း​ဆုံး​ အလှူဒါနဆိုတာ ​မေ့​နေပြန်သတဲ့​။ ဘုရား​မှာ ​ရွှေကပ်​လေမှ အလှူများ​ ထင်​နေသလား​ကွယ်ရို့​….

​ယတြာ​တွေ ​ကောင်း​လေမှ အာဏာ​တွေ မြဲ​လေစွများ​ မှတ်​နေသလား​ကွယ်….သန်း​ရွှေရယ်….

​ဘိုး​ဘိုး​အောင်လို နှစ်ဆတိုး​တယ်လို့​များ​ ထင်​နေသ​ရော့​လား​….

​ဘား​မဲ့​ဆရာ​တော်လို “မ” တလုံး​ကျေချင်ရင်ဖြင့်​ ကြိုင်ကြိုင်ကို့​သာ ကိုး​ကွယ်​လေ​ရော့​…. ဘာ့​ဇာ​ကြောင့်​များ​ ဘုရား​ ​ရွှေဖုံး​ရတာတုန်း​ဟဲ့​….

​ရွာဦး​ကျောင်း​ ဘုန်း​တော်ကြီး​လေနဲ့​ မိန့်​ရရင်ဖြင့်​….“ဟယ်….ငသန်း​ရွှေ….နင် မိုက်တုန်း​ဘဲလား​…. လုပ်သင့်​တာကို မလုပ်….​နောက်​ဖေး​ပေါက်ကိုချည်း​ အား​ကိုး​နေရင်ဖြင့်​…တိုင်း​ပြည်က​တော့​ ပျက်သထက် ပျက်​ချေ​တော့​မယ်….ဟဲ့​ ကိုရင်….ဟိုန​ဘေး​ ​ထောင်ထား​တဲ့​ သုံး​လုံး​ပူး​ကြိမ်ယူ​ချေ…. ဒင်း​ကို ​ဆော်ပ​လော်တီး​ ​လေမှ ဒင်း​မှတ်မယ်”

​ကဲ….စက္ခုရှင် ပရိသတ်​ရေ….(စက္ခုရှင်ဆိုလို့​ တမျိုး​မထင်နဲ့​ဗျို့​….ကိုရင်လွန်း​မောင်က ​သောတနဲ့​ လွှင့်​တာ မဟုတ်​လေဘဲ စက္ခုအား​ကိုး​ ဖတ်ရလို့​ စက္ခုရှင်လို့​ ​ပြောတာဗျို့​)….

​ဒီတပတ်မှာဖြင့်​ ဒီတင်ရပ်စို့​လား​ဗျို့​….

​​နောက်တပတ်မှာဖြင့်​ ဘယ်လိုမျိုး​ ​ပေါက်​ပေါက်ရှာရှာ​တွေကို လိုက်ပြီး​ စက္ခုဖြန့်​ဦး​မယ်ဆိုတာ ​မျှော်လင့်​ကြပါစို့​။

ကိုရင်လွန်း​မောင်

LEAVE A REPLY

Please enter your comment!
Please enter your name here