ချင်ပန်ဇီနှင့်​ ​ဂေါ်ရီလာတို့​၏ ခန္ဓာကိုယ်အစိတ်အပိုင်း​ ​မှောင်ခို​ရောင်း​ဝယ်သူများ​အား​ ဖမ်း​ဆီး​

alt

အာဖရိက အလယ်ပိုင်း​ရှိ ဂါဘွန်နိုင်ငံမှ သစ်​တော​ရေး​ရာ အရာရှိများ​က ချင်ပန်ဇီနှင့်​ ​ဂေါ်ရီလာ​မျောက်ဝံများ​၏ ခန္ဓာကိုယ် အစိတ်အပိုင်း​များ​ ​မှောင်ခို​ရောင်း​ဝယ်ရန် စီစဉ်​နေမှုကို ဖမ်း​ဆီး​ဖော်ထုတ်နိုင်ခဲ့​သည်။

လူ ၅ ဦး​ကို ဖမ်း​ဆီး​ထား​ပြီး​ မျိုး​သုဉ်း​လု စာရင်း​ဝင် ​ဂေါ်ရီလာ​မျောက်ဝံ ​ခေါင်း​နှင့်​လက်များ​ကို အာဏာပိုင်များ​က သိမ်း​ဆည်း​ရမိခဲ့​သည်။ ထို့​အပြင် ချင်ပန်ဇီ​မျောက်ဝံ ​ခေါင်း​ ၁၂ လုံး​နှင့်​ လက် ၃၀ ​ချောင်း​တို့​ကိုလည်း​ ​တွေ့​ရှိခံ​ကြောင်း​ သိရသည်။ အာဖရိကတိုက်တွင် သဘာဝအ​လျောက် ​နေထိုင်​သော အဆိုပါ ​မျောက်ဝံမျိုး​နွယ်များ​ကို ရိုး​ရာယုံကြည်မှုအရ ကံ​ကောင်း​စေ​သော အ​ဆောင်လက်ဖွဲ့​များ​ ပြုလုပ်ရန် သတ်ဖြတ်​လေ့​ရှိသည်။ ဂါဘွန်သည် အမြဲစိမ်း​ သစ်​တောဧရိယာ ကျယ်ပြန့်​စွာ တည်ရှိ​သော နိုင်ငံတစ်ခုဖြစ်ပြီး​ တရား​မဝင် တိရစ္ဆာန် ဖမ်း​ဆီး​သတ်ဖြတ်သူ ​မှောင်ခိုမုဆိုး​များ​ အလွန်မျက်စိကျသည့်​ နိုင်ငံတစ်ခုလည်း​ဖြစ်သည်။ ယခုဖမ်း​ဆီး​ရမိမှုတွင် ကျား​သစ်​ရေ ၁၂ ချပ်၊​ ခြ​င်္သေ့​ရေ ၁ ချပ်၊​ ​မြွေ​ရေခွံများ​နှင့်​ ဆင်မြီး​ ၅ ​ချောင်း​တို့​လည်း​ ပါဝင်​ကြောင်း​ သိရသည်။

ကမ္ဘာ့​သား​ရိုင်း​တိရစ္ဆာန် ထိန်း​သိမ်း​ရေး​အဖွဲ့​ကြီး​ WWF မှ အာဖရိကဆိုင်ရာ မန်​နေဂျာ ​ဒေး​ဗစ်ဂရီယာက ပြီး​ခဲ့​သော ၁၀ နှစ်အတွင်း​ အာဖရိကတိုက် အလယ်ပိုင်း​တွင် ယခု​လောက် ကြီး​မား​သော တိရစ္ဆာန်​မှောင်ခိုမှုမျိုး​ ဖမ်း​ဆီး​ရမိခြင်း​ မရှိ​ကြောင်း​ ​ပြောကြား​ခဲ့​သည်။ အာဖရိကတိုက် အလယ်ပိုင်း​နှင့်​ အ​နောက်ပိုင်း​ ​ဒေသများ​တွင် ဂျူဂျူ​ခေါ် ​မှော်ပညာကို ယုံကြည်ကြပြီး​ ​မျောက်ဝံ​ခေါင်း​များ​ကို အ​ဆောင်လက်ဖွဲ့​ စီရင်ရာတွင် အသုံး​ပြု​လေ့​ရှိ​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here