ရွေး​ကောက်​ပွဲ​​အ​ရှံုး​​ရ​လဒ်​ကို​​ ​လက်​ခံ​ရန်​​ ​အိုင်​ဗ​ရီ​ကို့စ်​​သ​မ္မ​တ​​အား​ ​အ​မေ​ရိ​ကန်​​တိုက်​တွန်း

alt

အမေရိကန် အစိုးရက အိုင်ဗရီကို့စ် သမ္မတ လောရင့်ဂီဘက်ဘိုအား ရွေးကောက်ပွဲ အရှုံးရလဒ်ကို လက်ခံရန် တိုက်တွန်းပြောကြားလိုက်သည်။ အမေရိကန်၊ ပြင်သစ်နှင့် အာဖရိက ယူနီယံတို့က သမ္မတ လောရင့်အနေနှင့် နိုဝင်ဘာ ၂၈ ရက်နေ့ ရွေးကောက်ပွဲ ရှုံးနိမ့်မှုကို

ဆန့်ကျင်နေခြင်းအား လက်လျှော့ပြီး နိုင်ငံမှ ထွက်ခွာရန် တောင်းဆိုထားသည်။

လောရင့်က ရွေးကောက်ပွဲ ရလဒ်ကို မကျေနပ်သဖြင့် နောက်တစ်ကြိမ် ရွေးကောက်ပွဲ ကျင်းပရန် စီစဥ်ခဲ့မှုအပေါ် မကျေနပ်သည့်အတွက် နိုင်ငံအတွင်း အဓိကရုဏ်းများ ပေါ်ပေါက်လာခဲ့ရာ ၁၈ ဦးထက်မနည်း သေဆုံးခဲ့သည်။ ဒီဇင်ဘာ ၁၇ ရက်နေ့တွင် အိုင်ဗရီကို့စ်၏ မြို့တော်ဖြစ်သော အဘစ်ဂျန်ရှိ အမေရိကန်သံရုံး နယ်နိမိတ်အနီးတွင် လက်ပစ်ဗုံးတစ်လုံး ပေါက်ကွဲခဲ့သေးသည်။ ဖြစ်စဥ်အတွင်း အသေးစား ပျက်စီးမှုအချို့ ရှိခဲ့သော်လည်း ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ချေ။ အမေရိကန် သံရုံးမှ တာဝန်ရှိသူ တစ်ဦးက အမေရိကန်နှင့် မဟာမိတ်များသည် လောရင့်အား နိုင်ငံအတွင်းမှ ထွက်ခွရြန် လေးလေးနက်နက် တိုက်တွန်းပါကြောင်း ကြေညာခဲ့သည်။

ရွေးကောက်ပွဲတွင် အတိုက်အခံခေါင်းဆောင် အက်လာဆနား အူတာရားက မဲအရေအတွက် ၅၄.၁ ရာခိုင်နှုန်းဖြင့် အနိုင်ရခဲ့သော်လည်း လောရင့်က အာဏာလွှဲပေးရန် ငြင်းဆိုခဲ့သည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေ ရေးဆွဲရေး ကော်မတီက နိုင်ငံမြောက်ပိုင်း ဒေသများတွင် မဲမသမာမှုများ ရှိခဲ့ကြောင်း စွပ်စွဲချက်များဖြင့် အဆိုပါ ဒေသများမှမဲကို ထည့်သွင်းရေတွက်ရန် ပယ်ချခဲ့ပြီးနောက် အူတာရားက အနိုင်ရသွားခြင်းဖြစ်သည်။ သမ္မတ လောရင့်ကမူ ထိုမဲများ ပါဝင်ပါက မိမိသာ အနိုင်ရမည်ဟုဆိုကာ ရွေးကောက်ပွဲ ပြန်လည်ကျင်းပရန် လုံးပမ်းနေခြင်းဖြစ်သည်။ ကုလသမဂ္ဂ၊ ဥရောပ ယူနီယံ၊ အာဖရိက ယူနီယံနှင့် အမေရိကန် ပြည်ထောင်စုတို့သည် လောရင့်အား အူတာရားထံ အာဏာလွှဲပေးရန် တိုက်တွန်းလျက်ရှိသည်။

အာဖရိကတိုက် အနောက်ပိုင်းတွင် စီးပွားရေး အချက်အခြာဖြစ်သော နိုင်ငံ၏ နိုင်ငံရေး အရှုပ်အထွေးကြောင့် အာဖရိက ယူနီယံသည် အိုင်ဗရီကို့စ်အား အဖွဲ့ဝင်အဖြစ် လက်ခံနေရာပေးထားခြင်းမှ ခေတ္တဆိုင်းငံ့ထားကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here