​​ဥ​ရော​ပ​အ​နောက်​ပိုင်း​တွင်​​ ​လန်​ဒန်​မှာ​ ​တီ​ဘီ​ရော​ဂါ​ဖြစ်​ပွား​သူ​ ​အ​များ​ဆုံး​ဖြစ်

alt

ဥရောပတိုက် အနောက်ပိုင်း ဒေသတွင် ဗြိတိန်​နိုင်ငံ၏ မြို့တော်ဖြစ်သော လန်ဒန်သည် တီဘီ​ရောဂါ​ဖြစ်ပွားရာ ဗဟို​ချက်မကြီး​သဖွယ် ဖြစ်နေ​ကြောင်း သိရသည်။

လေ့လာမှု အသစ်​တစ်ခုက လန်ဒန်တွင် တီဘီ​ရောဂါ ဖြစ်ပွားသူ အရေအတွက်သည် ဆယ်စုနှစ် တစ်ခု​အတွင်း ၅၀ ရာခိုင်နှုန်း တိုးပွား​လာကြောင်း ဖော်ပြ​ထားသည်။ ဒေသတွင်းရှိ အခြား​နိုင်ငံများတွင် တီဘီ​ရောဂါ ဖြစ်ပွားသူ လျော့ကျ​သွားသော်လည်း ဗြိတိန်တွင် တိုးပွားလာပြီး လန်ဒန်တွင် အသိသာဆုံးဟု​ဆိုသည်။

၂၀၀၉ ခုနှစ်က လန်ဒန်တွင် တီဘီ​ရောဂါ ဖြစ်ပွားသူ ၃၄၅၀ နှင့် ဗြိတိန်​တစ်​နိုင်ငံလုံး ၉၀၀၀ ကျော်ထိ ရှိလာသည်။ ယင်း​မတိုင်မီ ဆယ်နှစ်ဖြစ်သော ၁၉၉၉ ခုနှစ်က လန်ဒန်တွင် တီဘီဝေဒနာရှင် ၂၃၀၉ ဦးသာ ရှိခဲ့သည်။ သို့သော်လည်း နိုင်ငံ​လူဦးရေနှင့် ယှဥ်ပါကမူ ဗြိတိန်၏ တီဘီ​ဖြစ်ပွားသူ အရေအတွက်မှာ အလွန်​နည်းပါးနေပြီဖြစ်သည်။ ပျမ်းမျှ​အားဖြင့် လူ​တစ်သိန်းလျင် တီဘီ​ဖြစ်ပွားသူ ၁၅ ဦးသာ ရှိနေကြောင်း စာရင်းက​ဆိုသည်။ သို့သော်လည်း ယင်းသည် အခြားသော ဥရောပ နိုင်ငံများ​ထက် မြင့်တက်​နေဆဲ​ဖြစ်သည်။

ပြင်သစ်တွင်​ဆိုလျင် လူတစ်သိန်း​အနက် ၁၀ ဦးသာ တီဘီ​ဖြစ်ပွားကြောင်း သိရသည်။ တစ်ချိန်က ပလိပ်ဖြူ​ရောဂါဟု ထင်ရှားခဲ့သော တီဘီသည် ၁၉၆၀ ပြည့်လွန်နှစ်များတွင် ကုသ​ဆေးများ ပေါ်ပေါက်လာပြီးနောက် ခြိမ်းခြောက်​နိုင်စွမ်း ကြီးမားသော ရောဂါ​​အဆင့်မှ ကျဆင်း​သွားခဲ့သည်။

လေ့လာမှုများ​အရ ဗြိတိန်တွင် တီဘီ​ရောဂါ ဖြစ်ပွားသူ အများစုသည် နိုင်ငံ​အတွင်းရှိ ဒေသခံ အင်္ဂလိပ်၊ စကော့နှင့် အိုင်းရစ်များ မဟုတ်ဘဲ ပင်လယ်​ရပ်ခြားမှ ပြောင်းရွှေ့ နေထိုင်​လာသူများ ဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here