အား​ကိုးရာမဲ့ မျက်ဝန်းလေးများ

ဆောင်းပါး သရုပ်ဖေါ် © မင်း​​ကျော်

နိုဝင်ဘာ ၂၇ ရက်နေ့မှာ Channel News Asia က ထုတ်လွှင့်ပြသခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်းသင့် ဗမာပြည်မှ မိဘမဲ့လေးများလို့

အမည်ပေးလို့ရတဲ့ “Orphans of Burmas’s Cyclone” documentary show တစ်ခုကို အမှတ်မထင် ကြည့်ရူခွင့်ရခဲ့ပါတယ်။ အဲဒီနေ့ကစလို့ ဒီနေ့ထိ ကျွန်တော် ကောင်းစွာအိပ်မပျော်ခဲ့တော့။ တီဗီဖန်သားပြင်ပေါ်မှာ မြင်လိုက်ရတဲ့ အားကိုးရာမဲ့ခြင်း၊ ရှက်ရွံ့အားငယ်ခြင်း၊ ရှုပ်ထွေးနားမလည်နိုင်ခြင်းတွေနဲ့ ရ နှစ်သမီးအရွယ် လူမမယ်လေးဟာ သူမရဲ့မျက်နှာလေးကို သူ့လက်ဖဝါးသေးသေးလေးနဲ့ အုပ်ထားပြီး လက်ချောင်းငယ်လေးများကြားက ချောင်းကြည့်နေတဲ့ မျက်ဝန်းလေးက ပစ်လွှတ်လိုက်တဲ့ မြှား အစင်းပေါင်း များစွာဟာ ကျွန်တော့် နှလုံးသားကို ထုတ်ချင်းပေါက် စိုက်ဝင်ခဲ့တယ်။ ဖော်ပြလို့ မစွမ်းနိုင်တဲ့ နာကျင်တုန်ခိုက်မှုတွေနဲ့ ကျွန်တော်ဟာ ယောက်ျားတန်မဲ့ ချံုးပွဲချလို့ ငိုကြွေးခဲ့မိတယ်။

အဲဒီနေ့က ကျွန်တော့် ရင်ဘတ်ထဲမှာ နာကြည်းခံပြင်းမှုတွေ သနားဂရုဏတရားတွေ ဆူဝေပွက်လျံနေတဲ့ ဒေါသ တရားတွေ၊ ကိုယ့်ကိုကိုယ် ရွံရှာမှုတွေနဲ့ တင်းကျပ် ဆို့နင့်ရင်း ဆောက်တည်ရာမရ ဖြစ်ခဲ့တယ်။ ဒီ show ကိုကြည့်ပြီး နောက်နေ့မှာလည်း အလုပ်ထဲ အာရုံဝင်စားလို့မရ၊ စားမရ အိပ်မရဖြစ်လာတာမို့ ကျွန်တော် ခွင့်တစ်ရက်ယူပြီး ဒီဆောင်းပါးကို ရေးဖြစ်ခဲ့တယ်။

“Orphans of Burmas’s Cyclone” show ဟာ နာဂစ်မုန်တိုင်းသင့်ခံရတဲ့ ဧရာဝတီတိုင်းက မိဘမဲ့ကလေးတွေ အရွယ်နဲ့မမျှအောင် ရုန်းကန်ရှင်သန်နေရပုံတွေနဲ့ သူတို့လေးတွေရဲ့ စိတ်ခံစာချက်များကို သတင်းထောက်တွေက အင်တာဗျူးခဲ့ပုံတွေကို ရှင်းလင်းစွာ ရိုက်ကူးခံစား တင်ပြထားတဲ့ အဖိုးတန်တဲ့ ဗီဒီယိုမှတ်တမ်းတစ်ခု ဖြစ်ပါတယ်။ show အစပိုင်းမှာ မိဘနှစ်ပါးစလုံး နာဂစ်မုန်တိုင်းကြောင့် ဆုံးပါးခဲ့တာမို့ တစ်ဦးတည်း အသက်ရှင်ကျန်ရစ်ခဲ့တဲ့ မိဘမဲ့ ကလေးငယ်များ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး ခက်ခဲ့စွာ ရုန်းကန်လှုပ်ရှားရပုံတွေကို သနားစဖွယ် မြင်တွေ့နိုင်ပါတယ်။ ဒီမြင်ကွင်းတွေက ကျွန်တော့်ရင်ကို စ၍ဆို့နင့်စေခဲ့တယ်။ အဲဒီနောက် သတင်းထောက်က နို့နံ့စင်ခါက လူမမယ်လေးကို သူ့အမေကို ဘယ်အချိန်မှာ သတိရလဲလို့ မေးတဲ့အခါ ထမင်းစားတဲ့ အချိန် သတိအရ ဆုံးပါလို့ ပြောခဲ့တယ်။ ဘာကြောင့်လဲလို့ ထပ်မေးတဲ့ အခါ သူ့အမေက ထမင်း ခွံ့ကျွေးနေကြမို့ပါလို့ ဖြေရင်း မျက်ရည်သုတ်နေတဲ့ ၆ နှစ်သားကလေးငယ်ရဲ့ မျက်ဝန်းအကြည့်လေးဟာ ကျွန်တော့်ကို မျက်ရည်စဝိုင်းလာစေခဲ့တယ်။

နောက်ပြကွက် တစ်ခုကတော့ ဘာအသုံးအဆောင်မှ မရှိတဲ့အိမ်မည်ကာမှတ် အမိုးကာ တစ်ခုအောက်မှာ တစ်ယောက်တည်း ဂဏန်းဖမ်း၊ ငါးဖမ်းရင်း စားသောက်ရှင်သန်နေတဲ့ မိဘမဲ့ကလေးငယ်တစ်ဦးကို အင်တာဗျူးခန်းပါပဲ။ သူ့အမေကို အိပ်မက်ထဲမှာ တွေ့ရကြောင်း၊ သူ့အမေ လာမယ်လို့ပြောကြောင်းစတဲ့ မျှော်လင့်ချက်အတုလေးတွေနဲ့ အားတင်း ရှင်သန်နေပုံလေးကို ကြည့်ရင်း ကျွန်တော်ပိုလို့ ငိုချင်လာခဲ့တယ်။ ဇာတ်ရှိန်အမြင့်ဆုံး ပြကွက်ကတော့ ၃ နှစ်သား၊ ရ နှစ်သမီးနဲ့ ၁၀နှစ်သားအရွယ် မိဘမဲ့ကလေးသုံးဦးရဲ့ အခန်းဖြစ်တယ်။ သူတို့ထဲက အသက်အကြီးဆုံး ၁၀ နှစ်သားလေးဟာ မနိုင်မနင်းနဲ့ ရေကိုဆိုင်းထမ်းကာ သူများအိမ်အတွက် သုံးရေဖြည့်ပေးရင်း ရှာလို့ရတဲ့ငွေလေးဖြင့် သူ့ညီငယ်နဲ့ ညီမငယ်လေးကို လုပ်ကိုင်ရှာဖွေ ကျွေးမွေးပေမဲ့ မလောက်ငရှာပုံကို ရင်နင့်စဖွယ် တွေ့မြင်ရတယ်။ ဒီနေရာမှာ အဲဒီ ၁၀ နှစ်သားလေးရဲ့ အရွယ်နဲ့မလိုက်အောင် တာဝန်ယူတတ်မှု၊ သမ္မာအာဇီဝကျကျ ရိုးသားစွာ ရှာဖွေ စားသောက်လိုစိတ်ကို အများပြည်သူများနဲ့ လက်ရှိအုပ်ချုပ်သူများ နမူနာယူသင့်လှတယ်။

အကိုကြီး ရှာဖွေရသမျှငွေလေးနဲ့ မလောက်မငှ ထန်းလျက်ခဲလေးတွေ၊ ဇီးထုပ်လေးတွေနဲ့ ဝမ်းမဝရှာတဲ့ ရ နှစ်သမီးငယ်လေးဟာ နားမလည်တတ်သေးလို့ သူတစ်ပါးထံက မုန့်သရေစာတွေကို ခိုးဝှက်စားကြောင်းကို ၁၀ နှစ်သား အကိုကြီးက သတင်းထောက်တွေကို တိုင်တောပုံကို မြင်လိုက်ရတဲ့အခါ ကျွန်တော့်ရင်ဟာ ဆို့၍ဆို့၍ လှိုက်၍လှိုက်၍ တက်လာခဲ့တယ်။ ၁၀ နှစ်သားကလေးငယ်ဟာ သူ့ညီမလေးကို ကောင်းစေလိုတဲ့ စေတနာ၊ မကောင်းမှုပြုရမှာ ရှက်တတ်တဲ့စိတ် ဟီရိဩတ္တပ္ပတရားကို လေးစားစွာမြင်တွေ့လိုက်ရပြန်ပါတယ်။

သတင်းထောက်က သနပ်ခါးတွေ မလိမ်းတတ်လိမ်းတတ် လိမ်းကျံထားတဲ့ ရ နှစ်သမီး လူမမယ်လေးကို ဘာကြောင့် သူတစ်ပါးရဲ့ မုန့်သရေစာတွေကို ခိုးစားရတာလဲလို့ မေးမြန်းတဲ့အခါ ရှက်ရှာလွန်းလို့ ပြန်လဲမဖြေတတ်တာမို့ သူမရဲ့မျက်နှာနုနုလေးကို လက်ဖဝါးလေးနဲ့အုပ်၊ လျှာလေးတစ်လစ်ထုတ်ပြီး လက်ချောင်းသေးသေးလေးတွေကြားက အပြစ်မဲ့တဲ့ မျက်ဝန်းလေးတွေနဲ့ မဝံ့မရဲ ကင်မရာကို ကြည့်နေတဲ့ မြင်ကွင်းဟာ ကျွန်တော့်ကို ထိန်းချုပ် နိုင်စွမ်း မရှိတော့ ကျွန်တော်ဟာ ရှိုက်ကြီး တငင် လှိုက်လှိုက်လဲလဲ ငိုချခဲ့မိတယ်။ မျက်ရည်တွေ ကြားက ဝိုးတဝါး မြင်ရတဲ့ ကလေး မလေးရဲ့ မျက်ဝန်းလေးတွေက အင်အားကြီးမားစွာ ပစ်လွှစ်လိုက်တဲ့ မြှားအစင်းပေါင်းများစွာလို ကျွန်တော့်ရင်ကို ထိမှန်ခဲ့တယ်။ ဆာလွန်းလို့ ခိုးစားတာပါလို့တောင် မပြောတတ်သေးတဲ့ ကလေးမလေးရဲ့ မျက်ဝန်းလေးတွေက ပစ်လွှတ်လိုက်တဲ့ အောက်ပါ​ မေးခွန်းမြှားတွေကို စာဖတ်သူများ၊ လက်ရှိ အုပ်ချုပ်နေသူများ ဖြေကြား​ စေလိုပါတယ်။ တာဝန်ယူ​ ဖြေရှင်း​ စေလိုပါတယ်။

  • သူ့မိဘတွေရဲ့ အသက်ကို နှုတ်ယူသွားတဲ့ နာဂစ်မုန်တိုင်းလာမှန်းသိလျက် ထိရောက်တဲ့ ကြိုတင်သတင်းပေးမှု၊ ရွှေ့ပြောင်းမှုတွေ ဘာကြောင့် မရှိခဲ့ မလုပ်ခဲ့ပါသလဲ။
  • မုန်တိုင်းသင့်သင့်ခြင်း အရေးပေါ် ကယ်ဆယ်ရေး အစီအမံတွေ (Emergency Response Plan) ဘာကြောင့် မရှိခဲ့တာလဲ။
  • မုန်တိုင်းသင့်ပြီးနောက် အရေးပေါ်ကယ်ဆယ်ရေးနဲ့ အကူအညီတွေ ဘာကြောင့် လျှင်မြန်စွာ မရောက်ခဲ့၊ နှောင့်နှေးခဲ့ရပါသလဲ။
  • နိုင်ငံတကာနဲ့ ပြည်တွင်း အလှူရှင်များရဲ့ လှူဒါန်းငွေများ ဘာကြောင့် တားဆီးခံခဲ့ရတာလဲ။
  • လူသားချင်း စာနာစိတ်နဲ့ လှူဒါန်းငွေနဲ့ ပစ္စည်းများ ဘာကြောင့် လိုအပ်သူတွေထံ အပြည့်အဝ မရောက်ခဲ့ရသလဲ။
  • ထိရောက်ပြီး စနစ်ကျတဲ့ မုန်တိုင်းလွန် ပြန်လည်ထူထောင်ရေး စီမံကိန်းတွေ အချိန် ၂ နှစ်ကြာတဲ့တိုင် ဘာကြောင့် မပေါ်ပေါက်ခဲ့သလဲ။

ခိုးကိုးရာမဲ့၊ မိဘဆုံး၊ ဘဝပျက်၊ အနာဂတ်ပျောက်နေတဲ့ အဲဒီလူမမယ် မိဘမဲ့လေးတွေတောင်မှ ဆာရှာလွန်းလို့ မုန့်ကလေးတွ ခိုးစားမိတာကို ရှက်တတ်၊ ကြောက်တတ်တဲ့ စိတ်၊ ဟီရိဩတ္တပ္ပတရားရှိကြတာ အထင်းသားမြင်ရ အားတက်ရပါတယ်။ ဗမာတစ်ပြည်လုံးက တိုင်းပြည်ဘဏ္ဍာ၊ ပြည်သူပိုင်ပစ္စည်းဥစ္စာတွေကို ခိုးဝှက်ယူငင် မတရားသဖြင့် သုံးဖြုန်းပျော်ပါးနေကြတဲ့ အုပ်ချုပ်သူ အစိုးရ အဖွဲ့ဝင်များ၊ စာရိတ္တဖောက်ပြန်နေတဲ့ စစ်တပ်၊ ရဲနဲ့ အစိုးရ ဝန်ထမ်းတွေ၊ ဝိသမလောဘ စီးပွားရေး သမားတွေ အရှက်တရား ရှိသင့်လှ၊ အကြောက်တရား ရှိသင့်လှတယ်။

စာရေးသူအနေဲ့ ဒီ Documentary show ပွဲကြည့်ပြီးတော့ ခံစားချက်မျိုးစုံနဲ့ တင်းကျပ်နေခဲ့တယ်။ ပထမဆုံး အနေနဲ့ ကိုယ်​ တာဝန်​ မယူဘဲ ကိုယ်လွတ်ရုန်းခေါင်းရှောင်နေမိတဲ့ မိမိကိုယ်ကို ရှက်ရွံ့အပြစ်တင်မိတယ်။ ဒုတိယကတော့ ကိုယ်ဘာ လုပ်သင့်သလဲ၊ ဘာလုပ် နိုင်သလဲဆိုတာ တွေးရင်း ဒီဆောင်းပါးကို ရေးဖြစ်တယ်။

လတ်တလော ကူညီနိုင်တာတွေ စဥ်းစားတော့ အလှူငွေထည့်ဝင်တာတို့၊ ရံပုံငွေရှာဖွေရာမှာ ကူညီတာတို့၊ ပြန်လည်​ ထူထောင်ရေး​ လုပ်ငန်းတွေမှာ ကူညီပံ့ပိုးတာတို့ အကြံဉာဏ်ပေးတာတို့ အနိမ့်ဆုံး​ အဆင့် လုပ်နိုင်တယ်လို့ တွေးမိတယ်။ လုပ်နိုင်​ သလောက်လည်း လုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါပေမယ့် အခြေံခံ​ အကြောင်းတရားနဲ့ ပြဿနာရဲ့ အရင်းအမြစ်ကို ဆန်းစစ်ကြည့်တဲ့ အခါ နိုင်ငံရေးမှာ သွားဆုံးတာကို တွေ့ရတယ်။

ဧရာဝတီတိုင်းက အဲဒီ မိဘမဲ့ကလေးငယ်များရဲ့ အားကိုးရာမဲ့ မျက်ဝန်းလေးများနဲ့ အလားသဏ္ဌန်တူတဲ့ မမှန်ကန်တဲ့ အုပ်ချုပ်မှု​ စနစ်အောက်က ဗမာပြည်​ တနံတလျားမှာရှိတဲ့ တိုင်းရင်းသားပြည်သူ ရဟန်းရှင်လူတွေရဲ့ မျက်ဝန်းများစွာကို တွေ့ကြရမှာဖြစ်တယ်။ ခိုးကိုးရာမဲ့နေတဲ့ သက်ကြီးရွယ်အိုတွေ၊ အိမ်ရာပစ်ပြေးနေရတဲ့ စစ်ပြေးဒုက္ခသည်တွေ၊ ထမင်းမဝတဲ့​ သူတွေ၊ စစ်အာဏာရှင် စနစ်ဆိုးရဲ့ ခါးသီးတဲ့ဒဏ်ကို မချိမဆန့် ခံနေရသူတွေ အစရှိတဲ့ သန်း ၅၀ ကျော် ဗမာပြည်သူ​ အားလုံးရဲ့ အားကိုးရာမဲ့ မျက်ဝန်းများစွာ အမှန်တကယ် ရှိနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ နိုင်ငံဟာ ပြည်သူပြည်သားကို ရင်ဝယ်သားလို ချစ်ခင်စောင့်ရှောက်မယ့် အစိုးရတစ်ရပ် အမှန်တကယ် လိုပါတယ်။ ဒီမိုကရေစီ​ စနစ်ကို အခြေခံတဲ့ အများပြည်သူ အုပ်စိုးခွင့်ကို အပြည့်အဝ အကောင်အထည်ဖော်မယ့် အုပ်ချုပ်ရေး စနစ်တစ်ရပ် မုချရှိမှသာ၊ စေတနာ​ မှန်ပြီး အရည်အချင်း​ ပြည့်ဝတဲ့ အစိုးရ​ တစ်ရပ်ရှိမှသာ အထက်ပါ ကပ်ဘေးကြီးများနဲ့ ကြံုတဲ့အခါ ပြည်သူတွေကို ထိရောက်စွာ ကယ်တင်​ စောင့်ရှောက်​ နိုင်မှာ ဖြစ်ပါတယ်။

အဲဒါအပြင် အရေးကြီးဆုံး​ အချက်ကတော့ လက်ရှိ အုပ်ချုပ်နေသူတွေသာမက နိုင်ငံသားတိုင်း တစ်ဦးချင်းစီမှာ show ပွဲထဲက ၁၀ နှစ်သား​ ကလေးငယ် အကိုကြီးလို တာဝန်ယူလိုတဲ့​ စိတ်၊ တာဝန်ယူမှုနဲ့ တာဝန်​ ကျေပွန်မှု၊ အမှား​ အမှန်​ ခွဲခြားတတ်တဲ့​ စိတ်၊ စွန့်လွှတ်​ အနစ်နာခံလို​ စိတ်တွေ ရှိကြဖို့ပါပဲ။ ဒါဟာ လူတိုင်လူတိုင်းမှာ ရှိအပ်တဲ့ လောကပါလတရားတွေပဲ ဖြစ်တာမို့ ဗမာပြည်သူတိုင်း ကိုယ်စီ​ တာဝန်​ ကျေပွန်​ နိုင်ကြပါစေ။ အနာဂတ် ဒီမိုကရေစီ​ နိုင်ငံတော်သစ် တည်ဆောက်ရာမှာ အုပ်တစ်ချပ်၊ သဲတစ်ပွင့်​ ဖြစ်နိုင်​ ကြပါစေလို့ ဆန္ဒပြုရင်း ဒီဆောင်းပါးကို နိဂုံးချုပ်​ လိုက်ပါတယ်။

နိုင်ငံသားတိုင်းကို လေးစားယုံကြည်လျက် –

မင်းကောင်းချစ်

နိုဝင်ဘာ ၂၉ ရက်၊ ၂၀၁၀ ခုနှစ်

LEAVE A REPLY

Please enter your comment!
Please enter your name here