တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ ၂၆ ထပ်တိုက် မီးလောင်မှု ၅၃ ဦးထက်မနည်းသေဆုံး

alt

နိုဝင်ဘာ ၁၅ ရက်နေ့က တရုတ် နိုင်ငံ၊ စီးပွားရေး အချက်အခြာမြို့ ရှန်ဟိုင်းတွင် ၂၆ ထပ်တိုက် တစ်လုံး မီးလောင် ကျွမ်းမှု ဖြစ်ပွားခဲ့ရာ လူပေါင်း ၅၃ ဦး ထက်မနည်း သေဆုံး ခဲ့ကြောင်း သိရသည်။

ဆေးရုံတွင် ဒဏ်ရာများ ရရှိသဖြင့် တင်ပို့ခဲ့သူ ၁၀၀ မျှရှိပြီး အချို့မှာ အခြေအနေ ဆိုးကြောင်းလည်း တာဝန် ရှိသူများက ဆိုသည်။ စွမ်းအင် ခြွေတာသည့် အပူပေး စနစ် တပ်ဆင်ရာမှ စတင်သည်ဟု ယူဆရသော မီးလောင် ကျွမ်းမှုသည် နေ့လယ်ပိုင်းတွင် စတင် ဖြစ်ပေါ်ခဲ့ပြီး တိုက် တစ်ခုလုံး မီးသင့် လောင်ပြီးမှ ငြိမ်းသွားခြင်း ဖြစ်သည်။ မျက်မြင်များက မီး အပူရှိန်ကြောင့် ပြူတင်းပေါက်များမှ ခုန်ချကာ သေဆုံး ခဲ့သူများလည်း ရှိကြောင်း ပြောကြား ခဲ့သည်။ မီးကို မီးသတ်ကား အစင်း ၁၀၀ မျှဖြင့် ငြှိမ်းသတ် ခဲ့သော်လည်း မီးညွန့် ကျိုးအောင် မလုပ်ဆောင် နိုင်ဘဲ တိုက် တစ် တိုက်လုံး မီးလောင်ခဲ့ခြင်း ဖြစ်သည်။

လူနည်းစု ကိုသာ ရဟတ်ယာဥ်များ အသုံးပြုပြီး ကယ်တင် နိုင်ခဲ့ ပြီး လွတ်မြောက် လာသူ အများစုမှာ သံငြမ်းများမှ တွယ်ဆင်းကာ ထွက်ပြေး လာခြင်းဟု ဆိုသည်။ ထို့အပြင် ရှန်ဟိုင်း မြို့ခံများက မီးသတ် ဌာန၏ နှေးကွေးမှုကို ပြစ်တင် ပြောဆို နေပြီး ပထမဆုံး မီးသတ်ကားသည် မီးစလောင်ပြီး ၂၅ မိနစ်ကြာမှ ရောက်လာကြောင်း ပြောကြား ခဲ့ကြသည်။ ယခု ကိစ္စနှင့် ပတ်သက်ပြီး ရှန်ဟိုင်း အုပ်ချုပ်ရေး အဖွဲ့က စုံစမ်းမှုများ ပြုလုပ်နေကြောင်း ကြေညာ ထားသည်။

ရှန်ဟိုင်း သည် မိုးပျံတိုက်များနှင့် စည်ကား လှသည့် မြို့ကြီး တစ်မြို့ ဖြစ်သော်လည်း အဆောက်အအုံများ၏ ခံနိုင်ရန် စံနှုန်းနှင့် ပတ်သက်ပြီး မေးခွန်း ထုတ်စရာ အခြေအနေများ ရှိနေသည်။ ပြီးခဲ့သည့် နှစ်က ဆောက်လုပ် ပြီးစီး လုနီးပါး တိုက် တစ်လုံး ပြိုကျမှု ဖြစ်ခဲ့ရာ လူတစ်ဦး သေဆုံး ခဲ့ဖူးကြောင်း သိရှိ ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here