တကယ်ပြောရမယ့် အချိန်ကျမှ အသံမထွက်ဘဲ မနေကြနဲ့

ဆောင်းပါး သရုပ်ဖေါ် © မင်း​​ကျော်

ရွှေဂုံတိုင် မီးပွိုင့်ကို ရောက်သည်နှင့် တူညီသည့် ဦးတည်ရာ ဆီသို့ ခြေလှမ်း သွက်သွက်ဖြင့်

သွားနေကြသည့် လူအများအပြားကို တွေ့ရသည်။ သူတို့ အားလုံး၏ မျက်နှာတွင်လည်း တက်ကြွ ပျော်ရွှင်နေမှုများကို အထင်းသား မြင်နေရသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဌာနချုပ်ရုံး တည်ရှိရာသို့ ရောက်လိုဇောဖြင့် သူတို့အားလုံး ခြေလှမ်းသွက်သွက် လှမ်းနေကြသည်။ ကျွန်တော် ရောက်သွားသည့် အချိန်က မွန်းတည့် ၁၂ နာရီထိုးတော့မည်။ NLD ဌာနချုပ် အနီးရှိ များပြားလှသည့် လူအုပ်ကြီးအတွင်း ဝင်ရောက်သွားသည့်အခါ ခြေလှမ်းစရာ မလိုလောက်အောင်ပင် တရွေ့ရွေ့ဖြင့် ရှေ့ကို တိုးပြီးသား ဖြစ်နေသည်။ တစ်ဦးနှင့်တစ်ဦး ကျောနှင့်ရင် ကပ်နေသည်အထိ ကျပ်ညပ်နေအောင် များပြားလှသော လူအုပ်ကြီးမှာ ဒေါ်အောင်ဆန်းစုကြည်ကို မြင်တွေ့လိုခြင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကို နားထောင်လိုခြင်းကြောင့် NLD ဌာနချုပ်နှင့် နီးနိုင်သမျှ နီးအောင် တိုးကပ်သွားနေကြသည်။

အပူရှိန် ပြင်းလှသည့် မွန်းတည့် ၁၂ နာရီ နေရောင်အောက်တွင် များပြားလှသည့် လူအုပ်ကြီးအတွင်းမှ လူတိုင်းလူတိုင်းမှာ တစ်ကိုယ်လုံး ချွေးသံတရွှဲရွှဲပင်။ သို့သော် သူတို့အားလုံးမှာ ပင်ပန်းနွမ်းနယ်ဟန် မပြ။ တက်ကြွနေကြသည်။ ပျော်ရွှင်နေကြသည်။ သူတို့၏ မျှော်လင့်ချက် ပြန်လည်ရှင်သန်လာသလို ခံစားနေကြရသည်။ သူတို့ ယုံကြည်လက်ခံထားသည့် သူတို့၏ ခေါင်းဆောင်ကို မြင်တွေ့လိုသည်။ မည်သို့သော မိန့်ခွန်း ပြောမည်လဲ ကြားချင်ကြသည်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသည် ဆိုကတည်းက မြန်မာတစ်နိုင်ငံလုံး ပျော်ရွှင်နေကြသည်။ ကလိန်ကကျစ် အကျခံလိုက်ရသည့် ဟန်ပြရွေးကောက်ပွဲကိုပင် ခဏတော့ မေ့သွားကြသယောင်ပင်။

ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောမည့် နေရာအနီးသို့ တတ်နိုင်သမျှ အနီးဆုံး ရောက်အောင် ကျွန်တော် တိုးဝှေ့ကြိုးစားကြည့်သည်။ သို့သော် ရောက်လာကတည်းက နောက်ကျနေပြီဖြစ်သဖြင့် မည်သို့မျှ အရှေ့ကို တိုးလို့ မရနိုင်တော့။ ထောင်ပေါင်းများစွာသော လူအုုပ်ကြီးအတွင်း လူတန်းစားပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ အရွယ်မျိုးစုံကို မြင်တွေ့ရသည်။ သံတမန်တချို့လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် လာရောက်တွေ့ဆုံသည်ဟု ဆိုသည်။ ကင်မရာကိုယ်စီနှင့် မီဒီယာသမား အများအပြားကိုလည်း တွေ့ရသည်။ သာမန်ပြည်သူ တချို့ကလည်း ကင်မရာများ၊ ဟန်းဖုန်းများနှင့် မှတ်တမ်းတင်ကြသည်။ ကလေးငယ်များကို တွေ့ရသလို သက်ကြီးရွယ်အိုတွေကိုလည်း မြင်ရသည်။ ကျွန်တော်နှင့် မလှမ်းမကမ်းတွင် အသက်ကြီးလှပြီဖြစ်သည့် တုံတုံချိချိ အဘွားအိုတစ်ယောက်ကို သားသမီးများ ဖြစ်ဟန်ရှိသော အမျိုးသမီးနှင့် အမျိုးသားတစ်ဦးက လက်တစ်ဖက်စီ တွဲလာသည်ကို မြင်ရသည်။ လူအုပ်ကြီးအနီးသို့ မရောက်ခင်မှာ အဘွားအိုကို စိုးရိမ်တကြီး ရေတိုက်ရင်း ခဏနားခိုင်းရသေးသည်။ ထိုအဘွားအိုမှာ အသက်အရွယ်အရ တုံတုံချိချိ သွားလာနေရသော်လည်း သူ့ရင်ထဲရှိ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်စိတ်နှင့် ဒီမိုကရေစီ လိုလားစိတ်ကတော့ တုံချိနေခြင်းမရှိ။ ထက်သန်မှု အပြည့်နှင့် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောသည့်အခါ အနီးဆုံးရှိ လူများသာ သေချာစွာ ကြားနိုင်သည်။ စပီကာများ တပ်ဆင် အသုံးပြုခွင့်ကို ကန့်သတ်ထားသည်ဟု ဆိုသည်။ ကျွန်တော် ကိုယ်တိုင်လည်း ဒေါ်အောင်ဆန်းစုကြည်၏ အသံကို ကြားတစ်ချက် မကြားတစ်ချက် ဖြစ်သည်။ မိန့်ခွန်းသံကို ကြားရသူတွေကတော့ မကြာခဏ လက်ခုပ်တီးကာ အားပေးဂုဏ်ပြုကြသည်။ ကျွန်တော်ရောက်နေသည့် နေရာမှ ကြိုးစားကြည့်ရာ ဒေါ်အောင်ဆန်းစုကြည်ကို NDL ဌာနချုပ်ရှေ့ရှိ သစ်ပင်သစ်ရွက်တွေကြားမှ ခပ်သေးသေး မြင်ကွင်းသာ မြင်ရသည်။ အသံလည်း မကြားရ။ သို့သော် မိန့်ခွန်းပြော၍ မပြီးမချင်း ထိုနေရာမှ ကျွန်တော် မပြန်လို။ ကျွန်တော့် ဘေးပတ်ဝန်းကျင်မှ လူအများအပြားလည်း ထိုသို့သာဖြစ်မည်ဟု သိနေသည်။ ဒေါ်ဆောင်ဆန်းစုကြည်ကို မမြင်ရ၊ အသံမကြားရသော်လည်း လူထုမိန့်ခွန်းပြောသည့် အခမ်းအနားမှာ ပြီးဆုံးသည်အထိ အတူတကွ ရှိနေလိုသော တစ်သွေးတည်း တစ်သားတည်း ဖြစ်လိုသည့် စိတ်ဆန္ဒဖြစ်မည်။

မွန်းတည့်ချိန် နေပူရှိန် ပြင်းပြင်းအောက်မှာ ချွေးသံတရွှဲရွှဲဖြင့် ဒုက္ခခံ လာရောက်စုရုံးကြသော များပြားလွန်းလှသည့် လူအုပ်ကြီးကို ကြည့်ရင်း ကျွန်တော် သတိပြုမိသည်။ တီဗီက သတင်းအစီစဉ်တွေမှာ နေရာအပြည့် ယူထားသည့် မြင်တွေ့နေကြ ဖွင့်ပွဲတွေ၊ အခမ်းအနားတွေမှာတော့ အနီးအနားက ပြည်သူတွေကို ဇွတ်အတင်း တိုက်တွန်း၊ ခြိမ်းခြောက်ဆွဲခေါ်၊ သက်ဆိုင်ရာ ဝန်ထမ်းတွေဆိုလည်း မလာမနေရ အတင်းလာခိုင်း စသဖြင့် ဖန်တီးလုပ်ယူနေရတာ ဖြစ်သည်။ ယနေ့ မြင်တွေ့နေရသည့် ပြည်သူတွေကတော့ မည်သူမျှ တိုက်တွန်းစရာ နှိုးဆော်စရာမလို။ ဒေါ်အောင်ဆန်းစုကြည် နေ့လည် ၁၂ နာရီမှာ မိန့်ခွန်းပြောမည်ဟု တစ်စွန်းတစ်စ သိရ ကြားရရုံဖြင့် တက်ကြွစွာ ရောက်လာကြသည်။ ရောက်လာကြသူတွေထဲမှ ပြောကြဆိုကြသံတွေအရ တချို့ဆိုလျှင် လှိုင်သာယာတို့ ဒဂုံတောင်မြောက်တို့လို ဆင်ခြေဖုံးမြို့နယ်တွေကလည်းပါသည်။ တခြား နယ်မြို့က ကျွန်တော်နှင့် ရင်းနှီးသည့် မိတ်ဆွေတွေလည်း တွေ့ရသည်။ မွန်းလွဲ ၁ နာရီကျော်ခန့်တွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောပြီးသွားသည်။ သတင်းစာရှင်းလင်းပွဲ ဆက်လုပ်သည်ဟု ဆိုသည်။ နိုဝင်ဘာ ၁၄ ရက်နေ့ မွန်းတည့် ၁၂ မှာ ပြောကြားသွားသည့် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းသံကို ကြားတစ်ချက် မကြားတစ်ချက်ဖြင့် ကျွန်တော် နားထောင်ခဲ့ရသည်။ နောက်ကျသွားသည့် အတွက် ကိုယ့်ကိုယ်ကို အပြစ်တင်မိသည်။

မိန့်ခွန်းပြောပွဲမှ ပြန်လာကြသော ပြည်သူလူထုကတော့ ဒေါ်အောင်ဆန်းစုကြည်၏ ပြောစကားများကို အချင်းချင်း ပြန်ပြောကြရင်း ပျော်ရွှင်နေကြသည်။ ဒေါ်အောင်ဆန်းစုကြည်ကြောင့် သူတို့အားလုံးမှာ အားအင်သစ်တွေ ရသွားသလို ဖြစ်သည်။ မျှော်လင့်ချက်အသစ်တွေ မြင်တွေ့သွားသလိုဖြစ်သည်။ နိုဝင်ဘာ ၁၄ ရက် NLD ဌာနချုပ်ရှေ့ ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းအပြည့်အစုံကို ကျွန်တော် မကြားခဲ့ရပါ။ ကြားခဲ့ရသမျှထဲမှ စကားတစ်ခွန်းကိုတော့ စိတ်ထဲမှာ စွဲနေမိသည်။ “လူ့အခွင့်အရေး ကြေညာစာတမ်းတွင် လူတိုင်းလူတိုင်း မွေးရာပါ လူ့ဂုဏ်သိက္ခာရှိပြီး လူတိုင်းသည် ထိုဂုဏ်သိက္ခာကို ထိန်းသိမ်းရမည်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားသည်။ ကျွန်တော်တို့၏ ဂုဏ်သိက္ခာတွေကို စစ်ဖိနပ်အောက်မှာ ထာဝရ ရောက်မသွားစေဖို့ ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိသည်။ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်သည့် ညနေတွင် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သည့်စကားကလည်း မှတ်သားစရာကောင်းသည်။ “တကယ်ပြောရမယ့် အချိန်ကျမှ အသံမထွက်ဘဲ မနေကြနဲ့”ဟူ၍ ဖြစ်သည်။

​ကျော်​ကျော်​

LEAVE A REPLY

Please enter your comment!
Please enter your name here