တတိယကမ္ဘာနဲ့ ဘလော့ဂါ

ဆောင်းပါး သရုပ်ဖေါ် © မင်း​​ကျော်

၂၀၀၅ ခုနှစ်၊ ၂၀၀၆ ခုနှစ်တွေဟာ စီးပွားရေး​ ပိတ်ဆို့ခံထားရတဲ့ ကျွန်တော်တို့ နိုင်ငံ​ အတွက်

သိပ်ထူးခြား လေးနက်မှုတွေတော့ မရှိ​ သေးပါဘူး။ လူတွေဟာ မနက်ဖြန်တွေကို ကြိုတင်​ မစီမံနိုင်တဲ့ အမှောင်ထုထဲ ဝိုးတဝါးသာ ရှိနေ​ ပါသေးတယ်။ ပုံမှန်​ လုပ်ရိုး​ လုပ်စဉ်တွေနဲ့ ပုံမှန်​ သတင်းစာတွေ​ ဖတ်ပြီးနေထိုင်နေရတဲ့အချိန် ၂၀၀၆ မှာ နိုင်ငံရေးအရ အတိုက်အခံ ကျောင်းသား​ ခေါင်းဆောင်တွေ ပြန်လွတ်​ လာပါတယ်။ အင်တာနက် ကော်နက်ရှင်ကို အာဏာပိုင်တွေ လွှမ်းမိုး​ ချုပ်ကိုင်ထားတဲ့ အိုင်အက်စ်ပီ(​ ISP)​ တွေက ရောင်းချ​ နေပါတယ်။ ၂၀၀၆ ခုနှစ်​ ထဲမှာ Cyber Cafe တော်တော်​ များတော့ ရန်ကုန်မြို့ စီးပွားရေး​ အခြေစိုက် မြို့နယ်တွေမှာ ဖွင့်လှစ်​ လုပ်ကိုင်နေခဲ့ပါပြီ။ အင်တာနက်​ သုံးစွဲသူ အရေအတွက်လည်း ဖြည်းဖြည်း​ မှန်မှန် တိုးတက်နေပါတယ်။ လူငယ်တွေ အင်တာနက်ကို တော်တော်များများသုံး၊ ၂၀၀၄/၂၀၀၅ ခုနှစ်တွေမှာ လူငယ်တွေ အသုံးများလာကတော့ Chat Room, Forum တွေပါဘဲ။ ဒါပေမယ့် သံလွင်အိပ်မက်တို့လို အင်တာနက်မဂ္ဂဇင်း အနည်းငယ်တော့ ပေါ်ထွက်လာပါတယ်။ အိုင်တီခေတ်ကို လက်လှမ်းမီတဲ့ လူငယ်ပညာရှင်တွေက သူတို့ရဲ့ ဘဝအတွေ့အကြံုတွေ၊ ခံစားချက်တွေကို ဘလော့ဂင်း ပလက်ဖောင်းပေါ်ကနေ ပထမဆုံး စတင်ဝေမျှလာကြပါတယ်။ အဲဒီထဲကမှ ကိုညီလင်းဆက်၊ ကိုမောင်လှ၊ မမေဇာစီ၊ မနိုင်းနိုင်း(၂၄)တို့ဟာ ထင်ရှားတဲ့ ခေတ်ဦးဘလော့ဂါတွေ ဖြစ်လာကြပါတယ်။ သူတို့ရဲ့ ဘလော့တွေကို ဖတ်ရှုသူအရေအတွက်လည်း တိုးတက်လာခဲ့ပါတယ်။

မြန်မာဘလော့ဂါတွေ စတင်အသုံးပြုတဲ့ ဘလော့ဂင်းပလက်ဖောင်းကတော့ Blogspot.com ပဲဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာစာကို တိုက်ရိုက်မမြင်ရနိုင်သေးပါဘူး။ အဲဒီအချိန်မှာပဲ နည်းပညာကျွမ်းကျင်တဲ့ မြန်မာလူငယ်ပညာရှင်တွေက တကူးတက ခက်ခဲစွာကြိုးပမ်းခဲ့ကြတယ်။ html စနစ်တွေကို ဖြည့်စွက်ပြင်ဆင်ပြီးမှ မြန်မာဖောင့်စနစ်ကို ထည့်သွင်းရပါတယ်။ ဘလော့ဂါတွေ ပထမဆုံးသုံးတဲ့ ဖောင့်က ဇော်ဂျီဖောင့်ပါ။ Blogspot setting မှလည်း ပြင်ရသလို မိမိကွန်ပျူတာမှာလည်း ဖောင့်ထည့်သွင်းရပါတယ်။ ဖောင့်မပါဘဲ ပြင်ချင်ရင်တော့ Eot စနစ်တွေကို ထပ်မံအသုံးပြုရပါတယ်။ အဲဒီလို ရှုပ်ထွေးခက်ခဲမှုတွေ ရှိပေမယ့် မြန်မာဘလော့ဂါ အရေအတွက်က ၂၀၀၆ ခုနှစ် နှောင်းပိုင်းမှာ တိုးတက်လာခဲ့ပါတယ်။ စင်္ကာပူနိုင်ငံမှာ ရှိနေတဲ့ မြန်မာလူငယ်အတော်များများက ဘလော့ရေးလာကြပါတယ်။ စင်္ကာပူနိုင်ငံနဲ့ ဆက်ဆံထိစပ်မှုများတဲ့ ရန်ကုန်က လူငယ်တချို့။ မန္တလေးမြို့ကြီးပေါ်က လူငယ်တချို့ဟာ အိုင်တီခေတ်ကို လက်လှမ်းမီလာတဲ့အတွက် ဘလော့ဂင်းပလက်ဖောင်းကို အသုံးပြုလာကြပါတယ်။

၂၀၀၆ ခုနှစ်ဦးပိုင်းမှာတော့ ပြည်တွင်းဘလော့ဂါတွေ တော်တော်များများ ပေါ်ထွက်လာပါတယ်။ အဲဒီထဲမှာလည်း မိမိစိတ်သန်ရာ စာပေတွေကို ရေးသားလာကြတဲ့ စာရေးကောင်းတဲ့ ဘလော့ဂါတွေ တော်တော်များများ ပေါ်ထွက်လာပါတယ်။ ၂၀၀၇ ခုနှစ်ဦးပိုင်းကာလတွေမှာ ဘလော့ဟာ အင်တာနက် အသုံးပြုတဲ့ လူငယ်တွေအတွက် မီဒီယာတစ်ခုအသွင်နဲ့ ထိထိရောက်ရောက် ထိုးဖောက်လွှမ်းမိုးနေခဲ့ပါပြီ။ ဘလော့ အမျိုးအစားတွေလည်း ကွဲပြားလာခဲ့ပါတယ်။ သီချင်းဘလော့၊ ဓာတ်ပုံဘလော့၊ နည်းပညာ၊ ကဗျာ၊ သတင်း၊ နိုင်ငံရေး၊ လူမှုရေး၊ ကိုယ်ပိုင်ဒိုင်ယာရီ စသည်ဖြင့် ဘလော့အမျိုးအစား စုံလင်လာပြီး ဘလော့ဟာ မြန်မာလူငယ် အများစုအတွက် စိတ်အပန်းဖြေရာ၊ အသိညဏ်ပညာ ကျယ်ပြန့်ရာ မီဒီယာတစ်ခုအသွင် ဖြစ်လာပါတယ်။ ဖတ်ရှုသူများလာတာနဲ့အမျှ ဘလော့ရေးသားတဲ့ လူငယ်တွေအနေနဲ့ မိမိတင်တဲ့ပို့စ်ကို တစ်ခုထက်တစ်ခု ထူးခြားလေးနက်အောင် အားထုတ်ကြိုးစားလာတာကို တွေ့ရပါတယ်။ ၂၀၀၇ ခုနှစ်ဦးပိုင်းအထိ Myanmar Blogger Society မပေါ်ပေါက်သေးပါဘူး။ ဘလော့ဂါတွေ အချင်းချင်း ပြင်ပမှာစုဖွဲ့ပြီး လှုပ်ရှားတာမျိုး မရှိသေးပါဘူး။

“အနာဂတ် လှိုင်းများ၏ ဆုံမှတ်”

ဘလော့ဂါတွေရေးတဲ့ ဘလော့ပို့စ်တွေဟာ ထူးခြားလေးနက်လာတာနဲ့အမျှ အကောင်းဆုံးစာမူတွေကို စုဆောင်းပြီး မြန်မာဘလော့ဂါတွေရေးတဲ့ သုတရသ အနုပညာစာစုတွေကို ဘလော့တွေ လှည့်လည်မဖတ်ရှုနိုင်သေးတဲ့ စာဖတ်သူတွေအတွက် ရည်စူးပြီး “အနာဂတ် လှိုင်းများ၏ ဆုံမှတ်”ဆိုပြီး ပုံနှိပ်စာအုပ်တစ်အုပ် ထုတ်ဝေဖို့ကြိုးစားခဲ့ပါတယ်။ စာအုပ်ထုတ်ဝေရေး အစီအစဉ်တွေ၊ လူငယ်ဘလော့ဂါတွေ တာဝန်ခွဲဝေယူဖို့ ရန်ကုန်မြို့မှာ စည်းဝေးကြရင်း ဘလော့ဂါ တွေ့ဆုံမိတ်ဆက်ပွဲတွေ ဖြစ်လာပါတယ်။ အစည်းအဝေးပွဲတွေမှာ အယ်ဒီတာအဖွဲ့များ ဖွဲ့စည်းခြင်း၊ စာအုပ်ထုတ်ဝေရေး၊ ပုံနှိပ်ခြင်းလုပ်ငန်းများကို လုပ်ဆောင်ရင်း မြန်မာဘလော့ဂါများ အားလုံးပါဝင်နိုင်တဲ့ Myanmar Blogger Society ကို ဖွဲ့စည်းဖို့ စဉ်းစားခဲ့ကြပါတယ်။ အဲဒါ ကျွန်တော် အမှတ်မမှားဘူးဆိုရင် ၂၀၀၇ ခုနှစ် မိုးဦးကျကာလတွေမှာပါ။ အဲဒီလို စာအုပ်အတွက် စီစဉ်ရင်း တစ်ဖက်မှာ MBS ရဲ့ အယ်ဒီတာအဖွဲ့ဝင်တွေဟာ World Blogs Day အထိမ်းအမှတ်ပွဲလုပ်ဖို့ တိုင်ပင်ဆွေးနွေးခဲ့ကြပါတယ်။ World Blogs Day အထိမ်းအမှတ်ပွဲအတွက် MBS ရဲ့ အဖွဲ့ဝင်တွေအားလုံးဟာ အလုပ်များကြရပါတယ်။ သတင်းစာရှင်းလင်းပွဲ၊ လိုဂိုပြိုင်ပွဲ၊ ခန်းမငှားရမ်းဖို့၊ ဟောပြောဆွေးနွေးဖို့ ခေါင်းစဉ်တွေ၊ ဗီနိုင်းထုတ်ဖို့၊ တက်ရောက်လာကြတဲ့ ဧည့်သည်တွေအတွက် တီရှပ်၊ နည်းပညာစီဒီ၊ ဘလော့အကြောင်း လက်ကမ်းစာစောင်တွေနဲ့ သုံးလေးလခန့် နေ့မအား ညမနား အလုပ်များကြပါတယ်။ ရန်ကုန် အခြေစိုက် ဘလော့ဂါများက ဦးဆောင်ပြီး စင်္ကာပူနဲ့ အခြားပြည်ပ ဘလော့ဂါတွေလည်း ပါဝင်ပူးပေါင်း ဆောင်ရွက်ခဲ့ကြပါတယ် ၂၀၀၇ ခုနှစ် စက်တင်ဘာ (၁) ရက်နေ့မှာတော့ မြန်မာအိုင်စီတီပက်ခ်ထဲက ဟောခန်းထဲမှာ လူ ရ၀၀ ကျော် တက်ရောက်တဲ့ မြန်မာဘလော့ဂါတွေရဲ့ စီမီနာကို ကျင်းပနိုင်ခဲ့ပါတယ်။ ပွဲစီစဉ်သူ ဘလော့ဂါများကိုယ်တိုင် မထင်မှတ်ဘဲ တအံ့တဩ အောင်မြင်ခဲ့ရတဲ့ နည်းပညာနဲ့ ဘလော့မီဒီယာအကြောင်း ဟောပြောပွဲဖြစ်လာပါတယ်။ အဲဒီနောက်ပိုင်းတော့ ကျွန်တော်တို့ ရင်ထဲကို သမိုင်းဝင် အဖြစ်အပျက်တွေ ဝင်ရောက်လာပါတယ်။ စက်တင်ဘာလထဲမှာ ရွှေဝါရောင် ဆန္ဒပြပွဲတွေ ဖြစ်ပေါ်လာတယ်။ အာဏာရှင်တွေနဲ့ ဗုဒ္ဓဘာသာ ရဟန်းတော်တွေကြား တင်းမာမှုက ပြည်သူတွေထိပါ ရိုက်ခတ်လာခဲ့တယ်။ မြန်မာဘလော့ဂါတွေမှာ နိုင်ငံရေးသတင်းတွေ ဦးစားပေးတင်ဆက်မှုတွေ ဖြစ်လာပါတယ်။ တချို့ ဘလော့ဂါတွေက ဒိုင်ယာရီရေးသားရာကနေ နိုင်ငံရေးဘလော့အသွင် ပြောင်းသွားတာမျိုးတွေ ဖြစ်လာပါတယ်။ ဘလော့တွေဟာ သတင်းမီဒီယာတွေရဲ့ သတင်းအမဲလိုက်ခြင်းကိုပါ ခံခဲ့ရပါတယ်။ ဘလော့နည်းပညာရဲ့ လျင်မြန်ထက်မြက်မှု၊ ဘလော့ဂါတွေရဲ့ အားထုတ်ကြိုးပမ်းမှုတွေကြောင့် မြန်မာလူထုဆီကို ထိရောက်မှန်ကန်တဲ့ သတင်းတွေ အလျင်အမြန် ပို့ဆောင်ပေးလာနိုင်ပါတယ်။ ဘလော့ကို စိတ်ဝင်စားမှု အလုံးအရင်းနဲ့ ရရှိလိုက်ပါတယ်။ ၂၀၀၇ ခုနှစ် အောက်တိုဘာလအတွင်းမှာတော့ မြန်မာဘလော့ဂါတွေ အများဆုံးအသုံးပြုတဲ့ Blogspot.com ကို ပြည်တွင်း ISP တွေက ပိတ်ဆို့ထားလိုက်ကြပါတော့တယ်။ ဒါပေမယ့် ဘလော့ရေးသူ အရေအတွက် တိုးလာသလို၊ ဘလော့ ဖတ်ရှုသူတွေလည်း လျော့ကျသွားခြင်း မရှိသေးပါဘူး။

ပွင့်ပွင့်လင်းလင်း ဘလော့ဂင်း

ကမ္ဘာ့မှာလည်း မီဒီယာကို သတင်းကုမ္ပဏီကြီးတွေကအစ အရေးကြီးတဲ့ လူပုဂ္ဂိုလ်တွေက အသုံးပြုလာပြီး Official Blogs တွေအဖြစ် အသုံးပြုလာပါတယ်။ အဲဒီအချိန်နဲ့ တစ်ပြိုင်တည်းလိုလို ပြည်တွင်းမှာလည်း ဘလော့မီဒီယာရဲ့ ထက်မြက်မှု၊ ပျံ့နှံ့လွယ်မှုကို စာနယ်ဇင်းသမားတွေကအစ ယုံကြည်လာခဲ့ပါတယ်။ ဘလော့ကနေ လူမှုရေးလုပ်ငန်းတွေ၊ နည်းပညာဖြန့်ဝေမှု၊ တခြား သုတရသတွေ စုံစုံလင်လင် ပေးလာနိုင်ပါတယ်။ ဒါပေမယ့် ဘလော့အနေနဲ့လည်း ဘေးထွက်ဆိုးကျိုးတွေ ရှိနေပါတယ်။ ဘလော့မှာ ကမ့်ပိန်း လှုပ်ရှားသူတွေ ဝင်ရောက်လာတယ်။ ဝါဒတစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် ပုတ်ခတ်တိုက်ခိုက်တာမျိုးတွေ၊ တစ်ခါတရံ လူပုဂ္ဂိုလ်တစ်ဦးချင်းစီကိုပါ နှောက်ယှက်တိုက်ခိုက်တာမျိုးတွေ ဖြစ်လာတယ်။ ဒါဟာ အထူအဆန်း တစ်ခုတော့ မဟုတ်ပါဘူး။ ပင်မရေစီး မီဒီယာတွေပေါ်မှာလည်း ထိုကဲ့သို့ အသုံးပြုမှုမျိုးတွေ ယနေ့ထက်ထိ ရှိနေဆဲပါ။ ဒါပေမယ့် ပုံမှန်ဘလော့ဂါတွေကတော့ မိမိတို့ အတွေးအမြင်၊ ဗဟုသုတ၊ အတွေ့အကြံုတို့ကို ပွင့်ပွင့်လင်းလင်း မျှဝေပေးတာပါပဲ။ အဲဒီအတွက် ဘလော့ဂါတစ်ဦးချင်းစီရဲ့ ဘဝတွေမှာ ရိုက်ခတ်မှုတွေ အများအပြား ရှိပါတယ်။ တချို့ လုပ်ငန်းခွင်ဟောင်းကို စွန့်ပစ်ခဲ့ရတယ်။ တချို့လည်း အာဏာပိုင်တွေရဲ့ ဖမ်းဆီထိန်းသိမ်းခံရတာမျိုးးပါ ကြံုရပါတယ်။ ထင်ရှားတဲ့ ဖြစ်စဉ်တစ်ခုအနေနဲ့ မြန်မာဘလော့ဂါ ကိုနေဘုန်းလတ်ကို နှစ်ရှည်ထောင်ဒဏ် အပြစ်ပေးမှုမျိုးပါ။ ကိုနေဘုန်းလတ် ပျောက်ဆုံးနေတဲ့အချိန်မှာ မြန်မာဘလော့ပေါင်း (၅၀)ကျော်မှ ကိုနေဘုန်းလတ်အကြောင်းကို တစ်ပြိုင်တည်း ပို့စ်တင်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံအတွင်းမှာတော့ ဘလော့ဂင်း လုပ်တဲ့လူ အရေအတွက် လျော့ကျမသွားပါဘူး။ ခေတ်ဦးဘလော့ဂါ အနည်းငယ် ဘဝပေးအခြေအနေအရ ဘလော့ဆက်လက်ရေးသားခြင်းမရှိပေမဲ့ ဘလော့ဂင်းလုပ်တဲ့ လူငယ်အရေအတွက် အစဉ်အမြဲ တိုးတက်လာခဲ့ပါတယ်။ ဂျာနယ်လစ်ဇင် ဘဝဟာ ခက်ခဲတယ်ဆိုပေမယ့် ဘလော့ဂါတွေရဲ့ ဘဝက ပိုပြီးခက်ခဲကြမ်းတမ်းပါတယ်။ ရန်သူတွေကသာ ကိုယ့်ကိုမြင်နိုင်ပြီး ဘယ်သူတွေဟာ ကိုယ့်ရန်သူဖြစ်လာနိုင်တယ်ဆိုတာ မမြင်နိုင်ပါဘူး။ အရင်ခေတ်တွေကို ဝါဒတွေ၊ ကာလတွေနဲ့တိုင်းတယ်။ ယခုခေတ်ကိုတော့ နည်းပညာနဲ့ တိုင်းပါတယ်။ IT ကနေ နောက်ထပ် ICT, web 2.0၊ အဲဒီထဲကမှ နည်းပညာနဲ့ လူငယ်တွေဟာ သူ့လူအဖွဲ့အစည်းကို သူမြင်တဲ့အတိုင်း အရင်းအတိုင်းပြောလာနိုင်ကြပါတယ်။ ကူညီလာနိုင်ခဲ့ကြတယ်။ အဲဒီ အံ့ဩဖွယ် အဖြစ်အပျက်ကို ကျွန်တော်တို့ နိုင်ငံငယ်လေးမှာ မြင်တွေ့ခဲ့ရပါတယ်။ နာဂစ်မုန်တိုင်း တိုက်ခတ်အပြီး ရက်ပိုင်းအတွင်းမှာပင် နာဂစ်နောက်ဆက်တွဲ သတင်းတွေ၊ ဘလော့ဂင်း မီဒီယာကနေ လူထုဆီကို တိုက်ရိုက်ရောက်ရှိလာခဲ့ပါတယ်။ အချိန်တိုင်း သတင်းတွေ အစဉ်အဆက်မပြတ် စီးဆင်းနေတဲ့အတွက် ဘလော့ရေးတဲ့ လူငယ်တွေကိုယ်တိုင် အရေးပေါ် သဘာဝဘေးဒဏ်ခံရတဲ့ ဒေသတွေဆီ ကွင်းဆင်းကူညီပြီ တခြားသူတွေလည်း ကူညီနိုင်အောင် အချက်အလက်တွေ ဖြန့်ဝေနိုင်ဖို့ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီထဲကမှ ကိုညီလင်းဆက်၊ ကိုမျက်လုံး (Handy Hand)၊ ကိုဂျူလိုင် (Raven)၊ တခြားဘလော့ဂါ လူငယ်တွေဟာ ဧရာဝတီတိုင်းအတွင်းက ချောင်ကြို ချောင်ကြား၊ ရွာကြို ရွာကြားအထိရောက်အောင် ကူညီဆောင်ရွက်ခဲ့ကြတယ်။ အဲဒီလိုနဲ့ ၂၀၀၈ ရဲ့ ပထမ (၆)လပတ်ဟာ ကျွန်တော်တို့နိုင်ငံအတွက် မြန်မာဘလော့ဂါ လူငယ်တွေအတွက်ပါ ဝမ်းနည်းမှုတွေနဲ့ ကြိုးစားရုန်းကန်ခဲ့ရတဲ့ နေ့ရက်တွေပါပဲ။ အဲဒီအချိန်မှာ နှစ်ပေါင်း (၂၀)ကြာ အခြေခံဥပဒေတစ်ရပ်ကို မကြံုစဖူး ထူကဲတဲ့ ရလဒ်များနဲ့ အတည်ပြုနိုင်ခဲ့တယ်လို့ အာဏာပိုင်တွေက ကြေညာခဲ့တယ်။ မမြင်ရတဲ့ အချိုးအကွေ့တွေကြားမှာ ကျင့်သားရနေတဲ့ ကျွန်တော်တို့ နိုင်ငံသားတွေအတွက်တော့ တအံ့တဩ မဖြစ်ခဲ့ပါဘူး။ ၂၀၀၈ ခုနှစ်မှာ World Blogs Day ကို ဒုတိယအကြိမ်လုပ်ဖို့ ကြိုးစားခဲ့ပေမယ့် အာဏာပိုင်တွေရဲ့ သဘောတူခွင့်ပြုချက် ရွှေ့ဆိုင်းခံလိုက်ရတဲ့အတွက် မလုပ်ဖြစ်ခဲ့ပါဘူး။ စင်္ကာပူမှာရှိတဲ့ မြန်မာဘလော့ဂါတချို့ကတော့ ဘလော့ဒေးအထိမ်းအမှတ် တွေ့ဆုံပွဲ ပြုလုပ်ခဲ့ပါတယ်။

အောက်မေ့ဖွယ်ရာများနဲ့ ၂၀၀၉

၂၀၀၉ ခုနှစ်ကတော့ ၂၀၀၇၊ ၂၀၀၈ ရဲ့ ဝမ်းနည်းဖွယ်ရာနေ့တွေကို အောက်မေ့ဖွယ် အခမ်းအနားတွေနဲ့ ဖြည့်စွက်ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်ထဲမှာ ထူးထူးခြားခြား ဖြစ်ရပ်ဆိုလို့ ပြည်တွင်းမှာ Social Networking ဖြစ်တဲ့ Facebook ကို တွင်တွင်ကျယ်ကျယ် သုံးလာကြတာပါဘဲ။ နောက်တစ်ခုက ဘလော့ဂင်း ပလက်ဖောင်း နောက်တစ်ခု WordPress.com ကို ဘန်းလိုက်တာပါပဲ။ Social Network အနေနဲ့က အင်တာနက်သုံးတဲ့ လူငယ်တွေ အများစုက Friendster.com, Ning.com တို့ကို သုံးစွဲဖူးတာဖြစ်နေတာကြောင့် Facebook ကို အသုံးပြုတဲ့အခါ နည်းပညာအခက်အခဲ နည်းပါးပါတယ်။

၂၀၀၉ ခုနှစ်မှာ ဘလော့ထက် Social Network တွေကို ပိုအသုံးများလာကြပါတယ်။ Facebook, Ning group တွေနဲ့ ပြည်တွင်း network, fan club တွေမှာ လူမှုရေး၊ ပညာရေးစတာတွေကိုပါ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်လာပါတယ်။ အရင်က အပြင်မှာ စိတ်တူကိုယ်တူ သူငယ်ချင်းဆယ်ယောက်တွေ့ဖို့ မလွယ်ပါဘူး။ Facebook မှာတော့ သူငယ်ချင်း (၁၀၀) ရဖို့ဆိုတာ အလွယ်လေးပါ။ အဲဒီထဲကမှ လူနှစ်ဆယ်၊ သုံးဆယ် ပူးပေါင်းပြီး လူမှုရေးလုပ်ငန်းတစ်ခုကို ဆောင်ရွက်နိုင်ခဲ့ရင် တိုင်းပြည်အတွက် ထိရောက်တဲ့ အကျိုးကျေးဇူးတွေ ရရှိလာပါတယ်။ လူမှုရေးလုပ်ငန်းတွေ လုပ်ဆောင်တဲ့ အဖွဲ့အစည်းတွေလည်း Social Network တွေကို အသုံးပြုပြီး ပူးပေါင်းလုပ်ဆောင်ချင်တဲ့ လူငယ်တွေကို စည်းရုံးဆွဲဆောင်လာနိုင်ကြပါတယ်။ ဘလော့တွေက ပင်မရေစီးပုံသဏ္ဍာန်ဖြစ်လာပြီး ဘလော့ဂါတွေရေးတဲ့စာတွေကို ပုံနှိပ်ထုတ်ဝေရတာမျိုး ရှိလာပါတယ်။ ဒါပေမဲ့ ဘလော့ဂါတွေအနေနဲ့ ဘလော့ကနေ တိုက်ရိုက်ဝင်ငွေ ရရှိတာမျိုး မရှိပါဘူး။ ဝင်ငွေမရှိတဲ့ စွန့်စားရတဲ့ ဒီအလုပ်ကို ချစ်မြတ်နိုးကာ စိုက်လိုက်မတ်တပ် လုပ်ကိုင်နေတဲ့ လူငယ်တွေရဲ့ စိတ်ဓာတ်ကို လေးစားမြတ်နိုးဖွယ်ရာ တွေ့ရပါတယ်။ ၂၀၀၉ ခုနှစ်မှာတော့ ပြည်တွင်းလူငယ်တွေ ဘလော့ဒေးအထိမ်းအမှတ် နည်းပညာဖလှယ်ဖို့ ခရီးထွက်ခဲ့ပါတယ်။ ဘလော့ဂါအကြီးတွေက လူငယ်ဘလော့ဂါ လေးဆယ်ကျော်ကို နည်းပညာအပြင် ရှေးဟောင်းသုတေသနနဲ့ အနုပညာရသတွေ ခံစားတတ်အောင် မြန်မာခေတ်ဦး သရေခေတ္တရာ ပျူနိုင်ငံဆီကို ခရီးထွက်ခဲ့ကြတာပါ့။

သုံးရောင်ခြယ် ၂၀၁၀

၂၀၁၀ မှာ ရွေးကောက်ပွဲလုပ်မယ်လို့ အာဏာပိုင်တွေက ကြေငြာထားခဲ့လို့ နှစ်ဦးကတည်းက နိင်ငံသားအများစုက ဘယ်လို အပြောင်းအလဲတွေ ဖြစ်ပေါ်လာမလဲ စောင့်မျှော်ခဲ့ပါတယ်။ မုန်တိုင်းသတိိပေးချက်တွေ သုံးရောင်ခြယ်ကြယ်တံဆိပ်ကို ပြောင်းလဲတပ်ဆင်တဲ့ သတင်းတွေကို အင်တာနက်စာမျက်နာ ပေါ်မှာ ဖတ်ရှုခဲ့ရပါတယ်။ ပြည်တွင်းမှာလည်း​ အင်တာနက်ကရရှိနိုင်တဲ့ အရင်းအမြစ်တွေ ပိုမိုများပြားလာပါတယ်။ ဒါပေမယ့် အင်တာနက်ကော်နက်ရှင် မြန်နှုန်းကတော့ နှေးကွေးနေတုန်းပါပဲ။ လူအတော်များများက အိုင်စီတီခေတ်ကို မဖြစ်မနေ လက်လှမ်းလာနေရပါတယ်။ ရွှေ့ပြောင်းလုပ်သားများအဖြစ် ကမ္ဘာအရပ်ရပ်မှာ ဖြန့်ကျက်လုပ်ကိုင်နေတဲ့ ကျွန်တော်တို့ နိုင်ငံသားတွေဟာ အင်တာနက်ကို မိသားစုဆက်သွယ်ရေး ပစ္စည်းအဖြစ် မရှိမဖြစ် သုံးလာကြရတယ်။ ထူးခြားဖြစ်စဉ်တစ်ရပ်ကတော့ MBS ရန်ကုန်ဘလော့ဂါများရဲ့ ကြိုးပမ်းမှုနဲ့ ကမ္ဘာ့လူအများဆုံး တက်ရောက်တဲ့ ဘားကမ့် (ရန်ကုန်) ၂၀၁၀ ကို ရန်ကုန်မြို့ လှိုင်မြို့နယ်မှာ ကျင်းပပြုလုပ်နိုင်ခဲ့ပါတယ်။ ဘားကမ့်(ရန်ကုန်)ကို တက်ရောက်သူဦးရေဟာ ၃၀၀၀ နီးပါးထိ ရှိတာမို့ တစ်ကမ္ဘာလုံး ဘားကမ့်တွေထဲမှာ လူအများဆုံးတက်ရောက်တဲ့ ဘားကမ့်တစ်ခုဖြစ်လာပြီး ????? မှာပါ မှတ်တမ်းပြု ဖော်ပြခံရပါတယ်။ ၂၀၁၀ မှာတော့ အစဉ်အလာမပျက် World Blogs Day အတွက် MBS ကကြီးမှူးပြီး စာနယ်ဇင်းဆရာကြီးများနဲ့ လူငယ်ဘလော့ဂါများ တွေ့ဆုံသည့် ကျင့်ဝတ်နဲ့နည်းပညာအကြောင်း ဆွေးနွေးဖလှယ်ပွဲလေး လုပ်နိုင်ခဲ့ပါတယ်။

အခုကျွန်တော် ဒီဆောင်းပါးကို ရေးနေချိန်မှာတောင် လူထုနဲ့ နိင်ငံတကာက စိုးရိမ်သလို မဲသမာမှုများနဲ့ ရွေးကောက်ပွဲ ပြီးဆုံးခဲ့ပါတယ်။ နိင်ငံတစ်ခုရဲ့ စနစ်သစ်တစ်ခုကို ဖော်ဆောင်ဖို့ ပထမဆုံး ခြေလှမ်းက မသမာမှု နဲ့ စတင်ခဲ့တာကိုတော့ အင်မတန် ဝမ်းနည်းမိသလို နိင်ငံသား တစ်ယောက်အနေနဲ့လည်း ရှက်ရွံ့မိပါတယ်။ မကြာခင်မှာ အင်တာနက် ဝဘ်ဆိုဒ်တွေကနေ မဲမသမာမှုတွေကို ဖော်ထုတ်နိင်မယ်လို့လည်း ယုံကြည်ပါတယ်။ ဘလော့တွေ ဆိုဒ်တွေကို ဖိနှိပ်ထားရဲ့နဲ့ အဖြစ်မှန်တွေ ပေါ်ထွက်လာအုံးမှာပါ။

တစ်ချိန်ချိန်ကျရင်တေ့ လူတစ်ဦးနှင့်တစ်ဦး နိုင်ထက်စီးနင်း မလုပ်နိုင်တဲ့၊ လှည့်ဖြားလိမ်ညာမှု မလုပ်နိုင်တဲ့ ဘဝတွေကို နည်းပညာနဲ့ အရောက်သွားနိုင်လိမ့်မယ်လို့ မျှော်လင့်ရင်း ဘလော့ဂင်းဟာ တိုင်းပြည်တစ်ခုရဲ့ ပဥ္စမ မဏ္ဍိုင် ဖြစ်လာနိုင်ခဲ့ပါပြီ။

LEAVE A REPLY

Please enter your comment!
Please enter your name here