အာရှသတင်းဌာနအချို့ မြန်မာ စစ်အစိုးရ ရွေးကောက်ပွဲ အပေါ် ထောက်ခံရေးသားနေ

alt

ဒေသတွင်း နိုင်ငံများမှ သတင်း အဖွဲ့အစည်းများသည် မြန်မာ့ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး​ ထောက်ခံ ရေးသားမှုများ ပြုလုပ် နေကြောင်း သိရသည်။ အာရှ သတင်းဌာန အချို့ တို့သည် မဲလိမ်မှု၊ မသမာမှုများ ရှိနေသည်ဟု စွပ်စွဲချက်များ လှိုင်လှိုင် ထွက်ပေါ်နေသည့်တိုင်

မြန်မာ နိုင်ငံတွင် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး အကြိမ် အဖြစ် နိုဝင်ဘာ ရ ရက်နေ့က ကျင်းပသော ရွေးကောက်ပွဲသည် ဒီမိုကရေစီ စနစ် အတွက် ခြေလှမ်း တစ်ခု အဖြစ် ထောက်ခံ နေကြသည်။ အထူးသဖြင့် တရုတ် သတင်းစာများက မြန်မာ့ အရေးနှင့် ပတ်သက်ပြီး အနောက် နိုင်ငံများ၏ ဝေဖန်မှုကို မျက်ကွယ် ပြုရန်နှင့် မြန်မာ၏ ကိုယ်ပိုင် လုပ်ဆောင်ချက်ဖြင့် နိုင်ငံရေး ပြောင်းလဲမှုကို ကြိုဆိုရန် အင်တိုက် အားတိုက် ကြိုဆိုသင့်ကြောင်း ရေးသားခဲ့သည်။ ထိုင်းသတင်းစာ တစ်စောင်ကလည်း အာဆီယံအဖွဲ့အနေနှင့် ရွေးချယ်စရာ မရှိကြောင်း၊ သို့သော်လည်း မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ ရလဒ်ကို ထောက်ခံပြီး စီးပွားရေး ဖွံ့ဖြိုးမှုအတွက် ကူညီရန်သာရှိကြောင်း ဖော်ပြခဲ့သည်။ အိန္ဒိယ သတင်းစာများကမူ ယခုရွေးကောက်ပွဲသည် နိုင်ငံရေးအရ သေးငယ်သော ခြေလှမ်းများသာ ဖြစ်သော်လည်း အပြောင်းအလဲ ဖြစ်စေမည့် တံခါးဝသို့ ဦးတည်နေမည်ဟု အကောင်းမြင် ဖော်ပြခဲ့သည်။ အချို့သော အာရှနိုင်ငံ သတင်းစာအချို့၏ မြန်မာ့ရွေးကောက်ပွဲအပေါ် အမြင်များမှာ အောက်ပါအတိုင်းဖြစ်သည်။

တရုတ် Global Times

ကမ္ဘာ့နိုင်ငံ အသီးသီးအနေနှင့် မြန်မာနိုင်ငံကို ပွင့်လင်းမှုရှိအောင် တွန်းအားပေးလိုစိတ် ရှိနေမည်ဆိုလျင် အနောက်အုပ်စုက ရန်လိုသော အရိပ်အယောင်ကို လျှော့ချရမည်သာဖြစ်သည်။ တရုတ်နိုင်ငံ၏ မြန်မာ့အရေးအတွက် ပေါ်လစီကို အနောက်အုပ်စုက ဆန့်ကျင်နေသော်လည်း ပြောင်းလဲရန်မှာ ခက်ခဲပေလိမ့်မယ်။ ကျွနု်ပ်တို့အနေနှင့် အရှေ့တောင်အာရှ နိုင်ငံများနှင့် မြန်မာနိုင်ငံ၏ အရေးကိစ္စများတွင် ပိုမိုထဲထဲဝင်ဝင် ဆောက်ရွက်သွားမည်ဖြစ်ပြီး ယင်းနိုင်ငံများ၏ မြန်မာနိုင်ငံအပေါ် သဘောဆန္ဒကို အလေးထားသွားရမည်သာဖြစ်သည်။

တရုတ် People’s Daily

မြန်မာနိုင်ငံမှ သတင်းပေးပို့မှုများအရ မြန်မာပြည်သူများသည် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပြင်းပြသော ဆန္ဒမျှော်လင့်ချက်များ ရှိနေကြောင်း သိရသည်။ အစိုးရသစ်ကို အထွေထွေ ရွေးကောက်ပွဲက ဖော်ထုတ်နိုင်မည်ဖြစ်ပြီး ယင်းအစိုးရသည် လူမှုရေး တည်ငြိမ်မှုကို အာမခံချက် ပေးနိုင်သလို ပြည်သူ့လူနေမှုဘဝကို မြှင့်တင်ပေးမည်ဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံကိုလည်း ချမ်းသာကြွယ်ဝမှုနှင့် တိုးတက်ဖွံ့ဖြိုးမှု လမ်းကြောင်းမှန်ပေါ် ရောက်ရှိလာစေလိမ့်မည်။

တရုတ် Global Times (အင်္ဂလိပ်ဘာသာ)

ရွေးကောက်ပွဲသည် စင်းလုံးချော ကောင်းမွန်နေသည်ဟုတော့ မဆိုသာပါ။ သို့သော်လည်း ယင်းသည် တိုင်းပြည်၏ ဒီမိုကရေစီ ဖော်ဆောင်ရေး လမ်းကြောင်းအတွက် ရှေ့တိုးလာသော ခြေတစ်လှမ်းဖြစ်သည်။ ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် အနောက်နိုင်ငံများ၏ ဦးဆောင်မှုဖြင့် ဒီမိုကရေစီကို မော်ကွန်းဝင် ဖော်ဆောင်နိုင်ခဲ့သော သာဓကမျိုး မရှိခဲ့ပါ။ ကျွန်ုပ်တို့အနေနှင့် မြန်မာအပါအဝင် ဖွံ့ဖြိုးဆဲ နိုင်ငံများသည် ပြည်တွင်းအခြေအနေနှင့် လျော်ညီသော သင့်တော်သည့် ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်သင့်ကြောင်း ယုံကြည်ထားသည်။

တရုတ် International Herald Leader

တားဆီးမှုများစွာ၊ စိန်ခေါ်မှုများစွာ ရှိနေသည့် အခြေအနေတွင် မြန်မာနိုင်ငံမှ တပ်မတော် အစိုးရသည် ယခုခြေလှမ်းကို စတင်ရန်မှာ အမှန်ပင် မလွယ်သောကိစ္စဖြစ်သည်။ နိုင်ငံတကာ၏ အမြင်သည် မြန်မာနိုင်ငံအတွက် အမှန်တကယ် ဂရုပြုမည်ဆိုပါက ယခုထက်ပိုပြီး အမြင်နည်းနည်းရှင်းသင့်သည်။

ဘင်္ဂလားဒေ့ရှ် Daily Star

စိတ်မကောင်းစရာ ကိစ္စတစ်ခုက မြန်မာနိုင်ငံ၏ အိမ်နီးချင်း အာဆီယံ နိုင်ငံများအနေနှင့် စစ်အစိုးရ လက်ထဲရောက်နေသော အာဏာကို နေရာမှန်ဖြစ်သည့် ပြည်သူ့လက်သို့ ပြန်လည်လွှဲအပ်နိုင်ရန် မစွမ်းဆောင်နိုင်ခဲ့ပါ။ သို့သော်လည်း ယခုအချိန်သည် အဆိုးမြင်မှုများကို ဖယ်ရှားပြီး ကျွန်ုပ်တို့သည် တိမ်ဖုံးနေသော နေ့ရက်များအတွင်းမှ ငွေရောင်အလင်းတန်းလေးတစ်ခု ထွက်ပြူလာခြင်းကို အကောင်းမြင် မျှော်လင့်ရမည်သာဖြစ်သည်။ နှေးကွေးနေသည့်တိုင် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြောင်းလဲမှုအတွက် လမ်းကြောင်းတစ်ခု စပေါ်လာပြီဟု ဆိုနိုင်ပါသည်။

ထိုင်း The Nation

မြန်မာ့အရေးနှင့် ပတ်သက်ပြီး အာဆီယံတွင် အငြင်းပွားမှုများ ရှိနေခဲ့သော်လည်း ယခုကဲ့သို့ ပြောင်းလဲမှုကို ကြိုဆိုရမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် လူဦးရေ များပြားပြီး သယံဇာတ ပေါကြွယ်ဝသော နိုင်ငံလည်းဖြစ်သဖြင့် အာဆီယံအတွက် အင်အားကြီးမားသည့် အဖွဲ့ဝင် နိုင်ငံတစ်ခုဟု သတ်မှတ်နိုင်သည်။ အာဆီယံအနေနှင့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲလွန် ကာလများတွင် မြန်မာနိုင်ငံ၏ အပြောင်းအလဲအတွက် ကျေနပ်ရန်သာရှိသည်။ မြန်မာနိုင်ငံသည် ၂၀၁၄ ဇန်နဝါရီလတွင် အာဆီယံ၏ အလှည့်ကျ သဘာပတိ နေရာကို ဘရူနိုင်းထံမှ လွှဲယူမည်ဖြစ်သည်။ ယင်းမှာ ပြောင်မြောက်သော လုပ်ဆောင်ချက်တစ်ခု ဖြစ်လာပေလိမ့်မည်။

ဩစတြေးလျ The Australian

မြန်မာနိုင်ငံကို ထွက်ပေါက်ပျောက်ကာ ချောင်ပိတ်မိနေသည်ဟု အမြင်ရှိသူများအတွက် အများထက် အငြင်းပွားစရာများ ဖြစ်လာမည်။ လက်တွေ့အကျိုးမျှော် ဝါဒကို ကျင့်သုံးပြီး တရုတ်ကဲ့သို့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို မော်ကွန်းဝင် ဆောင်ရွက်လာနိုင်မည် ဆိုပါက လူဦးရေ သန်း ၅၀ ကျော် နေထိုင်သည့် နိုင်ငံအတွက် စစ်မှန်သော တိုးတက်မှုများ ဖြစ်လာပေလိမ့်မည်။ ရွေးကောက်ပွဲအတွက် မဲပေးခြင်းသည် အဓိက အရေးပါမှုတစ်ခု ဖြစ်လာခြင်းကို သံသယဖြစ်ရန် မလိုပေ။

အိန္ဒိယ The Tribune

အကောင်းမြင်ခြင်းသည် အမှန်တရားဖြစ်ကြောင်း သက်သေပြခွင့်ပေးသင့်သည်။ ရွေးကောက်ပွဲတွင် ဒီမိုကရေစီ အင်အားစုများအနေနှင့် စစ်အစိုးရကို စစ်တန်းလျားများသို့ ပြန်ရောက်သွားအောင် လုပ်ဆောင်နိုင်ဖွယ် ရှိနေပြီး နိုင်ငံရေးတွင် စစ်တပ်က ပါဝင်နေခြင်းကို စွန့်ခွာအောင် ဆောင်ရွက်နိုင်လိမ့်မည်။

အိန္ဒိယ Daily Express

တံခါးက ကျိုးပျက်နေသည်ဖြစ်စေ၊ ၎င်းအား ဖွင့်ပေးလိုက်ပါက အလင်းရောင်ကို မြင်ရမည်သာဖြစ်သည်။ တိုးတက်မှုသည် ယခုအချိန်တွင် စတင်ကျယ်ပြန့်လာပြီဖြစ်သည်။ စစ်အာဏာရှင် စနစ်၏ အခက်ခဲဆုံးနှင့် အန္တရာယ် အများဆုံး ကာလများအလွန်တွင် ပြုပြင်ပြောင်းလဲမှုများ စတင်ပေတော့မည်။ သေးငယ်သော အပြောင်းအလဲတစ်ခု ဖြစ်စေကာမူ စစ်အုပ်ချုပ်ရေးကာလမှ ဒီမိုကရေစီ မျှော်လင့်ချက် တံခါးကို ဖွင့်လိုက်နိုင်ပြီဖြစ်သည်။ အိန္ဒိယနိုင်ငံသည် မြန်မာ့အရေးကို စောင့်ကြည့်နေပြီး ယခုတိုးတက်မှုကို အေးအေးသက်သာ တိုက်တွန်းထောက်ခံသွားမည်သာဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here