မြန်မာ့အရေး လှုပ်ရှားမှု အတွက် အီတလီ လက်ရွေးစင် ဘောလုံးသမားဟောင်းအား ဂုဏ်ပြုဆု ချီးမြှင့်

alt

အီတလီ လက်ရွေးစင် ဘောလုံးသမားဟောင်း ရောဘတ်တို ဘက်ဂီယိုသည် မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှု အတွက် ငြိမ်းချမ်းရေး ဂုဏ်ပြုဆု တစ်ခု ပေးအပ် ချီးမြှင့် ခံခဲ့ရကြောင်း သိရသည်။

အသက် ၄၃ နှစ် ရှိပြီ ဖြစ်သော ၁၉၉၃ ခုနှစ် FIFA​ ၏ ကမ္ဘာ့ အကောင်းဆုံး ဆုရှင်သည် ယခုနှစ် အတွက် Peace Summit Award 2010​ ဆုကို ရရှိခဲ့ခြင်း ဖြစ်သည်။ ဘက်ဂီယိုသည် နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အပါအဝင် မြန်မာ့ အရေးတွင် နှစ်ရှည်လများ လှုပ်ရှား ဆောင်ရွက်ခဲ့သည့် အတွက် ဆုချီးမြှင့် ခံရခြင်း ဖြစ်သည်။ ၁၉၉၄ ခုနှစ် ကမ္ဘာ့ ဖလားပွဲတွင် အထူး ခြေစွမ်းပြခဲ့သော်လည်း ဗိုလ်လုပွဲတွင် ၎င်း၏ အဆုံးအဖြတ် ပင်နယ်တီ လွဲချော်မှုကြောင့် ဘရာဇီးအား ရှုံးနိမ့်ခဲ့ရသည့် ကိစ္စ အတွက် ကျော်ကြားသော ဘက်ဂီယိုသည် လူမှုရေး လုပ်ငန်းများတွင်လည်း ဝါသနာထုံသူ တစ်ဦးဖြစ်ပြီး ဆေးရုံများ အတွက် ရံပုံငွေ ရှာဖွေပေးခြင်း၊ ဟေတီငလျင်ဘေးသင့် ပြည်သူများအတွက် အကူအညီပေးခြင်း၊ ကြက်ငှက်တုပ်ကွေး တိုက်ဖျက်ရေးတွင် တက်ကြွစွာ ပါဝင် ဆောင်ရွက်ခဲ့ခြင်း တို့ကြောင့် ဘောလုံးပရိသတ်များ အပြင် တစ်ကမ္ဘာလုံးက လေးစားမှုကို ခံရသူလည်းဖြစ်သည်။

ယခုနှစ် ဆွေးနွေးပွဲကို ဒုတိယကမ္ဘာစစ်ကာလအတွင်း အမေရိကန်၏ အနုမြူဗုံးကြဲမှုကြောင့် လူပေါင်း ၁၄၀၀၀၀ ကျော်မျှ အသက်ဆုံးရှုံးခဲ့ရသည့် ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားမြို့တွင် ကျင်းပမည်ဖြစ်သည်။ ယင်းမြို့ကို ရွေးချယ်ခြင်းသည် အစည်းအဝေး၏ အဓိက ဦးတည်ချက်အဖြစ် နျူကလီးယား လက်နက်များ အန္တရာယ်ကို မီးမောင်းထိုး ဖော်ပြနိုင်ရန် ရည်ရွယ်ခြင်းကြောင့်ဖြစ်သည်။ Peace Summit Award​ ကို ယခင်က ရရှိခဲ့သူများစာရင်းတွင် ဗြိတိသျှ ဂီတသမား ပီတာ ဂါဘရီရယ်၊ အမေရိကန် ရုပ်ရှင်မင်းသားများ ဖြစ်ကြသော ဂျော့ကလူနီးနှင့် ဒွန်ချီဒယ်၊ အီတလီ ဟာသသရုပ်ဆောင်နှင့် ဒါရိုက်တာ ရောဘတ်ဘီနီဂီတို့လည်း ပါဝင်ခဲ့ဖူးသည်။ နိုဝင်ဘာ ၁၂ ရက်နေ့တွင် စတင်မည့် ယခုနှစ် ဆွေးနွေးပွဲသို့ ယမန်နှစ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် အမေရိကန် သမ္မတ ဘာရတ်အိုဘားမားအား ဖိတ်ကြားထားသော်လည်း တက်ရောက်မည် မဟုတ်ချေ။

နိုဘယ်ငြိမ်းချမ်းရေး ဆုရှင် တိဘက်ဘာသာရေး ခေါင်းဆောင်ကြီး တလိုင်းလားမား၊ ပိုလန်မှ လက်ချ်ဝါလီဆာ၊ တောင်အာဖရိက သမ္မတဟောင်း ဖရက်ဒရစ် ဝီလျံဒီကီကာနှင့် အရှေ့တီမော သမ္မတ ဟိုဆေးရာမို့ ဟိုတာတို့ တက်ရောက်ရန် စီစဥ်ထားကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here