ဒီမိုကရေစီဆိုတာ နောက်ဆုံး ပန်းတိုင် မဟုတ်

ဆောင်းပါး သရုပ်ဖေါ် © မင်း​​ကျော်

ဒီမိုကရေစီဆိုတဲ့ စကားကို ဘေးကင်းရန်ကွာ ပြောခွင့်ရတဲ့ အချိန်ကစပြီး လူတိုင်း ပါးစပ်ဖျားမှာ သီးနေကြ

ယုံမက၊ စာနယ်ဇင်း စာမျက်နှာတွေ ပေါ်မှာပါ အဆက်မပြတ် ဖတ်နေရပါတယ်။ ဒါ အင်မတန် ဝမ်းသာစရာ ကောင်းတဲ့ ကိစ္စဖြစ်တယ်။

စကားလုံး တစ်လုံးဖြစ်စေ၊ စာတစ်အုပ်ဖြစ်စေ၊ စာရေးဆရာ တစ်ယောက် အကြောင်းဖြစ်စေ “အရှောင်” (Taboo) အဖြစ် သတ်မှတ်တာ အစွန်းရောက် တိုင်းပြည်တွေမှာ သာလုပ်လေ့လုပ်ထရှိတဲ့ လုပ်ရပ်မျိုး ဖြစ်ပါတယ်။ အဓိပ္ပါယ် မရှိပါဘူး။​

မစားရ ဝခမန်း​

ဒီမိုကရေစီအကြောင်း ဝမ်းသာအားရ ပြောကြရေးကြရင်းနဲ့ အရှိန်လွန်ပြီး ဒီမိုကရေစီဆိုတာ “မဟာဩသဓ” နတ်ဆေးကြီး သဖွယ် ရောဂါအားလုံးကို ကုစားနိုင်တယ်၊ ဒီမိုကရေစီနိုင်ငံဆိုတာ အရာအားလုံး ပြီးပြည့်စုံတဲ့ “ရွှေပြည်တော်ကြီး” ဖြစ်တယ်၊ ဒီမိုကရေစီမှ တစ်ပါး အခြားမရှိပြီဆိုတဲ့ ပြောဆို ရေးသားချက်တွေကိုလည်း အများကြီး တွေ့နေရပါတယ်။ ဒီမိုကရေစီဆိုတာ ကိုယ်တွေ့ မကြံုဖူးသူများက “မစားရဝခမန်း” ပြောဆိုရေးသားချက်တွေကို အဟုတ်ကြီး ထင်ပြီး နောင် နဖူးတွေ့ ဒူးတွေ့တွေ့ရတဲ့ အခါကျမှ ထင်သာနဲ့မြင်သာ “ပါစင်အောင်” လွဲနေတာတွေ တွေ့ရရင် အကြီးအကျယ် စိတ်ပျက် သွားနိုင်ပါတယ်။ ဒါဆိုရင်လည်း မကောင်းပါဘူး။ “နောက်လာတဲ့မောင်ပုလဲ ဒိုင်းဝန်ထက်ကဲ” တဲ့ အတွက် ဒိုင်းဝန်ကို ပြန်လွမ်းတာမျိုး ဖြစ်သွားပါ လိမ့်မယ်။ဒါကြောင့် ပြောဆို ရေးသားချက်တွေ ဆင်ခြင် သင့်ကြပါတယ်။​

မကောင်းမှုတွေ ဘယ်ကစ​

ဒီမိုကရေစီဆိုတာ မဟာဩသဓ နတ်ဆေးကြီး ဖြစ်တယ်ဆိုရင် ဒီနေ့အနောက်ဒီမိုကရေစီ နိုင်ငံကြီးတွေမှာ မြင်တွေ့နေရတဲ့ လူမှုရေး ဖောက်ပြန်ပျက်စီးမှုတွေ၊ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်မှုတွေ၊ နိုင်ငံရဲ့​ ထိပ်တန်း ခေါင်းဆောင်ကြီးတွေကြား အကျင့်ပျက်မှုတွေ၊ အလုပ်လက်မဲ့ ဖြစ်မှုတွေ၊ နေစရာမရှိလို့ လမ်းဘေး အိပ်ရသူတွေ၊ ဘယ်ရှိနေတော့မှာလဲ။ အခုတော့ လူ့​လောကရဲ့​ မကောင်းမှုမှန်သမျှ အဲဒီ ဒီမိုကရေစီ နိုင်ငံကြီးတွေက စခဲ့တာလို့တောင် ပြောရမယ် ထင်ပါတယ်။ ကမ္ဘာမှာ မူးယစ်ဆေးဝါး ပြဿနာကြီး ပေါ်ပေါက်လာအောင်လည်း ဒီမိုကရေစီနိုင်ငံကြီးဆိုတဲ့ အမေရိကန်က စလိုက်တာပါ။ ဗီယက်နမ် စစ်မြေပြင်မှာ သွေးပျက်နေတဲ့ စစ်သားတွေ တိုက်ရဲ​ ခိုက်ရဲ​ စိတ်ဖြစ်လာအောင် စိတ်ကြွဆေးပြားတွေ တီထွင်​ ထုတ်လုပ်ပြီး ဖြန့်ဝေပေးရာက​ အရှေ့​တောင်အာရှမှာ မူးယစ်ဆေး ဈေးကွက်ကြီး ပေါ်ထွန်းလာခဲ့တာ ဖြစ်ပါတယ်။​

ကောင်းဘွိုင်ယဉ်ကျေးမှုက စ အီရတ်က ဆက်ဒမ်ဟူစိန်ဆိုတာလည်း ပနားမားက နော်ရီအေးဂါး(Noriega) လိုပဲ အမေရိကန် စီအိုင်အေက မွေးထုတ်ပေးခဲ့တာဖြစ်တယ်။ အာဖဂန်နစ္စတန်က တာလီဘန်တွေလည်း စီအိုင်အေက မွေးထုတ်ပေးခဲ့တာပါပဲ။ သေနတ်အားကိုးနဲ့ အကြမ်းဖက်လူသတ်တဲ့ လုပ်ရပ်မှန်သမျှ အမေရိကန်ရဲ့​ ကောင်းဘွိုင်ယဉ်ကျေးမှုက စခဲ့တာချည့်ပါ။ ရမ်ဘိုလို အာနိုးလို ရုပ်ရှင်ကားတွေကိုပဲ ကြည့်ပါ။ ဒါကြောင့်​ ဒီမိုကရေစီဆိုတိုင်း နတ်ဆေးကြီး မဟုတ် သလို၊ ဒီမိုကရေစီ နိုင်ငံ ဖြစ်တိုင်း သာယာရွှေပြည် နိုင်ငံကြီး မဟုတ်ဘူးဆိုတာ သိထားဖို့လိုပါတယ်။​

လူသားများရဲ့​ မျှော်လင့်ချက်

တကယ်က ဒီမိုကရေစီဆိုတာ နောက်ဆုံးရည်မှန်းချက် ပန်းတိုင်မဟုတ်ပါဘူး။ပန်းတိုင်ကိုသွားတဲ့ နည်းလမ်းတွေထဲက နည်းလမ်း တစ်ခုသာဖြစ်တယ်။ လူသားများမျှော်လင့်တဲ့ ပန်းတိုင်က၊ စစ်ပွဲကြီးတွေမရှိ ပကတိငြိမ်းချမ်းသာယာတဲ့၊ အားကြီးသူကအားငယ်သူကို အနိုင်ကျင့်မှုတွေ ကင်းစင်ပြီး ဗြဟ္မစိုရ်တရားတွေ ထွန်းကားတဲ့၊ ချမ်းသာသူတွေက ဆင်းရဲသူတွေအပေါ် ခေါင်းပုံဖြတ်ပြီး သွေးဆုပ် ချယ်လှယ်မှုကင်းတဲ့၊ အဓမ္မဝါဒမှန်သမျှ ချူပ်ငြိ်မ်းပြီး ဓမ္မတရား ထွန်းကားတဲ့၊ တရား ဥပဒေရဲ့​ ကာကွယ်စောင့်ရှောက်မှုကို လူသားတိုင်း အညီအမျှ ခံစားခွင့်ရရှိပြီး၊ တရား ဥပဒေရဲ့​အထက်မှာ ဘယ်သူမှမရှိတဲ့၊ သဘာဝတရားက လူသားတိုင်းအတွက် ဖန်တီးပေးထားတဲ့ အခွင့်အရေး မှန်သမျှကိုလူသားတိုင်း အယုတ်အလတ် အမြတ်မရွေး လွတ်လပ်စွာ ရရှိခံစားနိုင်တဲ့ လူသားတိုင်းရဲ့​အမွန်အမြတ်ထားကြတဲ့ လူ့​တန်ဖိုးများကို လူသားတိုင်း စောင့်စည်း ရိုသေ ထိန်းသိမ်းတဲ့လူ့​အဖွဲ့ အစည်းမျိုးမှာ နေထိုင်နိုင်ရေး ဆိုတာပဲဖြစ်တယ်။​

ပြုတ်အောင်လုပ်လို့ ဘောနပ်စ်ရအခုဖြစ်နေတာကတော့ စတော့ဈေးကွက်နဲ့ ဘဏ်လုပ်ငန်းကြီး ပြိုလဲသွားလို့ကုမ္ပဏီတွေ စက်ရုံတွေ ပိတ်ကုန်ကြရပြီး၊ အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်ကြ၊ အိမ်တွေပေါ်က နှင်ချခံရလို့ လမ်းဘေးအိပ်ရ ဖြစ်နေကြတဲ့အချိန်မှာ၊ အစိုးရဆီကငွေကြေးထောက်ပံ့မှုရဖို့ လွှတ်တော်မှာ လာရောက် တင်ပြတောင်းဆိုတဲ့ ဘဏ်လုပ်ငန်းရှင်တွေကတော့ ကိုယ်ပိုင် ဂျက်လေယာဉ်ကြီးတွေစီးပြီး လွှတ်တော်ကို ရောက်လာကြတယ်လေ။ ဒါတင်မကသေးပါဘူး။ အစိုးရဆီက ထောက်ပံ့ကြေးလည်းရရော၊ အဲဒီဘဏ်ကြီးတွေရဲ့​ စီအီးအိုတွေက သူတို့အတွက် ဘောနပ်စ်ဆိုပြီး တစ်ယောက်တစ်ယောက်ကို ဒေါ်လာသန်းပေါင်း ၁၅ဝ စီ ၂ဝဝ စီ ထုတ်ယူလိုက်ကြတယ်လေ။ ဘဏ်ကြီးပြုတ်သွားအောင် လုပ်တဲ့အတွက် အပိုဆု ချီးမြှင့်တယ်ဆိုတာမျိုး ကြားဖူးကြရဲ့​လား။အဲဒါ ဒီမိုကရေစီ နိုင်ငံဆိုတဲ့ အမေရိကန်နိုင်ငံကြီးမှာ ဖြစ်ခဲ့တာပါ။​

ဒေါ်လာ ၆ သိန်းတန်ခွေး

စက်တင်ဘာ ၁၄ ရက်ထုတ် မြန်မာ့အလင်း (အင်္ဂလိပ်) သတင်းစာထဲမှာဖတ်လိုက်ရတဲ့ သတင်းတစ်ခု ပြောပါရစေဦး။ တရုတ်ပြည် ရှန်းစီးပြည်နယ် စီအမ်းလေဆိပ်ကို သန်းကြယ်သူဌေးမ “ဝမ်”ဆိုတဲ့ အမျိုးသမီးတစ်ဦး တိဘက် မတ်စတစ် ခွေးမျိုးခွေးနက်တစ်ကောင် ပွေ့ပြီး ရောက်လာတာကို ပြိုင်ကား ၂ စီး ရှေ့​ဆောင်တဲ့ မာစီဒီးကားနက်ကြီး ၃ဝ နဲ့ လာကြိုဆိုကြပါတယ်တဲ့။ အဲဒီ သူဌေးမက တီဘက် လူမျိုးတွေနေကြတဲ့ တရုတ်ပြည် မြောက်ပိုင်း “ကျင်းဟိုင်း” ပြည်နယ်ကိုသွားပြီး ရှားပါးမျိုးဖြစ်တဲ့အဲဒီခွေးနက်ကို ခက်ခက်ခဲခဲ ရှာဖွေပြီး ယွမ်ငွေ လေးသန်း (ဒေါ်လာ ၆ဝဝဝဝဝ) နဲ့ ဝယ်ခဲ့တာပါ။​

“ရွှေကိုတန်ဖိုး သတ်မှတ်လို့ရတယ်။ တိဘက်မက်စတစ်ခွေးမှာ တန်ဖိုး အကန့်အသတ် မရှိဘူး” လို့ သူဌေးမက ဆိုပါတယ်။ သူလို ခွေးချစ်သူတွေက ခွေးကြိုဆိုရေးကော်မတီဖွဲ့ပြီး ရှားပါး တိဘက်ခွေးနက်ကို မာစီဒီးကားနက်ကြီး ၃ဝ နဲ့ လာကြိုကြတာပါတဲ့။​

ဒီမိုကရေစီ အနှစ်သာရလား

အားလုံးသိကြတဲ့အတိုင်းပဲ ကမ္ဘာ့လူဦးရေ အများဆုံးဖြစ်တဲ့ တရုတ်နိုင်ငံကြီးဆင်းရဲတွင်းက လွတ်အောင် မနည်းကြီး ရုန်းထွက်လာရတာ ဘာမှ မကြာသေးပါဘူး။ ဒါတောင် လူဦးရေ အများစုကြီးဟာ လယ်ယာလုပ်ငန်းကို မှီခိုနေရတဲ့ ဆင်းရဲသားလယ်သမားဘဝမှာ ရှိနေပါသေးတယ်။ ဒီလို အခြေအနေမှာ သူဌေးမ “ဝမ်” လို သူ ကတော့ ခွေးတစ်ကောင်ကို ဒေါ်လာ ၆ သိန်း အကုန်ခံဝယ်ရုံမက ခွေးကြိုဆိုရေး ကော်မတီဖွဲ့ပြီး မာစီးဒီးကားနက်ကြီး ၃ဝ နဲ့ ကြိုဆိုခိုင်းတယ် ဆိုတာမျိုးကို ဒီမိုကရေစီရဲ့​ အနှစ်သာရ လို့ ဘယ်လိုလုပ် ပြောနိုင်ပါမှာလဲ။ ဒါ ဒီမိုကရေစီပဲလို့ ပြောရင်လည်း ဘယ်လိုမှ လက်မခံနိုင်ပါဘူး။​

ဗြဟ္မပါလ နိုင်ငံတော်

လူသားအားလုံးရဲ့​ မျှော်လင့်ချက်ပန်းတိုင်က မတရားမှု ဒုစရိုက်တွေ၊ ရက်စက်ကြမ်းကြုတ်မှုတွေ၊ လူသတ်စစ်ပွဲတွေ လုံးဝကင်းစင်တဲ့ “ဗြဟ္မပါလ နိုင်ငံတော်ကြီး” ဆီအရောက်လှမ်းဖို့သာဖြစ်တယ်။ အဲဒီ နိုင်ငံတော်ကြီးဆီ သွားဖို့ စံနစ်အမျိုးမျိုးနဲ့နည်းလမ်းအသွယ်သွယ်ရှိတယ်။ ဒီမိုကရေစီဆိုတာက အဲဒီ နည်းလမ်း တွေထဲက တစ်ခုသာဖြစ်တယ်။ သူ့​အပြင် တခြားနည်းလမ်းတွေ အများကြီးရှိပါ သေးတယ်။ နိုင်ငံတိုင်းလူမျိုးတိုင်းက ကိုယ့်လမ်းနဲ့ကိုယ် သွားနေကြတာပဲ၊ ဘယ်သူမှ ရောက်ကြသေးတာ မဟုတ်တော့ ဘယ်လမ်းက မှန်တယ်၊ ကောင်းတယ်ဆိုတာ ဘယ်သူမှမပြောနိုင်သေးပါဘူး။​

လမ်းတွေမှ အများကြီး

ဒါကိုပဲ “ဒီမိုကရေစီမှတစ်ပါး၊ အခြားမရှိ”လို့ ကြေးကြော်နေတာကတော့ကောင်းဘွိုင်သမ္မတ နှစ်ဦးဖြစ်တဲ့ ရောနယ်ရေဂန်နဲ့ ဂျော့ဘုရှ်တို့ရဲ့​ လေသံနဲ့တစ်ထပ်တည်း တူနေတယ်လို့ ထင်ပါတယ်။ အမေရိကန်လုပ်ဆို အကုန်ကောင်း၊သိပ်ကောင်း၊ အလွန့်အလွန် ကောင်းဆိုပြီး မျက်စိမှိတ်အော်ရင်း “ကျေးဇူးဆပ်စာပေ”တွေ အရေးကောင်းနေသူတွေကို ပြောလိုက်ချင်ပါတယ်။ ဒီမိုကရေစီအပြင် အခြားနည်းလမ်းတွေ အများကြီး ရှိနေပါတယ်။ ဒီမိုကရေစီဆိုတာက လူသားများရဲ့​ နောက်ဆုံးရည်မှန်းချက် ပန်းတိုင် မဟုတ်ပါဘူး။ နောက်ဆုံးပန်းတိုင်က “ဗြဟ္မပါလ နိုင်ငံတော်ကြီး” ဆီ အရောက်လှမ်းဖို့သာ ဖြစ်ပါတယ်။​

လူ​ထု​စိန်​ဝင်း​

၁၅ – ၉ – ၂ဝဝ၉

LEAVE A REPLY

Please enter your comment!
Please enter your name here