ဂြိုလ်သား ၊ ကြံ့ နှင့် ရွေးကောက်

ဆောင်းပါး သရုပ်ဖေါ် © မင်း​​ကျော်

လွင်ပြင်ကျယ်ကြီးထဲတွင် မရေတွက်နိင်အောင် လူများ ရှိနေကြသည်။ ဒီနေ့သည် ထူးခြားသော နေ့ တစ်နေ့ ဖြစ်သည်။ ထို့ပြင် မ ယုံကြည်နိင် ဖွယ်ရာ နေ့လည်း ဖြစ်သည်။

စူးရှသော အသံတစ်ခု ထွက်လာသဖြင့် လူတွေ အားလုံး တိတ်ဆိတ်သွားကြသည်။ အသံထွက်လာရာဆီသို့ အကြည့်များကို ပို့လိုက်၏။ လွင်ပြင်ရဲ့ တစ်ဖက်စွန်းတွင် ရပ်နေသော ဂြိုလ်သားများထဲမှ အကြီးအကဲ ဖြစ်ဟန်တူသူက အော်သံပေးလိုက်ခြင်းဖြစ်သည်။ သူ့အနောက်နှင့် ဘေးဘက်တွင်တော့ ဂြိုလ်သားများ ရပ်နေကြသည်။

ထူးဆန်းအံ့ဩဖွယ်ရာပင်။ လူသားများမှာ မကြောက်သည့်အပြင် လက်များကို ဆန့်တန်းကာ အားပေးသည့် သဏ္ဍာန်ကို ပြကြသည်။ လူသားတို့ မကြောက်သည်မှာလည်း တကယ်တော့ ထူးဆန်းသည်မဟုတ်။ ထိုဂြိုလ်သားများမှာ လူသားတို့အတွက် ကောင်းကျိုးဆောင်ရန် ရောက်လာမှန်း အားလုံးသိထား ကြခြင်းကြောင့် ဖြစ်သည်။ သူတို့ ဘယ်အချိန်က ကမ္ဘာမြေပေါ်ရောက်လာကြသနည်း။ ဘာရည်ရွယ်ချက်နဲ့ သူတို့လာခဲ့ကြတာလဲ…။

​။​………………………………………………………………………………………………………………………..။

လွန်ခဲ့သည့် ၄ ရက်ခန့်က လူသူကင်းဝေးသော လယ်ကွင်းတစ်ခုထဲသို့ ဂြိုလ်သားများ စီးနင်းလိုက်ပါလာသော ယာဉ်ပျံကြီး တိတ်တဆိတ် ဆိုက်ရောက်လာခဲ့သည်။ ထို့နောက် ယာဉ်ပျံပေါ်မှ ဂြိုလ်သားများ ဆင်းသက် လာကြသည်။ သို့သော် သူတို့ကို အပင်အောက်တွင် အိပ်နေသူ တစ်ဦးမှ တွေ့မြင်သွားခဲ့သည်။ ဆန်းကြယ်သော အဖြစ်ကြောင့် ထိုလယ်သမားမှာ အံ့ဩဘနန်းဖြစ်ကာ တော်တော်နှင့် မလှုပ်မရှားနိင်ဖြစ်ကာ ကြောင်အ သွားခဲ့ရသည်။ ထို့နောက် သတိပြန်ဝင်လာပြီးနောက် ထွက်ပြေးတော့သည်။

သို့သော် ထိုလယ်သမားကြီးကို ဂြိုလ်သားများမှ တွေ့မြင်သွားသဖြင့် ထွက်မပြေးနိင်ရန် ဖမ်းချုပ်လိုက်၏။ လယ်သမားခင်မျာ တခါမှ မမြင်ဖူးသော ဂြိုလ်သားပုံသဏ္ဍာန်ဆန်းကြောင့် ကြောက်သေး များပင် ထွက်ကျကုန်သည်။ ဂြိုလ်သားများထဲမှ တစ်ဦးက ရှေ့တိုးလာသည်။ သူ့ခေါင်းပေါ်မှ သံမဏိအတံ အသေးလေး တလှုပ်လှုပ် ဖြစ်သွားသည်။ လယ်သမားကြီး၏ စိတ်ထဲတွင် အသံတစ်ခု ကြားလိုက်ရသည်။

“ မကြောက်ပါနဲ့ ဒုက္ခမပေးပါဘူး ”

လယ်သမား ပို၍ကြောက်လန့်ကာ ဒူးများပင် ခွေယိုင်သွားသည်။ ထိုဂြိုလ်သားခေါင်းပေါ်မှ သံမဏိ အတံငယ်လေးကို ထပ်လှုပ်ပြန်သည်။မည်သည့်အသံမှ မထွက်လာပေမယ့် လယ်သမားကြီး စိတ်ထဲတွင် စကားပြောသံကို ပီပီပြင်ပြင်ကြားရပြန်သည်။

“ တကယ်မကြောက်ပါနဲ့ ကျုပ်တို့က ကူညီဖို့လာတာပါ ”

သူ့လက်ကို ငြင်ငြင်သာသာ ကိုင်စွဲထားသည့်အပြင် ကြားရသော စကားသံမှာလည်း သူ့စိတ်နှလုံးကို အေးချမ်းစေသော အသံမျိုး ဖြစ်သဖြင့် လယ်သမားကြီး အကြောက်လျော့သွားသည်။ သူမဝ့ံမရဲဖြင့် ဂြိုလ်သားများကို မေးလိုက်သည်။

“ ခင်ဗျားတို့က ဘယ်သူတွေက ဘာလာလုပ်တာလဲ ”

လယ်သမားမှ ပြောရိုးပြောစဉ်အတိုင်း အသံထွက်ကာ ပြောလိုက်သော်လည်း ဂြိုလ်သားများမှာ သူတို့ခေါင်းပေါ်မှ သံမဏိအတံလေးကို လှုပ်ရုံဖြင့် သူတို့ပြောစေချင်သော စကားများကို တဖက်သား ရင်ထဲထိ ရောက်ရှိစေနိင်စွမ်းရှိသည်။

“ ကျုပ်တို့လာတာက ခပ်လွယ်လွယ်ပြောရရင် အဖြူရောင်ဂြိုလ်ကပဲ လာရတဲ့ရည်ရွယ်ချက်ကတော့ ဒီနိင်ငံမှာ ရွေးကောက်ပွဲ လုပ်မယ်ဆိုတာ သိရလို့ လာတာ ”

ဂြိုလ်သားများကို စေ့စေ့ကြည့်ကာ ငါတို့နိင်ငံက ပါတီတွေက ခြေသွက်လှချည်လား ဂြိုလ်သားတွေကိုတောင် လာဘ်ထိုးပြီး မဲလာပေးခိုင်းနိင်ပါလားဟု တွေးလိုက်သည်။ သူတို့ကိုတော့ ငါ့ကို ပေးသလို တစ်သောင်းနဲ့ မရလောက်ဘူးထင်တယ်ဟု လယ်သမားကြီး ဆက်တွေးမိသည်။

“ မဲလာပေးတာ မဟုတ်ဘူး အဲဒီလို လာဘ်ပေးလာဘ်ယူပြီး မသမာမှုနဲ့ မဲလိမ်တာကို အရေးယူဖို့လာတာပါ ”

လယ်သမားကြီး လန့်သွားသည်။ “ဟိုက်..ငါတွေးတာတောင် သိနေပါလား” ဟုတွေးမိသည်။

“ကျုပ်တို့က ဒီဂြိုလ်မှာရှိတဲ့ လူမျိုးတိုင်းရဲ့ ဘာသာစကားကို တတ်ကျွမ်းတယ် အဓိက ဆက်သွယ်တာက စိတ်ချင်းဆက်သွယ်တာပဲ ခင်ဗျားအနေနဲ့ အသံထွက်ပြီး မပြောဘဲ စိတ်နဲ့ ပြောရင်လည်း ကျုပ်တို့ နားလည်ပါတယ်”

“စိတ်နဲ့တော့ မပြောတတ်ဘူးဗျာ အကျင့်မရှိဘူး ”

“ထားပါ ကျုပ်တို့လာတာကို ခင်ဗျား လျှို့ဝှက်ထားပေးပါ။ မဲလိမ်တာတွေကို တိတ်တဆိတ် စောင့်ကြည့်မလို့ပါ”

“လိမ်တာတွေ့ရင်ရော”

“လိမ်တာတွေ့ရင်တော့ ကျုပ်တို့ ဂြိုလ်ကို ခေါ်သွားပြီး သူတို့ကို စိတ်ဓါတ်သန့်ရှင်းရေး လုပ်ပေးပြီးမှ ပြန်လွှတ်ပေးမှာ”

“ ပြန်လွှတ်ပေးမှာ သေချာလား ”

ပြည်သူအချင်းချင်းဆိုသည့် အသိဖြင့် လယ်သမားကြီး စိုးရိမ်စွာ မေးလိုက်သည်။

“ ပြန်လာပို့ပေးမှာပေါ့ ကျုပ်တို့ဂြိုလ်မှာလည်း မထားပါဘူး။ စိတ်ဓါတ်ကောင်းအောင် လုပ်ပြီးရင် ပြန်လာပို့မှာပါ”

“ဒါဆိုရင်တော့ ခင်ဗျားတို့ လာတာကို လျှို့ဝှက်ထားပေးပါ့မယ်”

လယ်သမားကြီးနှင့် ညှိနှိုင်း၍ရသဖြင့် ဂြိုလ်သားများ ကျေနပ်ကာ အရပ်အသီးသီးသို့ ထွက်ခွာသွားကြသည်။ လယ်သမားကြီးမှာတော့ ကတုန်ကယင်ဖြစ်စိတ်ဖြင့် အိမ်သို့ပြန်လာသည်။ ထူးခြားဆန်းကြယ်သော အဖြစ်ကို သူတစ်ယောက်ထဲ တွေ့မြင်ခဲ့သဖြင့် တစ်ယောက်ယောက်ကို ပြောပြချင်စိတ် အင်မတန်ဖြစ်နေမိသည်။ နောက်ဆုံးတော့ ဘယ်လိုမှ မနေနိင်တော့သည့် အတွက် သူ့မိန်းမ ဖြစ်သူကို ပြောပြလိုက်သည်။

“ ……………….. အဲဒီတော့ မင်းလည်း ဘယ်သူမှ မပြောနဲ့နော်”

လယ်သမားကြီး၏ စကားဆုံးတော့ သူ့ဇနီးဖြစ်သူမှ သေသေချာချာ ကြည့်ကာ

“ ရှင် အပင်အောက်မှာ အိပ်နေတုန်း အပမှီလာပြီထင်တယ်”

သူ့ဇနီးဖြစ်သူမှ မယုံကြည်သဖြင့် လက်ဆွဲကာ ယာဉ်ပျံရပ်ထားရာစီသို့ ခေါ်ဆောင်သွားသည်။ ယာဉ်ပျံမရှိတော့ပေမယ့် လယ်ကွင်းထဲတွင် ထင်ရှားသော အရာများ ကျန်ရစ်ခဲ့သည်။ ထို့ပြင် ဂြိုလ်သားများ၏ ခြေရာဆန်းများကိုပါ တွေ့လိုက်ရသဖြင့် ယုံကြည်လက်ခံသွားရတော့သည်။

“ ဒုက္ခပါပဲတော် ကျုပ်တို့ မဲပေးပါ့မယ်ဆိုပြီး တစ်ယောက် တစ်သောင်း ယူထားတာ ဘယ်လိုလုပ်မလဲ ”

“အေးကွာ… မဲသွားပေးရင်လည်း ဂြိုလ်သားတွေ သိပြီး ငါတို့ပါ ဖမ်းခေါ်သွားအုံးမယ်”

“ ဂြိုလ်သားတွေနဲ့ တွေ့တုန်းက တစ်သောင်းယူထားမိလို့ မဲသွားပေးရင် အပြစ်ရှိလားဆိုတာ မမေးထားလိုက်ဘူးလား”

“ ငါလည်း ကြောက်နေတာနဲ့ မေးဖို့ သတိမရလိုက်ဘူး ”

လယ်သမား ဇနီးမောင်နှံလည်း ကြံရာမရဖြစ်ကာ တခြားသူများကို ပြောပြ အကူအညီတောင်း လိုက်တော့သည်။ ထိုသို့ဖြင့် ဂြိုလ်သားများ ရောက်နေသည့် သတင်းမှာ ရွာငယ်ဇနပုဒ်မှ တဆင့် တဖြည်းဖြည်း မြို့ပြအထိ ပျံ့နှံ့လာတော့သည်။ သို့သော် ရွေးကောက်ပွဲ ပျက်စေရန် ကောလဟာလ လွှင့်သည်ဟု သတ်မှတ်ကာ ဂြိုလ်သားအကြောင်း ပြောသူများကို ဖမ်းဆီးချုပ်နှောင်လေတော့သည်။

လယ်သမားကြီးနေသော တစ်ရွာလုံးတွင် ရှိသမျှ ယောက်ျားများအကုန် ဘုန်းကြီးဝတ်ကြကာ မိန်းမများကတော့ သီလရှင် ဝတ်ကုန်ကြတော့သည်။ ရွေးကောက်ပွဲ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၉) ရှိ ပုဒ်မ ၃၉၂ (က) တွင် သာသနာ့ဝန်ထမ်းများ ဆန္ဒမဲပေးပိုင်ခွင့်မရှိ ဟု ပါဝင်နေသည် မဟုတ်လား။ ပုဒ်မ ၃၉၂ (ခ) ဖြစ်သည့် ထောင်ဒဏ်ကျခံနေရသူများ ဆန္ဒမဲပေးခွင့်မရှိဟု ပါသော်လည်း မည်သူမှ ထောင်ကျမခံနိင်သည့် အတွက် ဘုန်းကြီးဝတ်လိုက်ကြခြင်းဖြစ်သည်။ ထို့ကြောင့် အချိန်အခါ မဟုတ်ဘဲ သင်္ကန်းတိုက် များလည်း လက်မလည်အောင် ရောင်းချရလေသည်။

ထိုသို့ဖြင့် စီမံထားသည့် အတိုင်း မဲပေးပွဲကြီးကို တနိင်ငံလုံး ခြိမ့်ခြိမ့်သဲသဲ ကျင်းပကြတော့သည်။ နောက်တစ်နေ့တွင်တော့ မဲလိမ်သည့် လူများကို ဂြိုလ်သားများမှ အမှန်တကယ် ဖမ်းဆီးလိုက်ပြီးနောက် လွင်ပြင်ကျယ်ကြီးထဲတွင် စုရုံးထားလိုက်သည်။ ပြည်သူများမှ တခဲနက် လာရောက် ကြည့်ရှုကြခြင်းကြောင့်

လွင်ပြင်ကျယ်ကြီးထဲတွင် လူများ စည်ကားနေခြင်းဖြစ်သည်။

ထိုသတင်းကို ကမာ္ဘအနှံ့ တိုက်ရိုက် ထုတ်လွှင့်ရန် သတင်းဌာနများလည်း ရောက်နေကြသည်။ ကမာ္ဘ့နိင်ငံခေါင်းဆောင် တော်တော်များများ လည်း ရောက်လာကြသည်။ ထို့ပြင် အစိုးရအဖွဲ့အစည်းများ၊ အစိုးမဟုတ်သည့် အဖွဲ့များလည်း ရောက်နေ ကြသည်။ စူးရှသော အသံတစ်ခု ထွက်ပေါ်လာသဖြင့် ပြည်သူအားလုံး ငြိမ်သက်သွားသည်။ ဂြိုလ်သားများ၏ အကြီးအကဲ ဖြစ်သူက စကားစပြောသည်။ သူ့ပြောစကားများအားလုံး လူသားတို့၏ စိတ်နှလုံးသားထဲသို့ အသီးသီးဝင်ရောက်သွားသည်။

“ဒီမှာ စုရုံးထားတဲ့ မသမာတဲ့နည်းနဲ့ မဲလိမ်ခဲ့တဲ့ သူတွေကို ကျုပ်တို့ အခု ဖမ်းခေါ်သွားရပါမယ် ရည်ရွယ်ထားသလို စိတ်ဓါတ်သန့်ရှင်းရေး လုပ်ပြီး ပြန်လွှတ်ဖို့တော့ မသေချာပါဘူး ဘာကြောင့်ဆိုတော့ ဟိုမှာကြည့်လိုက်ပါ ”

ဂြိုလ်သားအကြီးအကဲရဲ့ လက်ညွှန်ရာကို ကြည့်လိုက်သည့်အခါ မဲလိမ်သည့်သူများကို ယာဉ်ပျံကြီးဆီသို့ ခေါ်ဆောင်သွားမည့် ကားများကို တွေ့လိုက်ရသည်။ သို့သော် သာမန် ကားများမဟုတ်။ ထိုင်ခုံမပါဘဲ လေးဘက်လေးတန် သံဇကာများဖြင့် ပိတ်ထားသော တိရိစာ္ဆန်တင်ကားများ ဖြစ်နေသည်။

“ ဟာာာ ”

လူထုထံမှ အော်သံများ ထွက်ပေါ်လာသည်။ ထိုကားများကို တွေ့မြင်ပြီးနောက် လူ့အခွင့်အရေးအဖွဲ့ အကြီးကဲ ဖြစ်သူမှ ရှေ့ထွက်လာကာ ဂြိုလ်သား အကြီးအကဲကို လှမ်းပြောလိုက်သည်။

“ ဒါဟာ ဖိနှိပ်မှုရဲ့ ပြယုဂ်ပါ။ သူတို့ဟာ အပြစ်ရှိကောင်းရှိမယ်။ သို့သော် လူသားတစ်ယောက်ရဲ့ အခွင့်အရေး အတိုင်း သူတို့ကို ကောင်းမွန်စွာ ခေါ်ဆောင်ဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ဒီ ကားတွေဟာ တိရိစာ္ဆန်တွေကို တင်ဆောင်တဲ့ကားပါ။ ဒီကားနဲ့ ခေါ်ဆောင်သွားဖို့ကို ကျနော်တို့ ကန့်ကွက်ပါတယ်”

ဂြိုလ်သားအကြီးအကဲ ဖြစ်သူမှ လက်ကာ ပြလိုက်သည်။ ထို့နောက် အားလုံးကြားရန် ပြောလိုက်၏။

“ တကယ်တော့ သူတို့ဟာ လူသားတွေ မဟုတ်ပါဘူး။ ဘာတွေလည်း သေချာကြည့်ကြပါ။ ”

ဖမ်းဆီးထားသော လူအုပ်ပေါ်သို့ ရောင်ခြည်တန်းများ ဖြာအုပ်သွားသည်။ စူးရှသော အလင်းရောင်ကြောင့် ကြည့်နေသူများ မျက်လုံးမှိတ်လိုက်ကြသည်။ မျက်လုံးများ ပြန်ဖွင့်လိုက်ချိန်တွင် အံ့ဩဖွယ်ရာ အဖြစ်ကို ကြံုကြရသည်။ ဖမ်းဆီးခံထားသူများ အားလုံးမှာ လူပုံသဏ္ဍာန်ပျောက်ကာ မူလပုံသဏ္ဍာန်ဖြစ်သည့် ကောင်းကင်ကို ကျောပေးထားသော ခြေလေးချောင်း သတ္တဝါများ ဖြစ်ကုန်တော့သည်။ နဖူးတွင်တော့ ချိုတစ်ချောင်းစီ ထောင်ကာ နေသည်။

“အားးး​း​း​”

“ အောင်မလေး ဘာတွေလဲ”

လူအုပ်ကြီးမှာ ကြောက်လန့်တကြားဖြစ်ကာ ဝရုန်းသုန်းကား ဖြစ်ကုန်တော့သည်။

ဂြိုလ်သား အကြီးအကဲ ဖြစ်သူမှ

“ မကြောက်ကြပါနဲ့ ဘာမှ အန္တရာယ် မပေးနိင်ပါဘူး ”

ဟု ပြောသဖြင့် လူများ အားလုံး တစ်ယောက်လက် တစ်ယောက် ဆုပ်ကိုင်ကာ အချင်းချင်းအားပေးကြသည်။

သို့သော် တစ်ချို့ကတော့ လူအုပ်၏ နောက်ကွယ်တွင် ရပ်ကာ သူတို့ကို မမြင်အောင် ကွယ်ထားကြသည်။ ဘေးနားမှ လူမှ

“ ဘာဖြစ်တာလဲ ကြောက်လို့လား”

“မဟုတ်ပါဘူး တစ်သောင်းယူထားမိလို့ အားနာလို့”

ဖမ်းဆီးခံထားရသော အဖွဲ့ကို ကြည့်ကာ တချို့ကတော့ တရှုံ့ရှုံ့နှင့် ငိုနေကြသည်။

“ နင့်အမျိုးတွေပါသွားလို့ ဝမ်းနည်းနေတာလား ”

“ မဟုတ်ပါဘူး သေသွားတဲ့ အဖေနဲ့ မောင်လေး ဒီမြင်ကွင်းတွေ မမြင်လိုက်ရတာ သနားလို့ပါ”

ထိုအချိန်တွင် ထိတ်လန့်ဖွယ်အဖြစ် တစ်ခု ဖြစ်ပွားသွားခဲ့သည်။ ထိုအဖြစ်မှာ လူအုပ်ကြီး ဝရုန်းသုန်းကား ဖြစ်နေချိန် ကြောက်လန့်ပြီး လွှတ်ချထားမိသော ဆေးလိပ်များကြောင့် ဖြစ်သည်။ မြေပေါ်တွင် အငွေ့တလူလူ နဲ့ မီးရဲ နေသော ဆေးလိပ်များကို မြင်သဖြင့် မူလသွင်ပြင် ပြန်ပေါ်နေပြီဖြစ်သော တိရိစာ္ဆန် များမှ ပြေးလာကာ ထိုဆေးလိပ်မီးများကို ခြေထောက်ဖြင့် နင်းချေကာ မီးသတ်ပစ်ကြသည်။ ထိုအနားရှိ လူအုပ်ကတော့ ကြောက်လန့်တကြား ထွက်ပြေးတော့သည်။

ဗဟုသုတ ရှိသောလူကြီး တစ်ယောက်မှ အော်ပြောလိုက်၏။

“ ဒါသဘာဝပဲ ကြံ့ဆိုတာ တောတွင်း မီးသတ်ကားလို့ ခေါ်တယ်ကွဲ့ သူတို့က မီးရောင်မြင်ရင် လိုက်ငြိမ်းပစ်တာလေ ”

ဖမ်းဆီးထားသူများကို တင်ဆောင်သွားမည့် ယာဉ်ပျံကြီးကတော့ ထွက်ခွာရန် အဆင်သင့်ဖြစ်နေပြီ။ ထိုအချိန်တွင် လူအုပ်ထဲမှ တစ်ယောက် ယာဉ်ပျံရှိရာသို့ ပြေးထွက်လာသည်။

“ခဏနေပါအုံး ဒါလေးယူသွားပေးပါ”

ဂြိုလ်သားတစ်ယောက်၏ လက်ထဲကို အဝတ်လိပ်လေး တစ်ခု လှမ်းပေးလိုက်သည်။ ဂြိုလ်သားက ဖြည်ကြည့်လိုက်သည်။ အရောင် သုံးရောင်ခြယ်ထားသော အဝတ်စ တစ်ခုဖြစ်နေသည်။ ဂြိုလ်သားထံမှ စကားသံ ထွက်ပေါ်လာသည်။

“ ဒီအဝတ်စကို ဘာလုပ်ပေးရမှာလဲ ”

“ အာကာသထဲ ရောက်ရင် လွှင့်ပစ်ခဲ့ပေးပါ ကမာ္ဘနဲ့ ဝေးသထက်ဝေးလေ ကောင်းလေပဲ”

ဂြိုလ်သားမှ ခေါင်းတစ်ချက်ငြိမ့်ကာ အဝတ်စကို ပြန်လိပ်ပြီးနောက် ယာဉ်ပျံပေါ်တက်သွားသည်။ ယာဉ်ပျံလည်း ကောင်းကင်ပေါ် ပျံတက်ရန် အရှိန်ယူနေလေပြီ။ ထို့နောက် တရွေ့ရွေ့ မြင့်တက် ထွက်ခွာသွားတော့သည်။

ကောင်းကင်ပေါ် ပျံတက်သွားသော ယာဉ်ပျံကို ငေးမောနေကြသော လူအုပ်ထဲမှ အသံ တစ်သံ ထွက်လာသည်။

“​ေဩာ်​ ကြံ့တွေမို့လို့ ဒင်းတို့က အရေခွံထူတာကိုးးး​း​”

ထိုအခါ အားကျမခံ ဝင်ပြောလိုက်သော စကားသံသည်လည်း ထပ်ထွက်လာသေးသည်။

“ ဒါတင်ဘယ်ကမလဲဗျာ မီးရောင်မြင်ရင် မနေနိင်လို့ တစ်နိင်ငံလုံး အမှောင်ချထားတာလည်း ထည့်ပြောအုံးလေ”

တစ်ယောက်တစ်ပေါက် မှတ်ချက်ချသံများကို ချန်ရစ်ကာ ယာဉ်ပျံကြီး ထွက်ခွာသွားလေပြီ။ သူတို့ကို စိတ်ဓါတ်သန့်ရှင်းရေးလုပ်ပြီးလျင် ပြန်လာပို့မလားဆိုသည်ကိုတော့ ယခုလောလောဆယ် မည်သူမျှ စိတ်မဝင်စား ကြသော ကိစ္စတစ်ခုသာ ဖြစ်သည်။

ယာဉ်ပျံကြီးကတော့ အစက်အမှုန်လေး အဖြစ် ဂြိုလ်ပါတ်လမ်းထဲဝင်ရောက်ကာ တဖြေးဖြေး ပျောက်ကွယ်သွားတော့သည်။

မြစ်​ကျိုး​အင်း​

http://www.myitkyoeinn.com

LEAVE A REPLY

Please enter your comment!
Please enter your name here