ပြည်​တွင်း​​ အင်တာနက်အသုံးပြုမှုများ ဆိုးရွားလျှက်ရှိ

alt

ယခု ရက်သတ္တပတ်အတွင်း မြန်မာ နိုင်ငံတွင် အင်တာနက် အ​သုံး​​ပြု​မှု​များ​ အလွန် ဆိုးရွားစွာ အဆင် မပြေ ဖြစ်နေကြောင်း အင်တာနက် သုံးစွဲသူများနှင့် Public Access Center (PAC) ဆိုင်ပိုင်ရှင်များက ပြောကြားသည်။

ပြည်ပ ဝက်ဘ်ဆိုက်များ ဝင်ရောက်၍ မရဘဲ ပြည်တွင်း ဒိုမိန်း (.com.mm) ဖြင့် ဝက်ဘ်​ ဆိုက်များကိုသာ ဝင်ရောက်​ နိုင်ခြင်း၊ အင်တာနက် အမြန်နှုန်းမှာလည်း အသုံးပြု၍ မရနိုင်​ လောက်အောင် နှေးကွေး​ နေခြင်းနှင့် အင်တာနက်လိုင်း လုံးဝ ပြတ်တောက် သွားခြင်းများ ဖြစ်ပေါ်​ လျှက် ရှိသည်။ ထိုသို့သော အခြေအနေကြောင့် တချို့သော PAC ဆိုင်များမှာ ဆိုင်ပိတ် ထားရသည်အထိ ဖြစ်နေကြောင်း သိရသည်။ အင်တာနက်လိုင်းများ အလွန်အမင်း ဆိုးရွားနေခြင်း အပေါ် မေးမြန်း စုံစမ်းမှုများ ပြုလုပ်သော်လည်း ခိုင်မာ တိကျသည့် အကျိုးအကြောင်း တစ်စုံ တစ်ရာ မသိရှိ ရကြောင်း PAC ဆိုင်များက ပြောကြားသည်။ မြန်မာ့ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာ (MPT) နှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သတင်းများ အရ ယခုကဲ့သို့ အင်တာနက်လိုင်းများ နှေးကွေးနေခြင်း၊ လုံးဝ ပြတ်တောက် သွားခြင်းများမှာ မကြာသေးမီက တရားဝင် အခမ်းအနားဖြင့် လွှင့်တင်လိုက်သည့် ရတနာပုံ ဝက်ဘ်ပေါ်တယ် (www.yatanarpon.com.mm) မှာ DDoS နည်းဖြင့် Cyber Attack တိုက်ခိုက်ခံရရာမှ MPT ၏ ISP ဆာဗာများပါ တိုက်ခိုက် ခံရသကဲ့သို့ ဖြစ်သောကြောင့်ဟု ဆိုသည်။

သို့သော် အခြားသတင်းများအရ အမျိုးသားအဆင့်ဟု သတ်မှတ်ကာ စစ်အစိုးရမှ အကောင်အထည်ဖော်နေသည့် ရတနာပုံဝက်ဘ်ပေါ်တယ်၏ ဝန်ဆောင်မှုများကိုသာ အသုံးပြုစေလိုခြင်းနှင့် ပြည်တွင်းရှိ အင်တာနက်အသုံးပြုမှုများကို ပိုမိုထိရောက်စွာ ထိန်းချုပ်စောင့်ကြည့်နိုင်ရန်အတွက် စနစ်တကျ ပြင်ဆင်မှုများ ပြုလုပ်နေခြင်းကြောင့်ဟုလည်း သိရသည်။ အဆိုပါကိစ္စနှင့်ပတ်သက်သည့် အချက်အလက်များအား မြန်မာသတင်းသမဂ္ဂနှင့် ပြင်သစ်နိုင်ငံအခြေစိုက် နယ်ခြားမဲ့ သတင်းထောက်များ အသင်းတို့က သုသေတန​ စာတမ်းတစောင် မကြာမီ ထုတ်ပြန်ဖွယ်ရှိကြောင်းလည်း သိရသည်။

ရတနာပုံဝက်ဘ်ပေါ်တယ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာတွင် အမေရိကန်ဒေါ်လာ ၂ သန်း ကုန်ကျခဲ့သည်။ ထိုကုန်ကျစရိတ်များကို စစ်အစိုးရ၏ စီးပွားရေးခေါင်းဆောင်ဟုပင် ခေါ်ဆိုနိုင်သော ဦးတေဇက နောက်ကွယ်မှ ငွေကြေးပံ့ပိုးမှု အဓိကပြုလုပ်ပေးနေပြီး ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းအများစုကိုလည်း ၎င်းပိုင်ဆိုင်သည့် E Lite ကုမ္ပဏီက ဆောင်ရွက်ခွင့်ရရှိနေသည်။ အခြားသော ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် ရွှေသံလွင်ကုမ္ပဏီမှာလည်း MPT နှင့် နီးကပ်သည့် ဆက်ဆံရေးများ ရှိနေပြီး Sky NET DT H ဂြိုလ်တုရုပ်သံစနစ်၊ အင်တာနက်၊ ဖုန်းလိုင်းနှင့် ရုပ်သံစနစ်များ ပါဝင်သည့် Sky NET MPS (Multi-Play Services) များကို လုပ်ကိုင်ဆောင်ရွက်ခွင့် ရရှိထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here