ကွာ​ရှင်း​ပေး​ရန်​​ တောင်း​ဆို​သည့်​ ​ဗြိ​တိန်အ​မျိုး​သ​မီး​အား​ ​ခင်​ပွန်း​ဖြစ်​သူ​က​ ​သတ်​ဖြတ်​ခဲ့​မှု​ ​စ​တင်​စစ်​ဆေး

alt

ကွာရှင်းပေးရန် ခင်ပွန်းသည်အား တောင်းဆို ခဲ့သော အမျိုးသမီး တစ်ဦးမှာ မသေမချင်း ဓားဖြင့် ရက်ရက် စက်စက် ထိုးသတ် ခံလိုက် ရသည့် ပြစ်မှုကို အောက်တိုဘာ ၁၈ ရက်နေ့က ဗြိတိန် နိုင်ငံတွင် စတင် စစ်ဆေး နေကြောင်း သိရသည်။

သက် ၂၈ နှစ်ရှီ ဂီတာအောလက်အား သတ်ဖြတ်မှု အတွက် အသက် ၃၂ နှစ်အရွယ် ခင်ပွန်းသည် ဟားပက် အောလက်နှင့် အခြား ၃ ဦးကို ယခုအခါ လန်ဒန်မြို့ အိုးဘေလီ တရားရုံးတွင် စတင် ကြားနာ စစ်ဆေး နေပြီ ဖြစ်သည်။ ဟားပက်သည် ဇနီးဖြစ်သူက ကွာရှင်းခွင့် တောင်းခံ ခဲ့ခြင်း အပေါ် အလွန် ဒေါသ ထွက်ခဲ့ပြီးနောက် ကလေး နှစ်ဦး အား ကလေးထိန်း ဌာနမှ သူမ သွားကြိုစဥ် လူမိုက် ငှားကာ တိုက်ခိုက် စေခဲ့ကြောင်း အစိုးရ ရှေ့နေ အက်ဖတက် ဂျက်ဖာဂျီက စွပ်စွဲခဲ့သည်။ ဟားပက် အနေနှင့် ဇနီးသည် အား သတ်ဖြတ်ရန် ကြိုတင် စီမံခဲ့သည်မှာ ယုံမှားဖွယ် မရှိဟု အစိုးရ ရှေ့နေများက ဆိုသည်။

ပြီးခဲ့သည့်နှစ်၊ နိုဝင်ဘာလက အနောက်လန်ဒန်တွင် အသတ်ခံရသည့် ဂီတာ၏ ဖြစ်စဥ်ကို CCTV ကင်မရာများက မှတ်တမ်း တင်ထားနိုင်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ်က လက်ထပ်ခဲ့သော စုံတွဲသည် ယမန်နှစ် ဂီတာအသတ်မခံရမီ အဆင်မပြေ ဖြစ်လာ ခဲ့သည်။ ဂီတာတွင် ချစ်သူ တစ်ဦး ရှိနေကြောင်း သိရှိ လာချိန်တွင် ဟားပက်သည် ဂီတာ တို့စုံတွဲ နှစ်ဦးလုံးကို သတ်ပစ် မည်ဟု ကြံုးဝါးခဲ့ကြောင်း ကိုယ်တိုင် ကြားသိခဲ့သူ ဂီတာ၏ ညီမက အစစ် ခံထားသည်။ ဟားပက်သည် ဂီတာက ကိုယ်တိုင် ကွာရှင်းခွင့် တောင်းခံချိန်တွင် အလွန် ဒေါသ ထွက်ခဲ့ကြောင်း မြင်တွေ့သူများလည်း ရှိသည်။

အစိုးရ ရှေ့နေများက ဟားပက်သည် အသက် ၁၉ နှစ်အရွယ် ရှာဆင်း၊ အသက် ၃၀ အရွယ် ဂျက်စဝမ့်ဒီလီယန်နှင့် အသက် ၂၀ အရွယ် ဟာပယ်ဆင်းတို့အား ဇနီးကို သတ်ပေးရန် ငှားရမ်းခဲ့ကြောင်း စွဲချက်တင်ထားသည်။ ယင်းကိစ္စအတွက် အမျိုးသား ၄ ဦးလုံးက ငြင်းဆိုထားပြီး တရားရုံးက အမှုကို ဆက်လက်စစ်ဆေးနေဆဲဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here