ကြ့ံဖွတ် ပါတီဝင် တုတ်ကြီး နဲ့ မှုတ်ကြီး

ဆောင်းပါး သရုပ်ဖေါ် © မင်း​​ကျော်

ကျုပ်နာမည် တုတ်ကြီး ။ လက်မရွံ့ တုတ်ကြီးလို့လည်း ခေါ်တယ် ။ တာရာပွကြီး လို့လည်းခေါ်တယ်​။​​ ကျုပ်နာမည် ၊ ကျုပ်အလုပ်နဲ့ ကျုပ်ကို ဟောဒီ တစ်မြို့နယ်လုံး

သိတယ် ။ နာမည်က ထူးလို့ လူသိတာ တော့ထားပါတော့ ။ ကျုပ် ဘာလုပ်လည်း သိချင်လား ။

မမေးနဲ့ ။ ရုံးရောက်မှပြောကြတာပေါ့ ။ အဲ .. မှားလို့ ။ အကျင့်ပါသွားလို့ပါ ဆရာ ရယ် ။ ကျူပ်လား ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး အသင်းရဲ့ မြို့နယ် အတွင်းရေးမှုးဗျ ။ ကျုပ်အသက်အရွယ်နဲ့ အတွင်းရေးမှုးဆိုတော့ ခင်ဗျား နည်းနည်းတော့ ဖြံုသွားမှာပေါ့ ။ ဒါပဲလေ ကျုပ်က အသင်းထဲကို ၁ဝ တန်း ဒုတိယနှစ် မဖြေချင်တော့တဲ့ အချိန်ကတည်းက စလုပ်လာတာဗျာ ။ ခင်ဗျားလည်း ဘာပဲလုပ်လုပ် ကျုပ်နဲ့လွတ်အောင် လုပ်ရင်လုပ် ။ မဟုတ်ရင်တော့ ဖြံုရမှာပဲ ။

ဟောဒီနယ်တစ်ကြောမယ် တုတ်ကြီး ဟေ့ဆိုပွဲသိမ်း ။ စစ်တပ်ကလွဲလို့ အကုန်ငြိမ်း ။ ရဲလား .. သနားတာပေါ့ဗျာ ။ ကျုပ်အောက်ကကောင်တွေပါ ။ ၁လုံး ၂လုံး ၃လုံးကြေးတောင် ကျုပ်ကို ကျော် မယူရဲတဲ့ကောင်တွေပါ ။ ပွဲသိမ်းဆို ဖြစ်သမျှပွဲ အကုန် ကျုပ်ခွင့်မပြုရင်မပြီးဘူးလေ ။ ဘုရားပွဲလား ၊ တရားပွဲလား ၊ စာပေဟောပြောပွဲလား ၊ အလှူလား ၊ မင်္ဂလာဆောင်လား ။ ဆိုင်သစ်ဖွင့်မလား ၊ ဒိုင်လုပ်မလား ကြိုက်တာလာခဲ့ ကျူပ်ဆီကပဲ ထွက်ရတာ ။ ကျုပ်ငြိုငြင်ပီ ဆိုရင်တော့လား ဘုန်းကြီးသော ဘာသော မရဘူးသာမှတ် ။ ဒါတင်ပဲလား ဆိုတော့ ဘယ်ဟုတ်လိမ့်မလဲဗျာ ။

ကလေးတွေ ကျုပ်ကြောင့်ကြီးပွားသွားတာတွေ မနည်းပေါ့ ။ ကျုပ်ထောက်ခံပေးလိုက်လို့ အလုပ်ရသွားတဲ့ ကလေးတွေ ၊ စစ်ဗိုလ်ဖြစ်သွားတဲ့ကလေးတွေ ၊ နိုင်ငံခြားထွက်သွားတဲ့ ကလေးတွေ မနည်းဘူး ။ အဲ .. ကျုပ် ပို့လိုက်လို့ အထဲ ရောက်သွားတဲ့ လူတွေလည်း မနည်းဘူးပေါ့ ။ ဒါ့ကြောင့်လည်း ကျုပ်ကို ဒီမြို့နယ်မှာ အားအကိုးရဆုံးလို့ တိုင်းမှုးကပြောတာ ။ ကျုပ်ကို မြို့နယ်အတွင်းရေးမှုးလောက်ကများ ဆိုပြီးတော့ကာ အထင်မသေးလေနဲ့ဗျ ။ ကျုပ်ကလည်း နှယ်နှယ်ရရကောင်တော့ မဟုတ်ဘူးနော ။ လူထုဆန္ဒ ဖော်ထုတ်ပွဲတို့ ။ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတို့မှာလည်း ကျုပ်က စင်ပေါ်အထိ တက်ပြောတဲ့ကောင် ။ စင်ပေါ်တင်လားဆိုတော့လည်း မဟုတ်ဘူး ။ ရယက ၊ မယက ၊ ရဲ ၊ မီးသတ် ၊ကြက်ခြေနီ ၊ မိခင်နှင့်ကလေး ၊ အမျိုးသမီးရေးရာ အကုန်လုံး အကုန်လုံး လာအောင် ချော့ခေါ် ခြောက်ခေါ် လည်း လုပ်ခဲ့တာပဲ ။

တစ်အိမ်တစ်ယောက် ထမင်းထုပ်နဲ့ မတက်မနေရ ၊ မတက်ချင်တဲ့သူ ဒဏ်ငွေဆောင် ၊ လူစားမရဘူး ၊ ဒဏ်ငွေရဲ့ ၁ဝ% ကို ဆယ်အိမ်ခေါင်းကယူ ဆိုတဲ့ အကြံမျိုးက ဘယ် ရယက၊ မယက ဖွတ်ကျားတွေ ထွက်လိမ့် မလဲဗျာ ။ ကျုပ်စင်ပေါ်တက်တဲ့ နေ့ကဆို ကျုပ်တို့ တစ်မျိုးလုံး တီဗွီရှေ့က မခွာဘူး ။ နောက်နေ့မှ လာတာပါ ။ သတင်းစာထဲလည်း ပါသပေါ့ ။ ကျုပ်က အဲလို အရာရောက်တဲ့ကောင် ။ ပြီးတော့ ရုတ်ရုတ်သဲသဲတွေ ဖြစ်တုန်းကလည်း ကျုပ်လက်စွမ်းပြခဲသေးတာကလား ။ အဲဒီကတည်းက လက်မရွံ့ဆိုတဲ့ ဘွဲ့ရပြီးသကာလ ထစ်ကနဲဆိုတာနဲ့ တုတ်ကြီးတို့က ထိပ်ကပဲ ။ ကျုပ်လာရင် အကုန်ရှဲ ။ အဲသလို လက်စ ရှိရှိ နာမည်ရှိရှိ နေလာတဲ့ကောင်ဗျ ။

ခု လာမယ့်နိုဝင်ဘာမယ် ရွေးကောက်ပွဲ လုပ်တော့မယ် ။ ကျုပ်တို့ အသင်းကြီးက တရားဝင်ပါတီ ထောင်လိုက်ပီဗျာ ။ ပါတီဝင်ဆိုတာကတော့ ကျောင်းတွေ ၊ ရုံးတွေ မှာ စီမံချက်နဲ့ ဝင်ခိုင်းထားတဲ့ အသင်းဝင်တွေ နည်းမှတ်လို့ ။ ဒင်းတို့ထဲက ကလေးတွေဖယ်ပြီး ကျန်တာ ပါတီဝင်လုပ် ။ ကလေးတွေ ဖယ်လိုက်ရင်တော့ အင်းအားတော့ အတော်နည်းသွားတာပေါ့ ။ ဒါပေမယ့်လည်း အေးဆေးပါ ။တောမှာ ပြည်ခိုင်ဖြိုးကျေးရွာ ဆိုပြီး သူတို့ ပိုက်ဆံများများ အသင်းပိုက်ဆံ ( မှောင်ခိုသမားတွေဆီက အစ်ထားတာလေ) ကနည်းနည်းနဲ့ လမ်းလေး မဆိုစလောက် ဖောက်ပြီး ဆိုင်းဘုတ်တင်ထားတဲ့ ရွာတွေ တထောကြီး ။ ကျုပ်တို့ ပါတီက ပရီးမီးယား လိဂ် မှာလိုဆို ထိပ်သီး အသင်းကြီးပေါ့ ။ မော်ရင်ဟိုလိုပြောရရင်တော့ တစ်ကောင်တည်းပြေးတဲ့ မြင်းကြီးလေ ။ ငွေရေးကြေးရေးလား မပူနဲ့ ။ အားလုံး အဆင်ပြေနေပြီးသား ။

အစစအရာရာ ပြည့်စုံနေပြီးဖြစ်တဲ့ ကျုပ်တို့ ပါတီကြီးမယ် ကျုပ်ကမြို့နယ်စည်းရုံးရေးမှုး ဆိုတော့ကာ ကျုပ်လည်း ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ယောက် မကြာခင်ဖြစ်တော့မယ်ပေါ့ဗျာ ။ ဟောဒီမြို့နယ်ထဲမယ် ကျုပ်လောက် ခိုင်းကောင်း အဲ … လုပ်ရည်ကိုင်ရည်ရှိတာ ရှိဦးမလားဗျာ ။ နောက်ပြီး ကျုပ်တို့ပါတီကြီးကလည်း သေချာပေါက်နိုင်ချေရှိတဲ့ ထိပ်သီးပါတီင်္ကြီးကိုးဗျ။

ကြည့်လေ လွှတ်တော်ကိုယ်စားလှယ်လောင်း တွေက နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေး ကောင်စီဝင် စစ်ဗိုလ်ချုပ်ဟောင်းကြီးများ ၊ ဝန်ကြီးချုပ်ဦးဆောင်တဲ့ အစိုးရ အဖွဲဝင် ဝန်ကြီးများ ၊ နာမည်ကျော် စီးပွားရေးလုပ်ငန်းရှင်ကြီးများ ၊ စာပေနှင့်စာနယ်ဇင်း အဖွဲ့ဝင်ဖြစ်ခဲ့ဖူးသူများ နဲ့ လူမှုရေးအဖွဲများမှ ပုဂ္ဂိုလ်များ တဲ့ ။ ကိုင်း မပိုင်လားဗျာ ချည်ပြီးတုပ်ပြီးမှ ကိုင်တာ ။ ကျုပ်လည်း မကြာခင် လွှတ်တော်ကိုယ်စားလှယ်လောင်း ဖြစ်တော့မယ်ဆိုတော့ မျက်နှာပွင့်ချက်ဗျား ။

ဒါပေမယ့် အခုတော့ဗျာ ။ ကျုပ်တို့ပါတီက ကျုပ်တို့မြို့နယ်အတွက် ရွေးချယ်လိုက်တဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းက ကျုပ်မဟုတ်ပဲ မနေ့တစ်နေ့ကမှ ပါတီထဲ ဆွဲသွင်းခံရတဲ့ မှုတ်ကြီး ဖြစ်နေပါရောလား ။ သေချင်စော်နံလိုက်တာဗျာ ။ အဲဒီ မှုတ်ကြီးဆိ်ုတဲ့ကောင်က ဆီမှောင်ခိုသမား ။ ဝန်ထမ်းတွေနဲ့ပေါင်း စက်ရုံကဆီတွေ ၊ ဋ္ဌာန မော်တော်ယာဉ်က ဆီတွေ ရောင်းစားနေတဲ့ကောင် ။ ဒင်းကိုများ စီးပွားရေးလုပ်ငန်း ရှင်ကြီးဆိုပြီးတော့ ရွေးလိုက်သတဲ့ ။ ကြားလို့မှကောင်းကြသေးရဲ့လား ။ မှုတ်ကြီးဆိုတဲ့ကောင်က ကျုပ်ဆီင်္ ပုံမှန် ဆက်ကြေးပေးနေရတဲ့ကောင် ။ နောက်ပြီး ကျုပ်ကမှ ၁ဝ တန်းဖြေဖူးသေးတယ် ၊ အဲဒီကောင် ရ တန်းပဲအောင်တဲ့ကောင် ။ ကျုပ်က အမတ်မင်းကြေး ၅ သိန်းမပေးနိုင်တာကို မြင်သတဲ့လား ။ ကျူပ် ရှာပေးခဲ့တာ အဲဒီပိုက်ဆံရဲ့ဆယ်ဆမက ပါဘူးဗျာ။

မနေ့ တစ်နေ့ကအထိ ကျုပ်ဆီ ဆက်ကြေးသွင်းနေရတဲ့ ၊ လဘက်ရည်ဆိုင် ၊ ဘီယာဆိုင် ၊ KTV သွားတိုင်း ဒကာခံနေရတဲ့ မှုတ်ကြီးက စီးပွားရေးလုပ်ငန်းရှင်ကြီးများ ဆိုတဲ့ ခေါင်းစဉ်အောက်ကနေပြီး လွှတ်တော် ကိုယ်စားလှယ်လောင်း တက်လုပ်တော့မတဲ့ ။ ကောင်းကြသေးရဲ့လား အရပ်ကတို့ရယ် ။ အရင့်အရင်က ဒီနယ်တစ်ကြောမှာ မောင်ရင်က လုပ်ရည်ကိုင်ရည် အရှိဆုံး ဆိုပြီး ကျောသပ်ရပ်သပ် အဲ … အသိအမှတ်ပြုထားတာလေးတွေ ဘယ်ရောက်ကုန်ပလဲဗျာ ။ လာသေးတယ် ။ ပါတီ မဲဆွယ်ဖို့ အမတော်ကြေး ထုတ်ချေးရမတဲ့ ။ ကျုပ်ပြောပြီးပါပကော ။ ကျုပ်တသက် ဒါပဲ လုပ်စားလာတဲ့ကောင် ဆိုပေမယ့် ဟို ဆီမှောင်ခိုရောင်း ရာကနေ ဟိုလူ ဒီလူနဲ့ပေါင်း သစ်မှောင်ခိုချ ၊ ကားဝတ်သောက် (Without-လိုင်စင်မဲ့) နဲ့ ကုန်ကူး နေတဲ့ မှုတ်ကြီးလို ကောင်လိုတော့ ထုတ်ချေးနိုင်မလား ။

ဒင်းကတော့ ဒီ့အရင်ကတည်းက လုပ်စားကောင်းအောင် လှူလိုက်တန်းလိုက် ၊ ဘာရေးညာရေးဆို ကားဝတ်သောက်လေး ထိုးပေးလိုက် ၊ လိုပဟဲ့ဆို ထုတ်ချေးလိုက်နဲ့ ငွေမည်းကို ငွေဖြူပြောင်းနေတဲ့ ကောင်ကိုး ။ ခု အမတော်ကြေး မချေးခင်တင်ကိုပဲ ဒင်းအကြွေးတွေက သူများတေဆီရှိပြီးသား ။ အင်းပေါ့လေ အရင်းမရှိတဲ့ တောထဲ မှုတ်ကြီးတို့ မင်းမူနေပေါ့ ။ အခုတော့လည်း တစ်ခေတ်တစ်ခါက လျှမ်းလျှမ်းတောက် အသင်း လက်ကိုင်တုတ် ဆိုပြီး ကြံ့ ဖြစ်ခဲ့တဲ့ တုတ်ကြီးတစ်ယောက် ၊ ပါတီလူကြီးမင်းများရဲ့ ငြမ်းဖျက်တဲ့အထဲမှာ ခွေးပစ်တုတ် ဆိုပြီး ဖွတ် ဖြစ်နေပါပြီ ။

ဒါကြောင့်လဲ ကျုပ်ကို ကြံ့ဖွတ် ပါတီဝင်လို့ ခေါ်ကြတာနေမှာ ။ ခေါ်ကြပါစေဗျာ ခေါ်ကြပါစေ … ။ အံမယ်လေး မှုတ်ကြီးရဲ့ အရင်က ငါ ကြံ့ဖြစ်တုန်းက ဖွတ်ဆိုတဲ့ မင်းလိုကောင် အခုကြ့ံဖြစ်တော့ ငါလည်း ဖွတ်ပြန်ဖြစ်ရပါပေါ့လား .. အီး .. ဟီး ..ဟီး ။

မစ္စတာဖိုးသစ်

LEAVE A REPLY

Please enter your comment!
Please enter your name here