ဘယ်သူမဗျူး ဝမ်းတွင်းရူး

ဆောင်းပါး သရုပ်ဖေါ် © မင်း​​ကျော်

ဘယ်သူ ဘယ်ဝါမှန်း သေချာမသိပဲ မိတ်ဖွဲ့လာသူ အားလုံးကို လက်ခံ ပေါင်းသင်း လာတဲ့ အခါ ဒါကြီးက ဘူကြီးလဲဟယ် လို့ အင်တာဗျူးတာတွေ ဖြေဖြေ​ နေရ​ ပါတယ်။ ဒါကြောင့်

အားလုံး သိသွားအောင် ဘယ်သူမှ မမေးရသေးပဲ ကိုယ့်အထုပ် ကိုယ်ဖြေလို့ ကိုယ့်ကိုယ်ကို အင်တာဗျူး လိုက်ရကြောင်းပါ။ ကလော်တုတ်ချင် စိတ်တွေ မပေါက်ကြဘူး ဆိုရင်ဖြင့် လူကြီးမင်းရဲ့ သည်းညည်းခံနိုင်စွမ်းအားကို အတော် အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ ကိုယ့်ပေါင် ကိုယ်လှန်ထောင်း ရတာဆိုတော့ ရသေ့ကြီး ဦးဖျောက်ဆိပ်လို ခပ်ဖွဖွ ကလေးပေါ့။

မေး ။ နံမည်ကလေး တဆိတ်လောက် ခင်ဗျာ။

ဖြေ ။ ဟုတ်ကဲ့။ အဖေတို့ အမေတို့ ပေးထားတဲ့ အတိုင်းပဲ ပရိုဖိုင်းမှာ တင်ထားပါတယ်။ ကြူ ကြောင် ပွားလို့ကောင်းအောင် ချစ်ဖို့ကောင်းတဲ့ ကိိုကို တို့၊ အလန်းဇယားကလေးတို့ လို လှတပတ နစ်ကလေးတွေ ပေးရမယ့် အရွယ်လည်း လွန်ခဲ့ပါပြီ။ ဗေဒင်ဆရာဆီပြေးပြီး စန်းတက်မယ့် နံမည်​ ပေးနည်းတွေနဲ့​ ဖြစ်ဖြစ်၊ စာရေးဆရာမလေးများထံ ဉာဏ်ပူဇော်ခ ကန်တော့လို့​ ဖြစ်ဖြစ်လည်း အသစ်မမှည့်ချင်တော့ပါဘူး။ ကိုယ့်နံမည် ကိုယ်ကိုယ်တိုင်မေ့နေမှ အခက်။

မေး ။ ဟိုစာဒီစာတွေရေးနေတော့ ကလောင်အမည်လေးဘာလေးများ ပေးချင်မလား လို့။

ဖြေ ။ တောင်မရောက် မြောက်မရောက် စာတိုငညိုလုပ်နေတာ ကြိးကြီးကျယ်ကျယ် စာရေးဆရာများလို နံမည်မှည့်နေစရာ လို မထင်ပေါင်ဗျာ။ အဲဒါမျိုးတွေက ကျောင်းတုန်းက ဖယောင်းခံကော်ပီ နဲ့ ကဗျာစာအုပ်ထုတ်တဲ့ခေတ်မှာ ကျန်ခဲ့ပြီ။

မေး ။ ဒါဆို စာရေးဆရာ မဖြစ်ချင်ဖူးဆိုတဲ့ သဘောလား။

ဖြေ ။ ကြမ်းကြားလေကြားဆရာရယ်။ စာရေးဆရာဆိုတာ ကျွန်တော် ငယ်ငယ်က သိဖူးမြင်ဖူးသလောက်တော့ ဗဟုသုတသိပ်စုံရတာ။ သူများဆရာလုပ်ရတယ်ဆိုတာ လွယ်မှတ်လို့။ သားသားတို့က အခုမှ လက်ဆော့တဲ့ အဆင့်ပါ။

မေး ။ မဖြစ်ချင်ဘူးလို့ ပြောချင်တာလား။

ဖြေ ။ ဟုတ်ကဲ့။ ကျွန်တော် ဆရာဝန်ပေါက်စ ဘဝမှာ သီချင်းကြီးတွေ တက်နေတုန်းက ဆရာမောင်သစ် နဲ့ အမှတ်မထင် ဆုံဖူးပါတယ်။ ဆရာက ကျွန်တော့်ကို လူမိုက် လို့ပြောပါတယ်။ ခေတ်မရှိတော့တဲ့ မျိုးတုန်းပျောက်ကွယ်နေတဲ့ အလုပ် နှစ်ခု ကို တပြိုင်တည်းလုပ်လို့တဲ့။ ဆရာဝန် အလုပ်ရယ်။ သီချင်းကြီးသင်တာရယ်ပါ။ ဒီအလုပ်နှစ်ခုတည်းနဲ့တောင် လူမွှေးလူတောင် မပြောင်နိုင်တာ စာရေးဆရာများ ထပ်လုပ်မိရင် ငတ်သေရချည်ရဲ့။

မေး ။ စာရေးဆရာတွေကို အထင်သေးလှချည်လား။

ဖြေ ။ အမွှေပါလားဟဲ့။ စာရေးဆရာများကို အထင်သေးတာ မဟုတ်ရပေါင်ဗျာ။ မြန်မာစာပေလောကကြီးထဲ မဝင်ဝံ့လို့ပါ။ ပင်လယ်ကြီးက သိပ်ကျယ်တော့ ငါးကလေး နီမိုလို ကိုယ့်အသိုက်ကလေးထဲနေတာပဲ စိတ်ချရပါတယ်။ ဘိုးတော် ဘွားတော်ကြီးများတောင် မရှုနိုင် မကယ်နိုင် ယကလယ်လိုက်နေတာ မြင်ရတော့ သိုင်းလောကရဲ့ စိန်ခေါ်သံတွေကို ပရိသတ်ပဲ လုပ်ပါ့မယ်ဗျာ။ နံမည်ပြီးရင် အသက်ဆက်မေးလေဗျာ။ ခင်ဗျားဥစ္စာ တုတ်ရောင်းဓါးရောင်းနဲ့။

မေး ။ ကောင်းပြီ။ ဒါလောက်ပြောချင်နေရင်ဖြင့်။ မမင်းဖြူ မှန်မှန်ပြောဗျာ။ အသက်ဘယ်လောက် ရှိပြီတုန်း။

ဖြေ ။ မွေးသမိခင် ဖွားသန့်စင်ခဲ့တာကတော့ ၁၉၆၇၊ ဩဂုတ်လ ၂၉ ရက်မှာပါ။ ကိုယ့်ဘာသာကိုယ်တော့ သုံးဆယ်ကျော်ပြီလို့ပဲ မှတ်ထားလိုက်တယ်။ ခနခန ရေနေရမှာစိုးလို့။ စိတ်ကတော့ ကိုယ်မွေးထားတဲ့သမီးနဲ့တောင် ဆော့လို့ကောင်းတုန်း။

မေး ။ သူများတွေက ပရိုဖိုင်းမှာ ငယ်ငယ်က ပုံကလေးတင်ထားတာလားလို့ မေးကြတယ်နော်။

(မှတ်ချက်၊ ဤမေးခွန်းအား ဖြေချင်လွန်း၍ ကိုယ့်ကိုယ်ကို လာဘ်ထိုးကာ မေးစေသည်.)

ဖြေ ။ မဟုတ်က ဟုတ်ကဗျာ။ အဲဒါ ဘူတန် ရောက်မှ ဝက်ကင်ထဲကနေ ရီုက်ထားတာ။ အရင်က ကင်မရာတို့ လက်တော့တို့ ဆိုတာ တသက်နဲ့တကိုယ် တခါမှ မပိုင်ဖူးဘူး။ ဖိုတိုရှော့လည်း မလုပ်တတ်ပေါင်ဗျာ။ ညမှောင်ရင်တောင် ဖလက်ရှ် ဘယ်လိုဖွင့်ရမှန်းတောင် ကောင်းကောင်းသိတာမဟုတ်။ မယုံ ရိုက်ထားတဲ့ ပုံတွေကိုကြည့် နေပူထဲကစောင့်နေပါ မပန်းဝေ ချည့်ပဲ။

မေး ။ ဒါဆို တော်တော်နုတာပဲနော် လို့ အပြောခံချင်သလား။

ဖြေ ။ အရင်က မမြင်ဖူးတဲ့ သူစိမ်းတွေက ပြောကောင်းပြောမှာပေါ့။ နေ့တိုင်းမှန်ကြည့်နေတဲ့ ကိုယ့်ကိုယ်ကိုတော့ အိုလာတာ ရွဲလာတာ သိတာပေါ့။ အသက် ၃ဝ ကျော်ကတည်းက စ သတိထားမိတယ်။ လိုင်စင်ပုံ ရိုက်ရင် ၂ ဆိုင် ၃ ဆိုင် ပြောင်း ရိုက်ယူတာတောင် စိတ်တိုင်းမကျတော့ဘူး။ နောက်တော့မှ သဘောပေါက်သွားတယ်။ ဆိုင်က ညံ့တာမဟုတ်ဘူး။ ငါက ဂွမ်းလာတာလို့။

မေး ။ အဲလို အနိစ္စလက္ခဏာတွေထင်လာတော့ တောမထွက်ချင်ဘူးလား။

ဖြေ ။ ဟုတ်ကဲ့။ ငါတော့ ရှေ့လျှောက် အရွယ်ကျပြီလို့ မြင်မိတဲ့အချိန်မှာ ကျွန်တော် ဆုံးဖြတ်ချက် ပြတ်ပြတ်သားသားချလိုက်ပါတယ်။ အိမ်ထောင်ပြုဖို့ပါ။

မေး ။ ဘုရားဖြစ်မည့် အုတ်နီခဲကြီးပါလား။ ယောင်္ကျားတယောက် မိန်းမ ရဖို့ ရုပ်လိုတယ် လို့ ထင်တယ်ပေါ့။

ဖြေ ။ တခြားဟာတွေက ကျွန်တော့်မှ မရှိတာဗျာ။ ဒါလေးတောင် အမေမွေးပေးထားလို့ သနားကမားကျန်တာ။ အသက်ကရ၊ ဗိုက်ကရွှဲလာ၊ မေးနှစ်ထပ်နဲ့ မျက်ခွံမို့မှေးမှေးနဲ့ဆို ကိုယ့်ရုပ်တောင် ကိုယ် မှန်ထဲ ပြန်မကြည့်ချင်ဘူး။

မေး ။ အင်း ။ ကိုယ့်ကိုယ်ကို ကြည့်ပျော်ရှုပျော်လို့ထင်ထားတာကတော့ မေးစရာတောင် မလိုတော့ဘူး။

ဖြေ ။ ဟုတ်။ အဲဒါကတော့ ကိုယ့်ဟာကိုယ်လည်းသိတယ်။ သူများတွေလည်း ပြောကြတယ်လေ။

မေး ။ တော်ပြီကွယ်၊ မေတ္တာပျက်လို့ အကြောင်းအရာပြောင်းတယ်။ အလုပ်အကိုင် အကြောင်းပြော။

ဖြေ ။ ဒီလောက် ခုနစ်ဆွေး ရှစ်ဆွေး သီချင်းကြီးတွေ လှန်လှောနေမှ မေးနေရသေးလားဗျာ။ ခွဲစိတ်ဆရာဝန်လုပ်တာပေါ့။

မေး ။ ရော်။ ဆိုင်လို့လား ဆရာသမားရဲ့။

ဖြေ ။ ဆိုင်ပါသော်ကောဗျာ။ အမိမြေက ခွဲစိတ်ဆရာဝန် အလုပ်ဟာလည်း ကျွန်တော် ရေးရေးနေတဲ့ သီချင်းတွေခေတ်တုန်းက ကိရိယာတွေ ပညာတွေကို ရိုရိုသေသေ ဆက်လက်သင်ကြား လေ့ကျင့်နေကြရတာပေါ့။ လှေကြီးထိုး လက်ရိုးခွဲအတတ်မှာတော့ အနောက်နိုင်ငံတွေနဲ့ ယှဉ်နိုင်ပါတယ်။ စစ်ကြိုခေတ်ကဆရာဝန်ကြီးတွေနဲ့လေ။

မေး ။ ဆင်ဆာတွေ ပါလာတော့မှာပဲ။ စကားပြောတာ လွတ်လွတ်ကင်းကင်း ပြောတတ်ပုံမရဘူး။ အခု လက်ရှိ ဘယ်မှာ အလုပ်လုပ်နေလဲ။

ဖြေ ။ နိုင်ငံတော် အစိုးရ ရဲ့ အစီအစဉ် နဲ့ ဘူတန်နိုင်ငံ အရှေ့ပိုင်းက မြို့ကလေးတစ်ခုမှာ နှစ်နှစ်တာ တာဝန်ထမ်းဆောင်နေပါတယ်။ လာမည့် ဇန်နဝါရီလလယ်မှာ နှစ်စေ့တဲ့အခါ အမိမြေမှာ ကျရာတာဝန်များကို ပြန်လည် ထမ်းဆောင်မည် ဖြစ်ပါကြောင်း။

မေး ။ ကျော်စိုးဦး လေသံကလည်းပါသေး။ တကယ်ပြန်မှာမို့လို့လား။ သူများတွေလို ဟိုနားဒီနားလေးတွေ စီဗီပို့ပြီး အလုပ်မလျှောက်ချင်ဘူးလား။ အိမ်ပြန်ရောက်ရင် ချင်းတောင်ပို့မှာ သိသားနဲ့။

ဖြေ ။ ဝဋ်ကျွေးဆိုတာ ပါလာရင် ကုန်အောင်ဆပ်ရတယ်ဗျ။ ကျွန်တော်က ဝဋ်မကုန်သေးဘူးလေ။ ပူတာအို ပို့လည်း သွားရမှာပ။ အင်းစိန်၊ ရေကြည်အိုင်၊ သာယာဝတီ၊ မြစ်ကြီးနားမပို့ရင် တော်လှပြီ။

မေး ။ ဘာ အခုမှ ကြောက်ပါပြီလဲ။ နိုင်ငံ့ဝန်ထမ်းတယောက်လုပ်ပြိး အစိုးရကို အကြည်ညိုပျက်အောင် ဘာလို့ရေးရသလဲ။

ဖြေ ။ မှန်လှပါ။ ထားရင်လည်းနေပါမယ်။ သတ်ရင်လည်းပြေးပါမယ်။ နိုင်ငံ့ဝန်ထမ်းဆိုတာ နိုင်ငံတော်ကို သစ္စာစောင့်သိရတာပါ။ ဘဘဗိုလ်ချုပ်ကြီးများရဲ့ အိမ်တော်ပါကျွန် မဟုတ်ကြောင်းပါ။ ပြည်သူကိုသာ သစ္စာစောင့်သိရန် ရှိကြောင်းပါ။

မေး ။ ခင်ဗျားက အခုပြောတော့သာ မိုးလားကဲလား နဲ့ပါ။ မဗေဒါထဲက မောင့်အဖေကြီးပြောသလို ကုလားထိုင်တလုံးလောက် ပစ်ပေးလိုက်ရင် ငြိမ်သွားမှာ။

ဖြေ ။ ဒါကတော့ ထိုင်ကြည့်မှ သိတော့မပေါ့ဗျာ။ ပင်စင်သက်တဝက်ကျိုးလာတာတောင် ရာထူးတခါမှ မတက်ဖူးသေးပဲ နဲ့ ဘယ်သိမှာတုန်း။

မေး ။ ဒီအခေါ်အပြောနဲ့တော့ တော်တော် နီးစပ်တာ ရာထူးတက်ဖို့။ ဆရာဝန်ကြီး သိပ်ဖြစ်ချင်နေတယ်ပေါ့လေ။

ဖြေ ။ အဲဒါဖြစ်မှာ အကြောက်ဆုံးပါ။ ငါးတကာယိုသမျှ သူ့ဆီစုကြတာ။ ခေတ်အခါက အရင်လို ကောင်းတော့တာမဟုတ်။ အမျိုးထဲ ရှေ့နေ မရှိဘူးဗျ။

မေး ။ ဒါဆိုလည်း တသီးပုဂ္ဂလလေး ဘာလေး ဝင်နွှဲလေဗျာ။ ခင်ဗျား ကျောင်းနေဖက်တွေတောင်ပါဆို။

ဖြေ ။ မမီတော့ဘူးဗျ။ အလကားပြောတာပါ။ ရှင်ဘုရင့် ပုဆိုး ပိုးတွေ တရွှမ်းရွှမ်းမြည်တဲ့အထဲမှာ လက်နှီးစုတ်ပျောက် မရှာချင်ပါဘူးဗျာ။ အခုရေးနေတဲ့စာတောင် ဖတ်ပြီး လူမုန်းမများတော့ ပြောချင်တိုင်း ပြော။ ပီယသိဒ္ဓိ ကအဲသလို။

မေး ။ ဘဝမှာ အဖြစ်ချင်ဆုံး နဲ့ မဖြစ်ချင်ဆုံးအရာနှစ်ခု။

ဖြေ ။ အဖြစ်ချင်ဆုံးကတော့ နားပင်းနေတဲ့ ဘုန်းကြီးတစ်ပါး ဖြစ်ချင်တယ်ဗျာ။

မေး ။ နား က ဘာလို့ ပင်းချင်ရတာတုန်း။ မကြားချင်ယောင်ဆောင်ဖို့လား။

ဖြေ ။ နားမပင်းရင် သီချင်းသံကြားတိုင်း လိုက်ဆိုနေလို့ အာပတ်ဖြေလို့ ကို ဆုံးမှာ မဟုတ်ဘူးဗျ။

မေး ။ ဒါဆို မဖြစ်ချင်ဆုံးက ..

ဖြေ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ ပေါ့။

မေး ။ ဘာစကားပြောတာလဲ။ နာချင်ပြန်ပြီ။

ဖြေ ။ အဟုတ်ပါဗျာ။ ခိုးသားငါးရာနဲ့ ဘုရားတည်ပြီး ဂေါပကလုပ်ရမှာ ရှင်မောဂ္ဂလန်တောင် စွမ်းနိုင်မယ် မထင်။

မေး ။ တော်ပြီ။ ကြာရင် ငါပါ စက်ကွင်းမလွတ်ဖြစ်တော့မယ်။ ကဲ..အခု စာဖတ်သူတွေကို ဘာပြောချင်သေးလဲ။ ပြော ..

ဖြေ ။ စိတ်ရူးပေါက်တိုင်း ရေးသမျှ တောင်စဉ်ရေမရတို့ကို သည်းခံဖတ်ရှုပေး၍ ကျေးဇူး အထူးတင်ပါကြောင်း။

စိုးမင်း

(၁၄. ၁၀. ၂၀၁၀)

LEAVE A REPLY

Please enter your comment!
Please enter your name here