လောက အလှ ရသမျှဆင်သူများ

ဆောင်းပါး သရုပ်ဖေါ် © မင်း​​ကျော်

ပီဖင်းဂိုးလေး ဒီတပတ်တော့ ကြည်နူး စိတ် ချမ်းမြေ့စရာ အကြောင်းလေးတွေကို မှတ်တမ်း တင်ဖို့

စိတ်ကူး မိတယ် ။ အကောင်းမြင် ဝါဒနဲ့ မကောင်းတာ မှန်သမျှ ခဏ မမြင် ဟန်ဆောင်လိုက်မယ်ပေါ့။

ပီဖင်းဂိုးလေး နေတဲ့ မြန်မာပြည် ရန်ကုန်မြို့မှာ လူနေမှုဘဝ လူတွေရဲ့ အကြောင်း မြန်မာပြည်သားတွေ အကြောင်းကတော့ သောင်းပြောင်းထွေလာ ပြောမကုန် နိုင်လောက်အောင်ကို အကြောင်းအရာ စုံလှသဗျာ။

မထင်ရက်စရာ အဖြစ်ပျက်တွေ မယုံနိုင်စရာ အကြောင်းအရာတွေ ၊ အံ့အား သင့်လွန်းလောက်အောင် လူမဆန်စွာ ရက်စက်မှုတွေ စတဲ့ ဟိုဟိုဒီဒီ မြင်ရ ကြားရသမျှတွေ ထဲက အကောင်းမြင် ဝါဒနဲ့ အကောင်းလေးတွေကိုပဲ ရွေးထုတ် စာစီကုံးလို့ ချယ်မှုန်း လိုက်ပါမယ်လေ။

ပီဖင်းဂိုးလေးနေတဲ့ ရပ်ကွက်က ဆင်းရဲသား အခြေခံ လူတန်းစားတွေ အနေများတယ်လို့ ပြောခဲ့ပြီးတယ်နော်။ သိပ်ချမ်းသာတဲ့ လူမျိုးတွေ ငွေကို ရေလို သုံုးနိုင်တဲ့သူတွေ ဒီရပ်ကွက်ထဲမှာ မရှိပါဘူး။ ဒါပေမယ့် တကယ့် မဟုတ်မခံတွေ ရဲရဲတောက် မျိုးချစ် ပုဂ္ဂိုလ်တွေ ၊ အများ အကျိုး အတွက် ကိုယ်ကျိုးကို စွန့်လွှတ်ဝံ့တဲ့ လူတွေ၊ စီးပွားရေး အရ လူ ဆင်းရဲသော်လည်း ကိုယ်ကျင့်သိက္ခာ အရ ရိုးသားမှု အပြည့်ရှိသူတွေ၊ ပီဖင််းဂိုုးတို့ ရပ်ကွက်ထဲမှာ ရှိပါတယ်။

ဒါကြောင့်လားတော့ မသိဘူး။ တခါတုန်းက ဖုန်းလာပြောတဲ့ လူတယောက်က ပြောသွားတယ်။ အနာဂတ် မြန်မာ့သမိုင်း အမှန်ကို ရေးခွင့် ရခဲ့ရင် အခု ပီဖင်းဂိုးလေး နေတဲ့ မြို့နယ် အကြောင်း မပါရင် သမိုင်း မမှန်နိုင်ဘူးလို့ ဆိုတယ်ဗျ။ လောင်စာဆီ ဈေးနှုန်းတွေ တက်လို့ လူထုတွေ လမ်းလျောက် ဆန္ဒပြ ကြတုန်းကလည်း ဒီမြို့နယ်ထဲက ရဲရဲတောက်တွေ ပါခဲ့တယ်။ ရွှေဝါရောင် သံဃာ့​ လှုပ်ရှားမှုကြီးတုန်ကလည်း ဒီမြို့နယ်ထဲက သံဃာတွေ ရှေ့ဆုံးက ပါခဲ့တယ်။ ခုလည်းပဲ ပရဟိတ လုပ်ငန်းတွေ သွေးလှူဒါန်းမှုတွေ ပါတီ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ လူငယ်တွေ သူတို့နည်း သူတို့ဟန်နဲ့ ဒီမိုကရေစီ လွတ်လပ်ခွင့် ရယူရေး ကြိုးပမ်းနေကြသူတွေ အများ အပြား တွေ့နေရပါတယ်။

ဘာနဲ့ အလွယ်တကူ ဥပမာပြရမလဲဆိုရင် ကနေ့ မြန်မာပြည်​ အုပ်ချုပ်သူတို့ အောင်ဆန်း​ ဖိုဘီယား လို့ခေါ်နိုင်တဲ့ အောင်ဆန်း အကြောက်လွန်​ ရောဂါ အကြီးထွားဆုံး ဖြစ်နေချိန် ပီဖင်းဂိုးလေးတို့ ရပ်ကွက်ထဲမှာတော့ ခေါင်းဆောင် ဦးအောင်ဆန်း မြတ်နိုးရေး၊ ဗိုလ်ချုပ်​ အောင်ဆန်း မမေ့ပျောက်ရေး ဗိုလ်ချုပ် စိတ်ဓါတ် ဖေါ်ဆောင်ရေး အာဇာနည် စိတ်ဓါတ် ပြန့်ပွားရေး တွေ ကို လူငယ်တွေက လုပ်နေကြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံကြီးတွေ အိတ်ဆောင် ပုံလေးတွေ ဖြန့်ဝေ​ နေတာမျိုးတွေ တွေ့နေရ ကြားနေရတယ်။ ဗိုလ်ချုပ်​ အောင်ဆန်း ပုံ ။ ဒေါ်အောင်ဆန်းစုကြည်ပုံ ပုံနှိပ်ထားတဲ့ တီရှပ်အင်္ကျီ ဝတ်ပြီး ဟိုဟိုသည်သည် သွားလာနေတဲ့ လူငယ်အမျိုးသား အမျိုးသမီးလေးတွေ ပီဖင်းဂိုးတို့ ရပ်ကွက်ထဲမှာ မကြာခန တွေ့နိုင်တယ်။ ဒါ သူတို့ရဲ့ မကြောက်တမ်း ရဲရဲတောက် မျိုးချစ်စိတ်ဓါတ်ကို ပြသနေတာ ဖြစ်သလို သူတို့လိုမျိုး မကြောက်တတ်တဲ့ အာဏာရှင်ဆန့်ကျင်ရေး စိတ်ဓါတ်တွေကို လူထုအကြား ပြန့်ပွားအောင် လုပ်နေတာဖြစ်တယ်။

လက်နက်မဲ့တဲ့ အောင်ဆန်း အကြောက်လွန်​ ရောဂါ စွဲကပ်နေတဲ့ အာဏာပိုင် အသိုင်းအဝိုင်းကို ဘယ်တော့မှ ကြောက်လန့်မနေဘူး ဆိုတာကို အပြုအမူနည်းနဲ့ သူတို့ ပြသပြီး အာဏာရှင် စနစ်ကို ရသမျှ ဆန့်ကျင်နေတာပဲ ဖြစ်တယ်။ တော်လှန်ရေး လုပ်နေတာပဲဖြစ်တယ်။ အဲဒီလို လူငယ်လေးတွေ ဗိုလ်ချုပ်အောင်ဆန်းပုံ ပါတဲ့ တီရှပ်ဝတ်ပြီး အပြင်ထွက်လာပြီ ဆိုရင် စက်ဘီးပဲ စီးစီး လမ်းပဲ လျောက်လျောက် မြင်ရတွေ့ရတဲ့ သာမန် အရပ်သူ အရပ်သား သိနားလည်သူတွေက လေးစား ချီးကျူးတဲ့ အကြည့်နဲ့ အားပေး ကြည့်ရှု နှုတ်ဆက် ကြပေမဲ့၊ သူတို့ အနောက် တကောက်ကောက် လိုက်နေတဲ့ ဘုတ်ကောင် ( ထောင်ပျော်ကြီး ရဲရဲတောက် မျိုးချစ် ဘဘဦးဝင်းတင်ရဲ့ စကားလုံး အတိုင်း မှီငြမ်းလိုက်ပါတယ်) ရဲ ထောက်လှမ်းရေး အကောင်တွေက ဆိုင်ကယ် သင်္ဃန်းရောင်ကြီးတွေစီးပြီး အာဏာရမ္မက် လောဘရမက် ဒေါသစွက်တဲ့ မျက်ဝန်း​ နီကြီးတွေ၊ အမူးမပြေသေးတဲ့ မျက်ဝန်း​ ရဲကြီးတွေနဲ့ တကောက်ကောက်လိုက်ပြီး ဓါတ်ပုံတွေ တဖျပ်ဖျပ်ရိုက်၊ စားတော့ ဝါးတော့မယ့် အကြည့်တွေနဲ့ မိုက်ကြည့်ကြည့်ပြီး ခြိမ်းခြောက်တာမျိုးကို သူတို့​ လူငယ် လေးတွေ က လုံးဝ ဂရုမစိုက် ကြပါ။ သာမန်လူသာဆို ဒီဘုတ်ကောင်တွေရဲ့ ဆိုင်ကယ်သံ ကြားပြီဆိုတာနဲ့ ထိတ်ကနဲ့ ရင်တုန်ပန်းတုန်ဖြစ်မှာ သေချာပါတယ်။

ဒုတိယ ကမ္ဘာစစ်တုန်းက ဖက်ဆစ် နာဇီ SSS လက်မရွံ့ တပ်သားတွေကို မြင်လို့ ဂျူးတွေ ထိတ်လန့်သလို သွေးပျက်ကြောက်လန့် သွားမှာ သေချာပါတယ်။ ဒီမျိုးချစ် လူငယ် NLD လူငယ်တွေကတော့ အမှန်တရားနဲ့ သူတို့ကိုယ် သူတို့ ယုံကြည်ကြသူများပီပီ ခေါင်းမော့ ရင်ကော့ပြီး လောကကို ရသမျှ နဲ့ အလှ တကွက် ဆင်ကြပါတယ်။ လောကကို လှသည်ထက် လှအောင် သူတို့ နိုင်သလောက် အလှဆင်နေကြပါတယ်။ လူထုကို လူပီသ တတ်လာအောင် လူဆိုတာ မကြောက်တရားနဲ့ အသက်ရှင်မှ လူလိုနေခွင့် ရမယ်ဆိုတာကို ကိုယ်တိုင် စံနမူနာပြပြီး သူတို့ကိုယ်တိုင် လွတ်လပ်တဲ့ လူသားလို ကျင့်ကြံကြပါတယ်။ သစ္စာအလှ၊ လူသားပီသတဲ့ မျိုးချစ်စိတ် သတ္တိအလှ၊ အမှန်တရားကို မြတ်နိုး တန်ဖိုးထားတဲ့ လူ့ဝါဒီ အလှ ကို ရသမျှ ဖေါ်လှစ်ပြီး သူတို့ စွမ်းသမျှလေးနဲ့ လောကကို သဘာဝရဲ့ အလှဆင်တယ် လို့ပဲ ပီဖင်းဂိုးလေး မြင်ပါတယ်။

ဒီလို ရဲရဲတောက် စိတ်ဓါတ်တွေနဲ့ တိုင်းပြည်ကို စစ်ကျွန်ဘဝ ကယ်တင်ဖို့ ကြိုးစားနေတဲ့ လူငယ်လေးတွေ ရှိသလိုပဲ မျိုးချစ်စိတ်ဓါတ်နဲ့ တပ်မတော်ထဲကို ဝင်ခဲ့တဲ့ စစ်သား စစ်ဗိုလ်လေးတွေလည်း ပီဖင်းဂိုးတို့ ရပ်ကွက်ထဲမှာ ရှိပါသေးတယ်။ အရင်းနှီးဆုံး စစ်ဗိုလ်ဟောင်းလေး တယောက်ဆိုရင် မြန်မာပြည်ထဲမှာပဲ ရဲရဲဝံ့ဝံ့ နဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ကို သူတတ်နိုင်သလောက် လုပ်နေတာ တွေ့ရပါတယ်။ သူလည်း ထောင်နှုတ်ခမ်း နင်းနေရသူ ပါ။ လူရင်း နာနာထောင်း ဆန်ရင်း နာနာဖွပ်တတ်တဲ့ ဒီစစ်အစိုးရ လက်ထက်မှာ မျိုးချစ်စစ်သား စိတ်ဓါတ်နဲ့ လူထုကိုသာ အမှန်တကယ် ကာကွယ်စောင့်ရှောက်တဲ့ တပ်မတော် ပြည်သူ့ တပ်မတော်ဖြစ်ပေါ်လာရေးကို သူနိုင်သမှျှ လုပ်ဆောင်နေတာ တွေ့ရပါတယ်။

အနောက်ကိုမျှော် ဒေါ်လာကို​ တကယ်မသူကို စောင့်စားပြီး စမ်းတဝါးဝါး အခွင့်အရေး​ သမား တွေကို ရှုတ်ချလေ့ရှိတဲ့ စစ်ဗိုလ်ဟောင်း​ လူငယ်လေးဟာ ပြည်တွင်းက မျိုးချစ်​ နိုင်ငံရေး သမားတွေနဲ့ တန်းတူ ချို့တဲ့ စွာနဲ့ပဲ တိုင်းပြည်​ အတွက် တတ်နိုင်သလောက် လုပ်နေတာပါ။ ဘာပြောပြော လောကကို အကျည်းတန် နေစေတဲ့ လူသွမ်း လူဆိုးတွေနဲ့ ယှဉ်လိုက်ရင် သူလည်းပဲ လောကကို အလှတကွက် ဆင်နေသူ တဦး ပါပဲ။

ဟော သည် တယောက်ကတော့ ပရဟိတ စိတ်ဓါတ်နဲ့ လောကကို အလုပ်ကျွေးပြုသူ တဦးပါ။ သူ့ကို မြင်ခဲ့ဆုံခဲ့တဲ့ လူငယ် တဦးက ပြန်ပြီး ပြောပြလို့ လေးစားဖွယ် ကောင်းတဲ့ လူငယ် တဦးအဖြစ် ပီဖင်းဂိုးလေး မှတ်တမ်းတင်ချင်စိတ် ဖြစ်လာလို့ပါ။

လူ့ဘဝ ရဲ့ စည်းစိမ် ၊ ကြွယ်ဝအောင်မြင်မှု၊ ဂုဏ် ၊ ပကာသနတွေကို စွန့်ပစ်ပြီး လူမသိ မထင်မရှား ပေညစ်နေတဲ့ အဝတ်အစားနဲ့ လူတကာ အရိပ်ရအောင် သစ်ပင် ပန်းအလှ စိုက်ပျိုးတဲ့ ဥယျာဉ်မှူး အလုပ် ကို သူဘယ်မှာ လုပ်နေတယ် ထင်ပါသလဲ။ မြောက်ဒဂုံ ဗိုလ်မှူး ဗထူး လမ်းပေါ်မှာ ရှိတဲ့ မြန်မာ့ ကျက်သရေဆောင် နာရေးကူညီမှု အသင်း (ရန်ကုန်) ရဲ့ ရုံးချုပ်နဲ့ အခမဲ့ ကုသိုလ်ဖြစ် ဆေးခန်း ပရဝုဏ်ခြံမြေ ရိုင်းထဲမှာ လှပရှုမောဖွယ် ပန်းအလှတွေကို သူစိုက်ပျိုးနေပါတယ်။

သူဟာ အောင်မြင်တဲ့ ပန်းချီဒီဇိုင်း ဆရာ တဦးဖြစ်ခဲ့ပါတယ်၊ ဝင်ငွေ လစဉ် သိန်းနဲ့ချီပြီး အောင်မြင်မှုတွေ ရခဲ့ပါတယ်။ သူတို့ လုပ်ငန်း သဘောသဘာ ဝ အရ အပြာရောင် မြန်မာ့ ညသဘာဝတွေ ပေါ်ပင် ဇိမ်ခံလူတန်းစား သဘာဝတွေ စက်ဆုပ်ဖွယ် ဟန်ဆောင် လောကကြီးရဲ့ မျက်လှည့်တွေ ကို သူသိမြင်လာပြီးတော့ သူ့ရဲ့ လုပ်ငန်း စည်းစိမ် အသိုင်းအဝိုင်းတွေကို စွန့်ပစ်ပြီး။ အခုလို ပရဟိတ သက်သက်နဲ့ လူသားတို့အပေါ် စေတနာ မုဒိတာ ဂရုဏာအပြည့်နဲ့ ကျမ်းမာရေး ပညာရေး နာရေး အားလုံးကို ကူညီပေးနေတဲ့ နာရေး ကူညီမှု အသင်းကြီးမှာ ဥယျာဉ်မှူးအဖြစ် ပင်ပန်းကြီးစွာ အလုပ်လုပ်ရင်း လောကကို အလှဆင်ဖို့ ကြိုးစားနေပါတယ်တဲ့။

ပီဖင်းဂိုး လေးရဲ့ မိတ်ဆွေက အဲဒီ ဥယျာဉ်မှူး ပြောခဲ့တဲ့ စကားတခွန်းကို သူ ဘယ်လိုမှ မေ့ပျောက်လို့ မရပါဘူးတဲ့။ လောက အလှကို သိမြင်ချင်သူနဲ့ လောကကို အလှဆင်ချင်သူတို့ အတွက် အင်မတန် တန်ဖိုးရှိတဲ့ စကားလေး မို့ သူ့ရင်ထဲ အမြဲမှတ်ထား​ မိပါတယ်တဲ့။

သူလည်း ပြောပြသွားပြီးရော ပီဖင်းဂိုးလေးလည်း ရင်ထဲမှာ တွေးစရာတွေ ဆုံးဖြတ်စရာတွေ တသီတတန်း ကြီးပေါ်လာတော့တာပါပဲ။

ဒီပုံပြင်လိုလို စာသားတွေကို ဥယျာဉ်မှူးလေး ကိုယ်တိုင် စီကုံးတာလည်း ဖြစ်ချင် ဖြစ်မယ်။ အခြားသော ပညာကျော်များ ဆိုစကားကို သူထပ်ဆင့် ပြောပြတာလည်း ဖြစ်ချင်ဖြစ်မယ်။ ပီဖင်းဂိုးလေး မသိဘူးပေါ့။ လောလောဆယ်တော့ သူ့ပြောစကားလို့ပဲ ထင်မှတ်ပြီး အမြတ်တနိုး ထပ်ဆင့်လက်ကမ်းလိုက်မယ်။

သဲကန္တာရကြီး တခုမှ ခရီးသွား တစု ခရီးသွားရင်း သောက်ရေတွေ ပြတ်လပ်တဲ့ ဒုက္ခကြီးကြီးမားမား တွေ့ရတယ်တဲ့။ လူတိုင်း ရေ ကိုယ်စီငတ်ပြီး သေလု​ မတတ်ဖြစ်နေကြတဲ့ အချိန်မှာ အိုအေစစ် လို နေရာလေး တခုကို အဲဒီခရီးသွားတွေ ရောက်တယ်တဲ့။ ဦးဆုံး ရောက်တဲ့ ခရီးသွား တဦးက ရေတုံကင် လေး တခု နဲ့ ဘေးမှာ ရေလေး တခွက် ချထားတာကို တွေ့တယ်တဲ့။ ရေပြတ်လတ်လို့ သေမတတ်ဖြစ်နေတဲ့ အချိန်မို့ ရေကို အငမ်းမရ မော့ သောက်ဖို့ ပြင်လိုက်ချိန်မှာပဲ ။ အဲဒီ ရေခွက်လေး ဘေးမှာ စာရွက်တရွက်နဲ့ စာရေးထားတာကို တွေ့ရတယ်တဲ့။

စာမှာက ဘာပါ သလဲ ဆိုတော့။ ဒီရေခွက်ထဲက ရေနဲ့ ရေတုံကင်ကို ရေချူပါလေ။ ရေနဲ့ ချူမှ မြေအောက်ရေက တုံကင်က တဆင့် မြေပေါ် ရောက်ပါမယ်တဲ့။

ဒီမှာတင် ရေ အင်မတန် ငတ်နေပြီဖြစ်တဲ့ ဦးဆုံး ခရီးသွားဟာ စဉ်းစားရတော့တာပဲ၊ သူ့နောက်မှာလည်း လူတွေ တဖွဲဖွဲ အိုအေစစ်လေးဆီ ရောက်လာနေကြတယ်။ လူတိုင်းကလည်း ရေ အလွန်ငတ်နေကြတယ်။ လက်ရှိမှာတော့ သူ့လက်ထဲမှာ ရေတခွက် ၊ သူသောက်ပစ်လိုက်ရင် သူတော့ ဝသွားမယ်။ ဒါပေမယ့် ဒီရေကို သုံးပြီး ချူမှ တုံကင်လေးထဲက ရေက ထွက်မှာ ဆိုတော့ သူသောက်လိုက်ရင် နောက်လူတွေ ရေငတ်မယ်။

ချီတုံချတုံဖြစ်နေတဲ့ သူဟာ သောက်ရနိုးနိုး တုံကင်ရေချူပစ်လိုက်ရ ကောင်းနိုးနိုး၊ ချူလိုက်လို့ရော သဲ​ ကန္တာရ အောက်က ရေ မထွက်လာဘူး ဆိုရင်ရော သူ လည်း ရေငတ်လို့ သေမှာပဲ။

လူအများကလည်း သူ့ဆုံးဖြတ်ချက်ကို အငမ်းမရ စောင့်နေကြတယ်တဲ့။

အဲဒီနေရာလို ရေတခွက်ကို ကိုင်ပြီး အများအကျိုးအတွက်ပဲ စွန့်လိုက်ရင် ကောင်းမလား၊ ငါတကော ငါအသက်ရှင်ရေး အတွက်ပဲ တကိုယ်ကောင်းဆန်လိုက်ရင် ကောင်းမလား ဆိုတဲ့ ဒွိဟ ကြားမှာ စဉ်းစားနေရတဲ့ ခရီးသွားနေရာမှာ ငါ ဆိုရင် ဘယ်လိုလုပ်မလဲလို့ ဥယျာဉ်မှူးလေး​ ဖြစ်မယ့် သူ စဉ်းစား​ မိပါတယ်တဲ့။

နောက်ဆုံးတော့

သူဟာ အခုလို လူမှုရေး ပရဟိတ လုပ်ငန်းတွေ ကိုယ်ကျိုး မစွက်ပဲ ငြိမ်းအေးရာ နေရာလေးမှာ သူ့ဘဝကို​ ပေးဆပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်တဲ့။ သူတို့​ ခေါင်းဆောင်ကြီး ဦးကျော်သူနဲ့ အတူ အများကောင်းကျိုး နိုင်ငံသားတွေ ကောင်းကျိုးအတွက် ရရာနေရာ ကြံုရာ အခြေအနေကနေ ပေးဆပ်မယ်လို့ ဆုံးဖြတ်​ လိုက်ပါတယ်တဲ့။ သူသောက်ခွင့် ရမယ့် ရှားပါး ရေတခွက် ဖြစ်တဲ့ သူ့ဘဝ အချိန်လေးတွေကို ကို အများအတွက် ပေးဆပ်​ လှူဒါန်း​ လိုက်ပါတယ်တဲ့။

ပီဖင်းဂိုးလေးလည်း အတော်ကို စဉ်းစားနေမိပါတယ်။

လောကကြီးကို သူတို့လို လူမျိုးတွေ အလှဆင်ပေးနေလို့ပဲ မေတ္တာ၊ မုဒိတာနဲ့ သစ္စာ တရားတွေ မပျက်သုန်းသေးတာဖြစ်မယ်လို့ ။

သူတို့လို လောကကို ရသမျှ အလှဆင်သူတွေ ကမ္ဘာ့နေရာ အနှံ့မှာ ရှိနေတာတော့ သေချာပါတယ်။ ဒါကြောင့်လည်း လူ့ကမ္ဘာကြီးတည်နေသေးတာပေါ့။ အနာဂတ်တွေ ရှိနေသေးတာပေါ့။ ငြိမ်းချမ်းရေး​ တေးသံတွေ သီကျူးနေနိုင်တဲ့ နေရာတွေ ရှိနေသေးတာပေါ့။

လောက ကို အလှဆင်သူတွေ များပြားလာတာနဲ့ အမျှ လောကဟာ လှလည်း လှလာမယ်။ ငြိမ်းချမ်းမှုလည်း ပြည့်ဝ လာမယ်။ သာယာဝပြောတဲ့ လူ့ဘဝတွေဖြစ်လာမယ်။

အင်း ……………. ပီဖင်းဂိုးလေးလက်ထဲမှာလည်း ရေတခွက် ရှိပါတယ်။ ပီဖင်းဂိုးလေး အနားမှာ အနောက်မှာ ဘေးမှာ ပတ်ပတ်လည်မှာ ရေ အလွန်ငတ်နေတဲ့ ကြီးစွာသော ဒုက္ခရောက်နေရှာသူတွေ မနည်းပါလား။

ပီဖင်းဂိုး

ရိုးဖြောင့်စွာဖြင့်

LEAVE A REPLY

Please enter your comment!
Please enter your name here