ဟာရီကိန်းမုန်တိုင်းတိုက်ခတ်ပြီးနောက် မက္ကစီကိုတွင် အရေးပေါ်သတိပေးချက်ထုတ်ပြန်ထား

alt

မက္ကစီကို အာဏာပိုင်များသည် ကားလ် ဟာရီကိန်း မုန်တိုင်း ဝင်ရောက် တိုက်ခတ် ပြီးနောက် စက်တင်ဘာ ၁၈ ရက် နေ့တွင် မြေပြိုခြင်း၊ ရေ လွှမ်းမိုးခြင်းများ ဖြစ်ပေါ် လာနိုင် ကြောင်း အရေးပေါ် သတိပေးချက် ထုတ်ပြန် ထားလိုက်သည်။

ထိုနေ့က ကားလ် မုန်တိုင်း တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ နှစ်ဦး သေဆုံးခဲ့ပြီး ဗီရာခရု ဆိပ်ကမ်းမြို့တွင် ပျက်စီးမှုများ ဖြစ်ပေါ်စေခဲ့သည်။ အနီးရှိ နက်ဆီကာပန်တွင်လည်း ရွှံနွံများ ပြိုကျပြိး အိမ် တစ်လုံးအား ဖုံးအုပ် ခဲ့သဖြင့် အသက် ၆၁ နှစ် အရွယ် အမျိုးသမီး တစ်ဦးနှင့် ၂ နှစ်သမီး ကလေးမလေး တစ်ဦး သေဆုံးကာ နောက်ထပ် နှစ်ဦး ဒဏ်ရာ ရခဲ့ကြောင်း အာဏာပိုင်များက ပြောကြား သွားသည်။

မုန်တိုင်းကြောင့် မိုးသည်းထန်ပြီး ရေကြီးမှုများ ဖြစ်လာနိုင်သည့် အခြေအနေ အပေါ် တာဝန်ရှိသူများက စီမံခန့်ခွဲရန် ပြင်ဆင်နေပြီး မက္ကစီကိုစီးတီး မြို့တော်တွင်လည်း ဆေးရုံများစွာကို တပ်လှန့်ထားသည်။ မုန်တိုင်းသည် တစ်နာရီလျင် ၁၁၅ မိုင်နှုန်းဖြင့် ဗီရာခရုမြို့မြောက်ပိုင်း ၁၀ မိုင်အကွာကို ဝင်ရောက်တိုက်ခတ်ခဲ့ခြင်းဖြစ်သည်။ မုန်တိုင်းသည် ကုန်တွင်းဝင်ရောက်ပြီးနောက် တစ်နာရီ ၃၅ မိုင်နှုန်းထိ အရှိန်လျော့သွားသည့်တိုင် မိုးလေဝသ ပညာရှင်များက မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းပြီး ရေကြီးမှုများ ပေါ်ပေါက်လာနိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ထားသည်။

မုန်တိုင်းကြောင့် နိုင်ငံ၏ အကြီးဆုံး နျူကလီးယား ဓာတ်အားပေး စက်ရုံကြီး လာဂူနာဗာဒီတွင်လည်း အလုပ်သမားများကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရသည်။ အတ္တလန္တိတ်သမုဒ္ဒရာအတွင်း အခြားဟာရီကိန်းတစ်ခုဖြစ်သော အီဂေါ်သည် ဘာမြူဒါသို့ ဦးတည်ရွေ့လျားနေသော်လည်း လေတိုက်နှုန်း လျော့နည်းကျဆင်းလာနေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here