လူတွင်ကျယ်လုပ်ဖို့ လေ့လာတာ မဖြစ်စေနဲ့

ဆောင်းပါး သရုပ်ဖေါ် © မင်း​​ကျော်

မိတ်ဆွေ​ လူငယ်​ တစ်ယောက် ရှိပါတယ်။ မကြာခဏ ရောက်လာပြီး စကား​ ပြောလေ့​ ရှိပါတယ်။

စာအုပ်​ စာတမ်းတွေလည်း ငှားဖတ်​ တတ်ပါတယ်။ အာဖရိက​ တိုက်မှာ​ပြည်တွင်း စစ်ဖြစ်တဲ့ ကိစ္စ၊ အာဏာသိမ်းတဲ့​ ကိစ္စလို ကိစ္စတွေ ပေါ်လာတိုင်း ပူပူ နွေးနွေး ရောက်လာပြီး ဆွေးနွေး​ မေးမြန်းတာတွေ လုပ်ပါတယ်။ ဘယ်လိုကြောင့်ရယ်တော့ မသိဘူး၊

သူဟာ အာဖရိကကို တစ်အား​ စိတ်ဝင်စားပြီး နေ့စဉ်​ သတင်းတွေကို မပြတ်မလတ်​ ရအောင်ဖတ်ပြီး မှတ်သား​ စုဆောင်း​ ထားပါတယ်။ သူဟာ သမိုင်းဆရာ မဟုတ်သလို သတင်းတွေနဲ့ အလုပ်လုပ်တဲ့ “ဂျာနယ်လစ်”လည်း မဟုတ်ပါဘူး။ ကမ္ဘာ့ရေးရာတွေ​ ကို စိတ်ဝင်စားတဲ့ လူငယ်​ တစ်ယောက်သာ​ ဖြစ်တယ်။ သူ့​အလုပ်က ဆည်တွေဆောက်တဲ့ အင်ဂျင်နီယာပါ။

တွေ့ရခဲတဲ့လူငယ်မျိုး

အကြောင်းအရာတစ်ခုကို စူးစူးစိုက်စိုက် လေ့လာ​ လိုက်စားတဲ့ လူငယ်မျိုး​ ဒီခေတ်မှာ တွေ့ရခဲလွန်းလို့ အင်ဂျင်နီယာ လူငယ်​ လာတိုင်း စိတ်ဝင်စားစွာ စကားတွေ​ ပြောဖြစ်ပါတယ်။ သူ့​​ အတွက် အထောက်အကူ ရစေမယ့် စာအုပ်စာတမ်းတွေလည်း​ ရှာဖွေ​ ပေးပါတယ်။ တချို့​စာအုပ်ဆို သူက တစ်အုပ်လုံး မိတ္တူကူးယူ ထားတတ်တယ်။​ သူက စစ်ရေး နိုင်ငံရေးတွေလောက် လေ့လာတာ မဟုတ်ဘူး။ အာဖရိက ဝတ္တုတွေ ကဗျာတွေ၊ ကျေးလက်​ သီချင်းနဲ့ ပုံပြင်တွေလည်း​ ဖတ်မှတ်​ စု​ဆောင်းပါတယ်။ တစ်ခါတလေ​ ကျတော့လည်း သူရှာလို့ရတဲ့ ဝတ္တုစာအုပ် ကဗျာ​ စာအုပ်တွေ ယူလာပေး​ တတ်တယ်။ သူနဲ့​ စကားပြောရတာ ကိုယ့်​ အတွက်လည်း အကျိုးရှိပါတယ်။ ငါးဆယ်နဲ့ခြောက်ဆယ် ခုနှစ်တွေ​ အတွင်းမှာ သတင်းစာတွေထဲ နေ့စဉ်​ ပါလေ့ရှိတဲ့ ကင်ညာက ဂျိုမိုကင်ညတ်တာ၊ တန်ဇန်နီးယားက ဂျူးလိယက်ညီရေးရေး၊ ဇမ်ဘီယာက​ ကဲနက်ကာအွန်းဒါး၊ မာလီက မိုဒီဘိုကေတာ၊ ဂွန်ဂိုက လူမွန်းဘား၊ အယ်လ်ဂျီးရီးယားက​ ဘင်ဘဲလား စတဲ့စတဲ့ လွတ်လပ်ရေါ် တိုက်ပွဲဝင် ခေါင်းဆောင်ကြီးတွေ အကြောင်းများ​ ပြန်လည်အမှတ်ရမိစေပါတယ်။ သူ့​ကိုပဲ ကျေးဇူးတင်ရသေးတယ်။

ဟုတ်မလိုလိုနဲ့ အဖျားရှူး​ နှစ်ပေါင်းနှစ်ဆယ်အစိတ် ကျောင်းဆရာလုပ်ခဲ့တော့ ကျောင်းသားတွေနဲ့​ လူငယ်တွေ ထောင်နဲ့ချီပြီး လက်ပွန်းတတီးနေခဲ့ဖူးပါတယ်။ အတော်များများဆို နိုင်ငံခြား​ တိုင်းပြည်မျိုးစုံမှာ အလုပ်အကိုင် ဟန်ကျပန်ကျနဲ့ ဖြစ်နေကြပါပြီ။ ပြည်တွင်းမှာရှိတဲ့ သူတွေလည်း သူ့​နယ်နဲ့သူ “တစ်ခုတစ်ကောင်တစ်ယောက်” ဖြစ်နေတာ များပါတယ်။ ဒါပေမယ့် အခု ဆည်မြောင်းအင်ဂျင်နီယာ လူငယ်လို တစ်ခုခုကို ထဲထဲဝင်ဝင် စူးစူးစိုက်စိုက်​ လေ့လာသူမျိုးတော့ တွေ့ရခဲတာ အမှန်ပဲ။ တချို့​က ခဏတော့ ဟုတ်မလို လိုနဲ့ နောက်ကျအဖျားရှူးသွားပြီး လှည့်တောင်မကြည့်တော့ဘူး။ ဒါက သူလိုငါလိုလူမျိုး​ ပြောတာမဟုတ်ဘူး။ ပညာရပ်တစ်ခုကို ပါရဂူဆိုတဲ့ ဘွဲ့ကြီးတစ်ခုရအောင် သင်ယူခဲ့​ သူတွေတောင်မှ၊ ဘွဲ့လည်းယူပြီးရော သူအထူးပြုခဲ့တဲ့ ဘာသာရပ်နဲ့ ပတ်သက်ပြီး ဘာမှ ဆက်မလုပ်တော့ဘူး၊ ရပြီးသား ဘွဲ့တစ်ခုနဲ့ ထိုင်စားနေတော့တာပဲ။ ကွယ်လွန်သူ​ ဆရာဒေါက်တာသန်းထွန်းလောက် ပညာရပ်ဆိုင်ရာကျမ်းတွေ အများကြီး သုတေ သနပြု​ ရေးသားခဲ့တဲ့ ဒေါက်တာဘယ်နှစ်ယောက်များ ကျွန်တော်တို့ လက်ညှိုးထိုး ပြစရာရှိလို့လဲ။​ ပညာခေတ်၊ ပညာခေတ်နဲ့ ခပ်ကျယ်ကျယ်အော်လေ့ရှိတဲ့ ခေတ်လူငယ်​ ပညာတတ်ဆိုသူတွေ ရှက်စရာကောင်းလှပါတယ်။

စွဲစွဲမြဲမြဲလေ့လာပါ

ပညာရပ်ဆိုလို့ ရူပဗေဒတို့ ဓါတုဗေဒတို့ နျူကလီယာဗေဒတို့လို ပညာတွေ​ ကိုသာ ဆိုလိုတာ မဟုတ်ပါဘူး။ သစ်ခွပန်းတွေအကြောင်း စေ့စေ့စပ်စပ် လေ့လာတာလည်း ပညာရပ်ပါ။ လိပ်ပြာလေးတွေအကြောင်း စွဲစွဲမြဲမြဲ လေ့လာတာလည်း ပညာရပ်ပါ။ ယုတ်စွအဆုံး တံဆိပ်ခေါင်းတွေ စုဆောင်းလေ့လာနေတာလည်း​ ပညာရပ်ပါပဲ။ အကျိုးမယုတ်ပါဘူး။ ကိုယ်ဝါသနာပါရာ တစ်ခုခုကို စွဲစွဲမြဲမြဲ လေ့လာသမျှ ကောင်းတာချည့်ပါ။ ဒါပေမယ့် ဒီခေတ်မှာ ဒီလိုလူမျိုးတွေ မရှိသလောက်ရှားတယ်။​ လူတိုင်းလိုလိုက အပါ်ယံလျှပ် လေ့လာတာမျိုးလောက်လုပ်ပြီး လူတွင်ကျယ် လုပ်ချင်နေ ကြတာပဲ တွေ့ရတယ်။ မေးလိုက်ရင်တော့ မသိတာ ဘာမှမရှိသလိုပဲ။ နိုင်ငံရေး ကမ္ဘာ့​ အရေးလည်း သိ၊ စီးပွားရေးလည်း သိ၊ စာပေ အနုပညာဆိုလည်း စွယ်စုံသိ။ ဒါပေမယ့် တကယ်တမ်း ပြောကြဆိုကြတော့ ဘာမှသိတာ မရှိဘူး။ လူအထင်ကြီး ခံရရုံလောက်​ ဟိုစပ်စပ် ဒီစပ်စပ် ဖတ်ရှုမှတ်သား ထားတာပဲဖြစ်တယ်။ ညာစားနေတာလို့ ပြောရမှာပဲ။

ဘယ်သူကျေနပ်ဖို့မှမဟုတ်

ညာဝါးဖြီးဖြန်း စားတဲ့အကျင့် လူများစုကြီးမှာ အမြစ်တွယ်နေတာတော်တော်ကြာပြီ။ စီးပွားရေး လောကမှာလည်း ဟိတ်ဟန်ထုတ်ပြီး ညာစားနေတာ​ အများကြီးပဲ။ ဝန်ထမ်းလောကမှာလည်း အထက်က ကြေနပ်အောင် အမျိုးမျိုး လိမ်လေ့ ရှိကြတယ်။ စာရင်းတွေလိမ်တယ်။ မလည်နိုင်ဘဲ ရပ်ထားရတဲ့ စက်ရုံကို လူကြီးတွေ​ လာကြည့်မှ လက်ပူတိုက်လည်ပြ၊ ဒါမှမဟုတ် အပြင်က ငှားထားတဲ့ပစ္စည်း အစားထိုး လည်ပြနဲ့ လိမ်ကြတယ်။ ဒါလောက်ကို စိတ်ဓါတ်တွေ ပျက်စီးနေကြတာ။ အလုပ်တစ်ခု​ လုပ်တယ်ဆိုတာဟာ ဘယ်သူဘယ်ဝါ ကြေနပ်ဖို့မှ လုပ်ရတာ မဟုတ်ဘူး။ ကိုယ်လုပ် ရမယ့် အလုပ်မို့ တာဝန်ကျေအောင် လုပ်တယ်ဆိုတဲ့ စိတ်မျိုးသာ ထားရှိရမှာဖြစ်တယ်။​ ကိုယ်လုပ်ရမယ့်အလုပ် ကိုယ်လုပ်တာမို့ ကျေးဇူးတင်ခံစရာလည်း အကြောင်းမရှိဘူး။ အခွင့်ထူးခံစားစရာလည်း မရှိဘူး။ ဘယ်သူဘယ်ဝါ ကျေနပ်ဖို့မှလည်း မလိုဘူး။ ကိုယ့်​ အလုပ်ကိုယ် လုပ်တာပဲလေ။

လူတွင်ကျယ်လုပ်ချင်စိတ်

နည်းနည်းလုပ်ပြီး များများလိုချင်တဲ့စိတ်မျိုးဟာ မကောင်းဘူး။ အချောင်သမားစိတ်ဆိုတာ ဒါမျိုးကိုခေါ်တာ။ ဒီစိတ်မျိုး ကလေးတွေ ခေါင်းထဲ မရောက်စေချင်ဘူး။​ မိဘတွေ ဆင်ခြင်ကြဖို့ကောင်းတယ်။ ကူးချလို့ပဲအောင်အောင်၊ ခိုးချလို့ပဲအောင်အောင်၊ စာမေးပွဲအောင်ရင် ပြီးတာပဲဆိုတဲ့ အတွေးမျိုး ကလေးတွေမှာ လုံးဝမရှိသင့်ဘူး။​ ကိုယ့်အစွမ်းအစနဲ့ ကိုယ်လုပ်လို့ရတာ မဟုတ်ရင် ဘာမှမလိုချင်ဘူးဆိုတဲ့ စိတ်မျိုးသာ​ ရှိသင့်တာဖြစ်တယ်။ မဟုတ်တာ မမှန်တာ မတရားတာမျိုး လုပ်ရမှာရှက်တဲ့စိတ်​ ငယ်ငယ်လေးကတည်းက လေ့ကျင့်ပျိုးထောင်ပေးထားရမှာပါ။ ငယ်စဉ်ကတည်းက​ ရှက်စိတ်ဆိုတာ မရှိရင် ကြီးလာတဲ့အခါ အချောင်သမားစိတ်၊ ညာဝါးဖြီးဖြန်း စားချင်တဲ့​ စိတ်တွေ အသေအချာကို ဝင်လာမှာပါ။ အထက်က ပြောခဲ့တဲ့ ဆည်ဆောက်တဲ့ အင်ဂျင်နီယာလို တစ်ခုခုကို စူးစူးစိုက်စိုက် စွဲစွဲမြဲမြဲ လေ့လာတဲ့ လူငယ်မျိုး မရှိသလောက်​ ရှားပါးနေတာဟာ၊ ညာဝါးဖြီးဖြန်းပြီး လူတွင်ကျယ် လုပ်ချင်စိတ်တွေ ကြီးမားများပြား နေလို့ဖြစ်တယ်။ ဒီစိတ်ကို တားဆီးနိုင်မှ ထူးချွန်တဲ့ လူငယ်တွေ ပေါ်ထွက်လာမှာပါ။

ထူးချွန်တဲ့ လူငယ်တွေ များများရှိမှ တိုင်းပြည်မြန်မြန် တိုးတက်မှာ ဖြစ်ပါတယ်။

လူ​ထု​စိန်​ဝင်း​

၇ ကြိမ်မြောက် မြန်မာ သတင်းသမဂ္ဂ ညီလာခံတွင် ထုတ်ဝေ ဖြန့်ချီ ခဲ့သည့် လူထုရနံ စာစုများ စာအုပ်မှ ကောက်နုတ် တင်ပြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here