မီဒီယာကို ငါးသလောက်လို ကြောက်ရှာတဲ့ ရဲဘော်ကျော်သန်းသို့

ဆောင်းပါး သရုပ်ဖေါ် © မင်း​​ကျော်

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ရဲဘော်ကျော်သန်း ရေးတဲ့

‘ငါးငသလောက်ပမာ ကြောက်စရာ အရိုးများနဲ့ အိုဘယ့်မီဒီယာ’ ဆိုတဲ့ စာရှည်ကြီး တစောင်ကို​ မျိုးချစ်မြန်မာ ဝက်ဘ်ဆိုက်ဒ်မှာ ဖတ်လိုက်ရပါတယ်။ စာရေးသူက မီဒီယာ အပေါ် သူ့ရဲ့ မကျေနပ်ချက်တွေကို အဲဒီ စာရှည်ကြီးမှာ ပွင့်ပွင့်လင်းလင်း အိပ်သွန်ဖာမှောက် ပြောပြထားတာတွေ့ရပါတယ်။ ဒါကို ရေးတဲ့ ရဲဘော်ကျော်သန်း ဆိုတာ အိန္ဒိယအခြေစိုက် ​ ABSL​ အဖွဲ့ ဥက္ကဌ ကိုကျော်သန်း ဖြစ်မယ်လို့ ကျနော် ယူဆပါတယ်။ ကျနော်လေးစားသူ တယောက်ပါ။ ဒီစာရှည်ကြီးကို ရေးတဲ့အတွက် သူ့ကို ကျေးဇူးတင်ပါတယ်။ သူ အခုလို ရေးလာလို့သာ သူ့စာပါ အကြောင်းအရာ တချို့ထဲက ကျနော် တုံ့ပြန်ဆွေးနွေးချင်တာလေးတွေကို အခုလို ဆွေးနွေးခွင့် ရလာတာပါ။

ကဲ အရင်ဆုံး မီဒီယာကို နတ်ဆိုးနဲ့ ခိုင်းနှိုင်းပြီး ကြောက်စရာ တခုလို ပုံဖော်ထားတဲ့ ကိစ္စ အကြောင်း ဆွေးနွေးကြရအောင်ပါ။ ကျနော့် သဘော ပြောရရင်တော့ ကိုကျော်သန်း ကိုယ်တိုင်ရေးထားတဲ့ ဥပမာထဲကလို (လူ့သိက္ခာကိုရော ဥပဒေကိုပါ ဖောက်ဖျက်ကျူးလွန်ပြီး၊ အတိုက်အခံ ဒီမိုကရက်ပါတီ ရုံးခန်းကို ဖောက်ထွင်းဝင်ရောက်စေခဲ့တဲ့) အမေရိကန်သမ္မတ နစ်ဆင်လို ပုဂ္ဂိုလ်မျိုးတွေ အတွက်သာ မီဒီယာဟာ နတ်ဆိုးနဲ့ တူတာပါ။ မဟုတ်တာ မလုပ်တဲ့သူတွေက မီဒီယာကို ကြောက်တယ် ဆိုတာမျိုးက ကြားရခဲပါတယ်။ ခြောက်ပြစ်ကင်း သဲလဲစင်တဲ့ ကိုကျော်သန်း တယောက် မီဒီယာကို ဘာကြောင့် ကြောက်နေရသလဲ ဆိုတာကိုလည်း ကျနော် တွေးရခက်နေပါတယ်။

ကိုကျော်သန်းက ‘မီဒီယာသမားတွေ (ရေဒီယိုတွေ)ဟာ ပီဘိသတင်းသမားတွေလို တရားသူကြီးနေရာ၊ ဒိုင်သူကြီးနေရာ ရောက်ကုန်တယ်’လို့ ဆိုထားပါတယ်။ မီဒီယာသမားတွေကို သူတို့ ကျွမ်းကျင်သက်မွေးရာ သတင်းသမားတွေ အနေနဲ့တောင် အသိအမှတ် မပြုချင်တော့ဘူးလား ကိုကျော်သန်းရာ။ ခင်ဗျားတို့ကိုတောင် တော်လှန်ရေးသမား၊ နိုင်ငံရေးသမားတွေလို့ မီဒီယာတွေက အသိအမှတ်ပြုထားကြသေးတာပဲဟာ။ အပြန်အလှန် မုဒိတာပွားနိုင်မှ ဟန်ကျမှာပေါ့ဗျာ။ နောက်တချက်က မီဒီယာသမားတွေဟာ သူတို့ကိုယ် သူတို့ တရားသူကြီးနေရာ၊ ဒိုင်သူကြီးနေရာ ရောက်နေတယ်လို့ မထင်ကြပါဘူး။ ကျနော်နားလည်သလောက်က မီဒီယာဆိုတာ သူ့ရှေ့မှာ ဖြစ်ပျက်နေသမျှ ကိစ္စအဝဝကို အမှန်အတိုင်း ရောင်ပြန်ဟပ်တဲ့ လောကရဲ့ ကြေးမုံပြင်ပါ။ ဒီလို ခံယူကြလို့လည်းပဲ Daily Mirror တို့၊ (ဦးသောင်းရဲ့) ကြေးမုံတို့ ဆိုတဲ့ နာမည်မျိုးတွေနဲ့ သတင်းစာတွေ ထွက်လာကြတာပါ။ မီဒီယာရဲ့ တာဝန်က အမှန်ကို အမှန်အတိုင်း တင်ပြမယ်။ ဒါကို တရားသူကြီးနေရာ၊ ဒိုင်သူကြီးနေရာကနေ မှန်တယ် မှားတယ် ဆုံးဖြတ်တာက ပရိဿတ်(လူထု)ပါ။ မီဒီယာ မဟုတ်ပါဘူး။

နောက်တချက်က သတင်းရေးတဲ့အခါ နှစ်ဖက်စလုံးရဲ့ အမြင်(အသံ) ပါရမယ် ဆိုတဲ့ အခြေခံ မီဒီယာကျင့်ဝတ်ကို ခင်ဗျားက အတော်ကလေး မျက်စေ့နောက်နေပုံရပါတယ်။ ကျနော့် သဘောကတော့ နှစ်ဖက်အမြင်ပါမှ ‘သတင်း’ ဖြစ်ပါတယ်။ တဖက်ထဲ အမြင်သာပါရင် ‘ဝါဒဖြန့်စာ’ ဖြစ်ပါတယ်။ ကျနော်တို့ မီဒီယာသမားတွေ ကိုယ့်အခြေခံကျင့်ဝတ်ကိုမှ ကိုယ် လိုက်နာ စောင့်ထိန်းခွင့် မရှိတော့ဘူးလားဗျာ။

နောက်ပြီး မီဒီယာကို ကြားနေရကောင်းလားလို့ ကိုကျော်သန်းက အပြစ်မြင်ပါတယ်။ အဖြစ်အပျက် အခြင်းအရာတိုင်းကို မျက်မှန်စိမ်းမတပ်၊ အရောင်မဆိုးပဲ အဂတိကင်းရှင်းစွာ ကြားကနေ မှတ်တမ်းတင်တာဟာ မီဒီယာသမားတွေရဲ့ အလုပ်ပါ။ အန္တရာယ် မကင်းမှန်း၊ အခုလို အဝေဖန်ခံရမယ်မှန်း သိရက်နဲ့ အဲဒီလို ကြားနေခြင်း ကိုယ်၌က အမှန်တရားဖက်ကို ‘ဘက်လိုက်ခြင်း’ ဖြစ်ပါတယ်။ ဒီကနေ့ မီဒီယာသမားတွေ ကျင့်ကြံကြတာဟာ ကိုကျော်သန်း ကိုးကားပြီး ရေးသွားခဲ့တဲ့ ဆရာကြီး ဂျာနယ်ကျော်ချစ်မောင်ရဲ့ ‘မကြောက်မရွံ့၊ မဟုတ်မခံ၊ မျက်နှာမရွေး၊ မှန်တိုင်းရေးပိမ့်’ ဆိုတဲ့ သတင်းသမားကျင့်ဝတ်နဲ့ တထပ်တည်း ကျနေတယ်ဆိုတာ ခင်ဗျား ကြည့်တတ်ရင် မြင်ရမှာပါ။ အဲဒီလို အမှန်တရားဖက်ကို ဘက်လိုက်တဲ့ မီဒီယာကိုမှ (ခင်ဗျားရဲ့ စာထဲမှာ ရေးခဲ့သလို) ကိုယ့်ဖက်ပါအောင် နေ့စဉ် ပူဇော်ပသတယ် ဆိုတာဟာ မီဒီယာသမားတွေကို လာဘ်လာဘ ပေးပြီး ကိုယ်ကျင့်တရား ပျက်ပြားအောင် ဖျက်ဆီးတာနဲ့ အတူတူပါပဲ။ တနည်းပြောရရင်တော့ ခင်ဗျား စောင့်ထိန်းစေလိုတယ်ဆိုတဲ့ လောကပါလတရားကို ခင်ဗျားကိုယ်တိုင် ဖျက်ဆီးနေတာနဲ့ အတူတူပါပဲ။ ဒီတော့ ဒါမျိုးတွေကို မလုပ်ပဲ ခင်ဗျားတို့ နိုင်ငံရေးသမားတွေ၊ တော်လှန်ရေးသမားတွေလည်း ကိုယ့်သိက္ခာနဲ့ကိုယ် နေ၊ ကျနော်တို့ မီဒီယာသမားတွေကိုလည်း ကိုယ့်သိက္ခာနဲ့ကိုယ် နေကြရအောင်ပါ။

ကိုကျော်သန်းရဲ့စာ တနေရာမှာ ကိုလိုနီခေတ်က စာနယ်ဇင်းသမားတွေက အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲမှာ အဓိကအခန်းက ပါခဲ့တယ်လို့ ရေးထားပါတယ်။ ငြင်းစရာ မရှိပါ၊ ထပ်ဖြည့်စရာသာ ရှိပါတယ်။ ကိုလိုနီခေတ် သတင်းစာတွေ စာပေတွေဟာ အမျိုးသားရေးစိတ်ဓါတ်ကို နှိုးဆော်တဲ့နေရာမှာ အရေးပါတဲ့ နေရာက ပါခဲ့တာ မှန်ပေမယ့်၊ တိုင်းပြည်ကို တကယ်တမ်း လွတ်မြောက်အောင် လုပ်ခဲ့ကြသူတွေဟာ ကိုလိုနီခေတ်က နိုင်ငံရေးသမားတွေ၊ တော်လှန်ရေးသမားတွေသာ ဖြစ်ကြပါတယ်။ ခေတ်စနစ်တွေ အယူအဆတွေ ပြောင်းကုန်လို့ အရာရာမှာ ထပ်တူမကျနိုင်သည့်တိုင်အောင် ဒီနေ့ခေတ် မီဒီယာသမားတွေဟာ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးတွေအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ နေ့တဓူဝ လုပ်ကိုင်နေကြပါတယ်။ လုပ်နည်းကိုင်နည်းတွေ မတူရင်သာ ရှိမယ်၊ တိုင်းပြည်နဲ့ လူထုအပေါ်ထားတဲ့ စေတနာကတော့ ခင်ဗျားထက် မလျော့မှာ သေချာပါတယ်။ ဒီနေရာမှာ ကျနော် မေးချင်တာ တခုက ခေတ်နှစ်ခေတ် မီဒီယာသမားတွေကို နှိုင်းယှဉ်ပြီး၊ ဒီနေ့ခေတ် မီဒီယာသမားတွေက တန်းမမှီသယောင် ကိုကျော်သန်း နှိမ်ချ သုံးသပ်သွားခဲ့သလို၊ ကိုယ့်ကိုယ်ကိုရော ကိုလိုနီခေတ်က နိုင်ငံရေးသမားတွေ တော်လှန်ရေးသမားတွေနဲ့ နှိုင်းယှဉ်သုံးသပ်ခဲ့ဖူးသလားဆိုတဲ့ မေးခွန်းပါပဲ။ ဒီမေးခွန်းကို မဖြေချင်လဲ ကိစ္စမရှိပါဘူး။

ဆန္ဒဇောကြီးလှတဲ့ ကိုကျော်သန်းဟာ မီဒီယာတွေက ဘယ်သူ့ကိုပဲ အင်တာဗျူးသင့်တယ်၊ ဘယ်သူ့ အစီအစဉ်ကိုသာ မီဒီယာမှာ လွှင့်သင့်တယ် ဆိုတာမျိုးအထိ ကန့်သတ်လာတာ တွေ့ရပါတယ်။ သူ ခံတွင်းမတွေ့လှတဲ့ ကိုမျိုးရန်နောင်သိန်းရဲ့ အမြင်တွေကို လွှင့်လို့ RFA ကို ဒေါမနဿပွားနေတဲ့ ကိုကျော်သန်းဟာ မဖြူဖြူသင်းရဲ့ အမြင်ကို အဲဒီ ရေဒီယိုကပဲ လွှင့်ပေးနေတာကို ဖော်ပြဖော်ရပေမယ့် ထောပနာပြုဖို့ကိုတော့ မေ့သွားခဲ့ပါတယ်။ ဒါ့အပြင် ​ RFA​ အပါအဝင် ပြည်ပ မြန်မာသတင်းဌာနပေါင်းစုံက ဦးဝင်းတင်၊ ဦးဉာဏ်ဝင်း၊ လူထုစိန်ဝင်း စတဲ့ အထင်ကရ ပုဂ္ဂိုလ်တွေရဲ့ အမြင်တွေကို နေ့စဉ်ရက်ဆက် မနေမနား ထုတ်လွှင့်ပေးနေတာကိုလည်း ကျော်ကြည့်သွားတာ တွေ့ရပါတယ်။ အပြစ်တင်ချင်ဇောနဲ့ ကွက်ကြားမိုး ရွာသွားတာလို့ပဲ ကျနော် သုံးသပ်ပါတယ်။

ကိုကျော်သန်းရဲ့ စွပ်စွဲချက် နောက်တခုက ရွေးကောက်ပွဲနဲ့ ပတ်သက်ပါတယ်။ ရွေးကောက်ပွဲ ဝင်လိမ့်မယ်လို့ အဲဒီအချိန်က သတင်းပြေးခဲ့တဲ့ ဦးသုဝေနဲ့ ဦးခင်ဇော်ဝင်းတို့ နှစ်ယောက်ကို မြန်မာသတင်းသမဂ္ဂ ညီလာခံရဲ့ VOA စကားဝိုင်း အစီအစဉ်မှာ ပါဝင်စေခဲ့တာဟာ ဖောက်ပြန်တဲ့ လုပ်ရပ်ပါလို့ စွပ်စွဲပါတယ်။ ပြီးတော့ ဒါဟာ မြန်မာသတင်းသမဂ္ဂနဲ ့ VOA ပေါင်းရိုက်တဲ့ပွဲ ဖြစ်ပါသတဲ့။ ဒီနေရာမှာ သူထည့်မပြောခဲ့တာကတော့ အဲဒီစကားဝိုင်းမှာ ရွေးကောက်ပွဲကို လက်မခံတဲ့ NCUB က ဦးမောင်မောင်နဲ့ (၂ဝဝ၈ ခုနှစ် အခြေခံဥပဒေနဲ့ ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲဥပဒေတွေဟာ ဒီမိုကရေစီကို ဆန့်ကျင်တဲ့ ဥပဒေတွေ ဖြစ်ပါတယ်လို့ ဝက်ဘ်ဆိုက်ဒ်မှာ တရားဝင်ကြေငြာထားတဲ့) မြန်မာသတင်းသမဂ္ဂက ကျနော့်ကို အဲဒီဆွေးနွေးဝိုင်းထဲမှာ မျှတအောင် ထည့်ထားခဲ့တယ် ဆိုတဲ့ အချက်ပါပဲ။ ဒါ့အပြင် အဲဒီဆွေးနွေးဝိုင်းဟာ သီးသန့်ဆွေးနွေးဝိုင်း မဟုတ်ပဲ၊ ပရိဿတ်ထဲက သတင်းသမားတွေရော နိုင်ငံရေးသမားတွေပါ ဝိုင်းဝန်းပါဝင်ဆွေးနွေးခဲ့ကြတဲ့ ဆွေးနွေးပွဲ ဖြစ်တယ် ဆိုတာကိုလည်း ထည့်ပြောမသွားခဲ့ပါဘူး။ နောက်ပြီး အဲဒီဆွေးနွေးပွဲ အပြီး ထခဲ့တဲ့ ဂယက်မှာလည်း ရွေးကောက်ပွဲဆန့်ကျင်ရေး ဂယက်က ပိုကြီးခဲ့တယ် ဆိုတာကိုလည်း သူ သတိထားမိပုံ မရပါဘူး။ ကိုကျော်သန်းရယ်၊ ခင်ဗျားတို့ နိုင်ငံရေးလုပ်သူတွေ ဘယ်သူနဲ့မှ တွေ့ရမယ်၊ ဘယ်သူနဲ့ဖြင့် မတွေ့ရဘူးလို့ ကျနော်တို့က ကန့်သတ်ခဲ့ဖူးလို့လားဗျာ။ ဘာကြောင့်များ မီဒီယာကို ခင်ဗျားက ကန့်သတ်ချင်ရတာပါလိမ့်။ ကျနော်တို့အားလုံး ကိုယ့်အလုပ်ကို ကိုယ် လွတ်လွတ်လပ်လပ် လုပ်ကြရအောင်ပါ။ နောက်ပြီး ကိုယ်နဲ့ သဘောထားမတူတိုင်း ရန်သူ့လူ၊ ရန်သူ့ဘက်သားလို့ စွပ်စွဲချင်တဲ့ ဉာဉ်ဆိုးလေးကိုလည်း ကြိုး​စားပြီး ဖျောက်ကြည့်ပါဗျာ။ (အမှန်တော့ ဒီ VOA စကားဝိုင်းကိစ္စကို မတ်လလောက်တုန်းက ခင်ဗျားကိုယ်တိုင် ဖုန်းဆက်မေးလာလို့ ကျေလည်အောင် ရှင်းပြခဲ့ဖူးပါတယ်။ အဲဒီတုန်းကတော့ ဟုတ်ပြီ ဟုတ်ရဲ့နဲ့ နားလည်သဘောပေါက်သလို လုပ်ခဲ့ပြီးကာမှ အခုမှ ဘာကြောင့် တစခန်းထရတာလည်း ဆိုတာကို ကျနော် တွေးမရပါဘူး။)

အချိန်ရတဲ့ ကိုကျော်သန်းတယောက် ‘ကျနော် သတင်းသမား’တို့၊ ‘တသက်တာမှတ်တမ်း’တို့၊ ‘သူလိုလူ’တို့လို အဖိုးတန်စာကောင်းပေမွန်တွေ ဖတ်ခွင့်ရနေတာကို ကျနော် မုဒိတာပွားမိပါတယ်။ ဒါပေမယ့် ‘ငါတယောက်သာ ဒီစာမျိုးတွေ ဖတ်နိုင်တယ်၊ မီဒီယာသမား ငတုံးတွေ ခမျာ ဒီစာအုပ်တွေ မဖတ်နိုင်ရှာဘူး’ဆိုတဲ့သဘော ရေးသွားတာတွေ့တော့လည်း ခင်ဗျားကို ဂရုဏာသက်မိပါတယ်။ ဝရဇိန်လက်နက်ကြီး အကြောင်း ကြက်တူရွေးများ စာအံသလို အံတတ်သူနဲ့၊ အဲဒီ ဝရဇိန်လက်နက်ကို လက်တွေ့သုံးနေသူတွေအကြား ကွာခြားချက်ကတော့ တကယ်အလုပ်လုပ်သူနေတွေဆီက အခုလို အသံမျိုး မကြားရတာပဲ ဖြစ်ပါတယ်။ ကိုကျော်သန်းတယောက် ဖတ်နိုင် မှတ်နိုင်သလို၊ တဆင့်တက်ပြီး ကျင့်ကြံနိုင်ပါစေဗျာ။

ေဩာ်၊ ဒါနဲ့ ခင်ဗျား သုံးသွားတဲ့ ကာလသားပုံပြင်လေးက အတော့်ကို ညစ်ညမ်းပါတယ်ဗျာ။ ခင်ဗျားကို စာပြန်ချင်တဲ့စိတ်က အဲဒီ ပုံပြင်လေး အရောက်မှာ အတော်လေး သိသိသာသာ ကုန်သွားခဲ့ပါတယ်။ တလောကလည်း သရော်စာရေးတတ်တယ် ဆိုတဲ့ တုတ်ကြီး (တာဝတိံသာ) ဆိုတဲ့ ပုဂ္ဂိုလ်တယောက်က အခု ခင်ဗျားရေးသလိုပဲ ချက်အောက်က အင်္ဂါတွေအကြောင်း မြိန်ရည် ရှက်ရည်ပြောပြီး မြန်မာသတင်းသမဂ္ဂ ညီလာခံက VOA စကားဝိုင်း အကြောင်းကို ဝေဖန်သွားခဲ့ဖူးပါတယ်။ သူ့ရဲ့ အရေးအသားတွေအရ ဒီလူဟာ တာဝတိံသာကတော့ ဟုတ်ပုံမရဘူး၊ ဖြစ်ချင်းဖြစ်ရင် ရောရုဝလောက်၊ အဝီစိလောက်ကသာ ဖြစ်မယ် ဆိုပြီး အခုလို လူသိရှင်ကြား တုံ့ပြန်တာမျိုး မလုပ်ခဲ့ပါဘူး။ မိတ်ဆွေချင်းမို့ ပြောရရင် ကာလသားတုန်းက ဇာတ်လမ်းတွေကို အခုအချိန်အထိ စွဲလမ်းမနေပါနဲ့တော့ဗျာ။ အသက်တွေလည်း ရလာကြပါပြီ။

ကာလသားပုံပြင်က မစွံပေမယ့် မျက်လှည့်ဆရာ ပုံပြင်လေးကတော့ သိပ်မဆိုးလှဘူးဗျ။ ပုံပြင်လေးက ကောင်းသလို ရှိပေမယ့်၊ စာအသွားအလာအရ ကျနော် သဘောပေါက်မိတာကတော့ မီဒီယာကို ခင်ဗျားက ခင်ဗျားရဲ့ ပခြုပ်ထဲက ဘိန်းဆိပ်သင့်နေတဲ့ မြွေတကောင်လို သဘောထားနေပုံပဲဗျ။ အခုတော့ ပခြုပ်ထဲက မြွေက ဘိန်းငိုက်ပြေလာပြီး ခင်ဗျားရဲ့ မြွေလမ္ပယ် ကချိုးတွေ အတိုင်း မကတော့ပဲ ရှုးရှုးရှားရှား ဖြစ်လာလို့၊ သူများလက်နဲ့ ရိုက်သတ်ခိုင်းတော့မယောင် ပြောလာတာတွေ့ရတော့ – အင်း ခင်ဗျားရဲ့ စိတ်ကျန်းမာရေးတောင် ကျနော်စိုးရိမ်လာမိပါတယ်။

ခင်ဗျားက ခင်ဗျားရဲ့ စာရှည်ကြီး အဆုံးမှာ ကဗျာတပုဒ်ရေးပြီး စာပိတ်ထားတာတွေ့ရတော့၊ ကျနော်လည်းပဲ အားကျမခံ သူများရေးတဲ့ စာတိုလေးနဲ့ ကျနော့်စာကို အဆုံးသတ်ချင်ပါတယ်။ ပြင်သစ်တွေးခေါ်ရှင် ဗော်လ်တဲယားက သူနဲ့ အတွေးအခေါ်ချင်း မတူတဲ့ မိတ်ဆွေတယောက်ဆီကို ရေးတဲ့ စာတိုလေးပါ။ ဒါကတော့ –

ခင်ဗျားရေးတာကို ကျနော် သဘောမတူပေမယ့်၊ ခင်ဗျား အခုလို ဆက်ရေးခွင့် ရနေအောင် ကျနော့်အသက်ကို ပေးပြီး ကာကွယ်သွားပါ့မယ်’  တဲ့။

ဒီနေရာမှာ ကျနော် တောင့်တမိတာကတော့

သတင်းသမားတွေ ရေးသမျှကို ဘဝင်မကျသည့်တိုင်အောင်၊ သတင်းလွတ်လပ်ခွင့်ကို အသက်ပေးပြီး ကာကွယ်သွားမယ့် တော်လှန်ရေးသမားတွေ၊ နိုင်ငံရေးသမားတွေ ပေါ်ထွန်းလာရေးပါပဲ။

ကဲ၊ ကိုကျော်သန်းရေ၊ ခင်ဗျားလည်းပဲ ရေးချင်တာတွေကို အခုလိုပဲ ပွင့်ပွင့်လင်းလင်း အိပ်သွန်ဖာမှောက် ဆက်ပြီး ရေးသွားနိုင်ပါစေဗျာ။

​မောင်​မောင်​မြင့်​

မြန်​မာ​သ​တင်း​သ​မ​ဂ္ဂ

LEAVE A REPLY

Please enter your comment!
Please enter your name here