ဟောင်​ကောင်မှ Spiderwoman အချက်အပြုတ်ဆရာမ ထောင်ဒဏ်ချမှတ်ခံရ

alt

​ဟောင်​ကောင်မှ Spiderwoman​ ဟု တင်စား ခေါ်ဆိုခြင်း ခံရသည့် အချက်အပြုတ် သင်တန်း ဆရာမ ဘယ်ရီချန်ဆူဟာသည် သူမ ကျူးလွန်ခဲ့သည့် ပြစ်မှု အတွက် ထောင်ဒဏ် ၁၅ လ ချမှတ်ခြင်း ခံလိုက ်ရပြီ ဖြစ်သည်။

သူမသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၂၃ ရက်နေ့က ချစ်သူဟောင်း တယ်ရီချန်၏ နေအိမ်ထဲသို့ ဖောက်ထွင်း ဝင်ရောက်ကာ လက်နက်ဖြင့် ခြိမ်းခြောက်ခဲ့သူ ဖြစ်သည်။ ခရိုင် လက်ထောက် တရားသူကြီး အမန်ဒါဝုကော့က အသက်၂၅ နှစ်အရွယ် ချန်သည် သူမအား စွန့်ခွာသွားသည့် ချစ်သူဟောင်း၏ အခန်းထဲသို့ စွန့်စွန့်စားစား တွယ်တက် ဝင်ရောက်ကာ သူမတို့ ဇာတ်လမ်းအား ပြန်ဆက်ရန် ဓားတစ်ချောင်းဖြင့် ခြိမ်းခြောက် တောင်းဆိုမှုအား ဝန်ခံ ခဲ့ကြောင်း ပြောကြားခဲ့သည်။ ယခု သီတင်းပါတ် အစောပိုင်းက ကြားနာခဲ့သည့် အမှုတွင် တရားသူကြီးက ချန်သည် တယ်ရီအား နာကျင်စေလိုသော ဆန္ဒမျိုး ရှိခဲ့ဟန် မတူသလို ပစ္စည်းဥစ္စာ ခိုးယူရန် ရည်ရွယ်ချက်ဖြင့် အခန်းထဲ ကျူးကျော်ခဲ့ခြင်း မဟုတ်သဖြင့် သမားရိုးကျ အမှုများနှင့် ခြားနားနေကြောင်း၊ သူမအတွက် ပြစ်ဒဏ်ကို သီးခြား စီရင် ချမှတ် ခဲ့ခြင်း ဖြစ်ကြောင်း ကြေညာခဲ့သည်။

တယ်ရီက ၎င်းတို့သည် ၆ လမျှ အတူနေခဲ့ပြီးနောက် ချန်၏ သဝန်တိုမှုနှင့် လက်မခံနိုင်လောက်သော အမူအကျင့်များကြောင့် ယခုအမှု မဖြစ်ပွားမီ ၃ လခန့်က လမ်းခွဲခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထိုနေ့က ချန်သည် ကြိုးတစ်ချောင်းဖြင့် အခန်းသို့ တွယ်တက်ကာ ပိတ်ထားသည့် တံခါးကို ဝက်အူလှည့် အကူအညီဖြင့်ဖွင့်ပြီး တယ်ရီ၏ အိပ်ခန်းသို့ ဝင်ရောက်ကာ ချစ်သူဟောင်း၏ လည်ပင်းကို ဓားထောက်ပြီး ခြိမ်းခြောက်ခဲ့ခြင်းဟု သိရသည်။ တယ်ရီသည် ချန်အား လှည့်စားပြောဆိုပြီးနောက် သူမလက်ထဲမှ ဓားကိုလုရင်း နှစ်ဦးသား အိပ်ရာပေါ်တွင် လုံးထွေးသတ်ပုတ်ခဲ့ရပြီး နောက်ဆုံးတွင် အချစ်ရှုံးသူချန်မှာ တယ်ရီ၏ ဖမ်းချုပ်မှုကို ခံခဲ့ရသည်။

တယ်ရီက ချန်သည် ၎င်းတို့ချင်း ချစ်သူဖြစ်နေစဥ်က စကားများသည့်အခါ နှစ်ကြိမ်တိုင်တိုင် မိမိကိုယ်ကိုယ် သေကြောင်းကြံရန် ကြိုးစားခဲ့ကြောင်းလည်း တရားရုံးသို့ ပြောကြားခဲ့သည်။ အခင်းဖြစ်ရာနေ့က တယ်ရီသည် ဓားကိုလုရာမှ ချန်၏ကိုက်ခဲမှုကြောင့် လက်မောင်းတွင် ဒဏ်ရာရသွားကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here