ရုရှားနိုင်ငံရှိ နျူကလီးယား ရင်းမြစ် ဒေသ အနီး တောမီး ဆက်လက် လောင်ကျွမ်း

alt

ရုရှားနိုင်ငံတွင် ပျံ့နှံ့ လောင်ကျွမ်းနေသည့် တောမီးများ တစ်စထက် တစ်စ လျော့ပါးစ ပြုလာ သော်လည်း နိုင်ငံ၏ အကြီးမားဆုံး နျူကလီးယား ရင်းမြစ် ဒေသအနီး တောမီးမှာမူ ဆက်လက် လောင်ကျွမ်း နေဆဲဟု သိရသည်။

တောမီးများ နေရာပေါင်း ၅၀၀ ကျော်သို့ ကူးစက် နေမှူကြောင့် အရေးပေါ် အခြေအနေ ကြေညာ ထားရသည့် ရုရှားတွင် မြို့တော်မော်စကို အနီးသို့ပင် မီးများ ကူးစက် လောင်ကျွမ်း နေကြောင်း သိရသည်။ ထို့အပြင် ရုရှား၏ ထိပ်တန်း နျူကလီးယား သုတေသန စင်တာရှိရာ ဆာရော့ အနီးရှိ တောမီးမှာလည်း အရှိန်အဟုန် ကောင်းနေဆဲဟု ဆိုသည်။

ဆာရော့တွင် မီးသတ်တပ်ဖွဲ့နှင့်အတူ မြို့ခံစေတနာ့ဝန်ထမ်း ၂၅၀၀ တို့ကပါ တောမီးကို ကူညီငြှိမ်းသတ်နေရသည်။ အာဏာပိုင်များက ဆာရော့ရှိ နျူကလီးယား လောင်စာများကို ကြိုတင်ဖယ်ရှားထားပြီးဖြစ်ကြောင်း ကြေညာထားသည်။ ဝန်ကြီးချုပ် ဗလာဒီမာပူတင်က သက်ဆိုင်ရာ အဖွဲ့အစည်းများ အားလုံးတို့သည် မီးကို အပြီးသတ် ငြှိမ်းသတ်နိုင်ရန် ကြိုးစားနေဆဲဟု ပြောကြားထားသည်။

ရုရှားတွင် တောမီးကြောင့် ကြီးမားသော ပျက်စီးဆုံးရှုံးမှုများ ကြံုတွေ့နေခြင်းနှင့် စပ်လျဥ်းပြီး အမေရိကန်သမ္မတ ဘာရတ်အိုဘားမားကလည်း ရုရှားသမ္မတ ဒီမီထရီ မက်ဗီဒက်ထံသို့ စာနာမှု သဝဏ်လွှာ ပေးပို့ထားသည်။ ထို့အပြင် အမေရိကန်၏ တောမီးလောင်ကျွမ်းမှုများ ခံခဲ့ရဖူးသော ကယ်လီဖိုးနီးယားမှ ပြည်နယ်အုပ်ချုပ်ရေးမှူး အာနိုးရှာဝါဇင်ဂျာကလည်း ရုရှားသို့ မီးငြှိမ်းသတ်ရေး အကူအညီများ ပေးပို့မည်ဖြစ်ကြောင်း ကြေညာထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here