မြင့်မြတ်နှလုံးသားတို့ ဆပွား ထွန်းတည်စေ

ဆောင်းပါး သရုပ်ဖေါ် © သိန်း​လှိုင်(​လှိုင်း​ဘွဲ)

အနိမ့်ကျဆုံး ကုသိုလ် အလုပ်မျိုးကို အမြင့်မြတ်ဆုံး နှလုံးသား ရှိသူများသာ လုပ်နိုင်ကြသည်

ဦးတိက္ခ( စလင်းကျောင်းတိုက်)

ခမ်းနားသပ်ရပ်သော ဤအဆောက်အဦးများ ပေါ်ပေါက်လာသည်မှာ နှစ်ပိုင်းမျှပင် ရှိပါသေးသည်။ သွားလာရေး အရ လွယ်ကူချောမွေ့သည် ဟု မဆိုနိုင်သော ဤနေရာကို ဆင်းရဲသော ပြည်သူများ၊ မဆင်းရဲသော်လည်း မေတ္တာနှင့် စေတနာ ပေါင်းစပ်ထားသည့် ကျမ်းမာရေး ပြုစုစောင့်ရှောက်မှုကို ခံယူလိုသော ရောဂါ ဝေဒနာသည်များ တဖွဲဖွဲ လာနေကြသည်။ မေတ္တာဖြင့် ထုံလွှမ်းသော အခမဲ့ ဆေးကုသခြင်းကို ခံယူရန် စနစ်တကျ အလှည့်ကျ စောင့်ဆိုင်းနေကြသည်။ သူတို့ထိုင်နေရာ အဆောက်အဦးငယ်၏ အရှေ့ကွက်လပ် အမိုးအောက် မှာတော့ စီတန်းကာ ရပ်ထားသည့် ကားငယ်များ။

လူသားတိုင်းအတွက် ဘဝ နောက်ဆုံုး ခရီးအဖြစ် အခမဲ့ စီးနင်းခွင့်ရှိသော ယာဉ်များ ……………

ရွှေရောင် စုလစ်မွန်ချွန်းများ မှန်သားမှန်ကွက်များဖြင့် အလှဆင်ထားသည့် မှန်လုံကား လှလှလေးတွေ ရဲ့နောက်ခန်းမှာ လိုက်ပါစီးနင်းခွင့်သည် လူတိုင်းအတွက် တကြိမ်စီသာ ရှိသည်။ အာဏာဘယ်လောက် ထက်ခဲ့သော သူဖြစ်ဖြစ်၊ ရာထူး ဘယ်လောက်ကြီးသော သူဖြစ်ဖြစ်၊ ဘယ်လောက်နုံချာဆင်းရဲမွဲတေသူပဲ ဖြစ်ဖြစ်၊ ဘယ်လိုပဲ အောင်မြင်ကျော်ကြား လူသိများခဲ့သူပဲဖြစ်ဖြစ်၊ ဤကားလေးရဲ့ နောက်ခန်းမှာ လဲလျောင်း လိုက်ပါစီးနင်းခွင့် တကြိမ်ရှိသည်။ နှစ်ကြိမ်မရ။ နှစ်ခါပြန်စီးခွင့် မရှိ။

ဤကားလေးကို စီးနင်းခွင့်ရသော သူသည် ဒီကားကို သူစီးနင်းနေမှန်းလည်း သိတော့မည် မဟုတ်။ ဂုဏ်တု​ ဂုဏ်ပြိုင် အပြိုင်အဆိုင်ဖြင့် သူ့ကား တန်ဖိုးရှိသည် ငါ့ကားက ပိုခေတ်မီသည်ဟု ပြိုင်ဆိုင် နိုင်မည်လည်း မဟုတ်။ ဘယ်အရာကိုမျှ အလကား မရဟု လူပြောများသော ဤနိုင်ငံဝယ် ဤကားကို သူစီးနင်းလိုက်ပါရသည့်အတွက် အဖိုးအခ ဟူ၍လည်း တပြား တချပ်မှ သူပေးရမည်မဟုတ်။ သို့သော် အခမဲ့ စီးခွင့်ရသည့် ဤကားလေးပေါ်မှ သူ ဆင်းရပြီဆိုလျှင်တော့ သူ့ခန္ဓာသည့် လူ့ကမာ္ဘမြေပေါ်မှ အပြီးတိုင်ပျောက်ကွယ်အောင် ဖယ်ရှားခံရပေတော့မည်။ အတ္တဘော ရုပ်ကြွင်းခန္ဓာ အသက်မဲ့ကြီးအား မီးလောင်တိုက်သွင်း ကာ ကျန်ရစ်သူ မိသားစုဝင်များ ငိုယိုတောင့်တ အော်ဟစ်နေသည့်အကြားမှာပင် အသားစိုင်ဘဝ မှ ပြာပုံအဖြစ် ပြောင်းလဲခံရပေလိမ့်မည်။

ဖေါ်ပြခဲ့ပြီးသာ စာမြင်ကွင်းများသည် မြန်မာနိုင်ငံ နာရေးကူညီမှု အသင်း (ရန်ကုန်) အသင်း အဆောက်ဦးရှေ့မှ လတ်တလော မြင်ကွင်းများအား ဖေါ်ပြခဲ့ခြင်း ဖြစ်ပါသည်။

နာရေးကူညီမှု အသင်း (ရန်ကုန်) သည် စာရေးဆရာကြီး ဘဘဦးသုခ နာယက အမှူးပြုပြီး ရုပ်ရှင်မင်းသား ဦးကျော်သူ တို့ မောင်နှံက ဦးဆောင်ကာ အစပြုဖွဲ့စည်းခဲ့သည်။ စတင်ဖွဲ့စည်းကာစ က အခက်အခဲများစွာ အခက်အခဲ ပင်ပန်းဆင်းရဲမှုများစွာဖြင့် တစတစ ပြုစုပျိုးထောင်လာခဲ့ရသည်ကို သုခကမ္ဘာ ကုသိုလ်ဖြစ် ဆေးခန်း အဝင်ဝတွင် ချိတ်ဆွဲပြသ ထားသော ဓါတ်ပုံမှတ်တမ်း များက ပြသနေသည်။ နာရေးကူညီမှု အဖွဲ့ကြီးအား ပြည်သူလူထုအကြားတွင် လူသိများသည် အားကိုးအားထား ပြုသူ များလာသည်။ နေရေးအလွန်ခက်သော တိုင်းပြည်မှာ သေရေး အတွက် မပူပင်ရတော့ ဟု ပြောကြသည်။ လူများစွာတို့အကြားမှာ နာရေးကူညီမှု အသင်းဟု မပြောတတ်၊ ကျော်သူ့ အသင်း ဟုသာပြောကြသည်ကို တွေ့ရသည်။

ကျော်သူ့အသင်း ဟု လူသိများသော နာရေးကူညီမှုအသင်းကို ကျနော် စိတ်ဝင်တစားဖြစ်နေသည်မှာ ၂၀၀၇ ခုနှစ်ကတည်းက ဖြစ်သည်။ လူ​ ကိုယ်တိုင်သွားရောက်လုပ်အားပေးချင်သည်မှာလည်း စိတ်ကူး အခါခါ။ ထို့ကြောင့် ထိုအသင်းကြီး အကြောင်း သိခွင့်ရသလောက် စုံစမ်းစပ်စုမိသည်။

နာရေး ကူညီမှု အသင်းတွင် ကားမောင်းကားပြင်သည့် လူအချို့ကိုသာ လခစား ဝန်ထမ်းအဖြစ်ငှားရမ်း တာဝန်ချထားသည်ဟု သိရသည်။ အချိန်ပြည့် အဆင်သင့် ရှိနေရန်လိုသော အဆိုပါ စက်မောင်း စက်ပြင် လုပ်ငန်းများမှ အပ ကျန်သော နာရေး အသုဘ အလောင်းပြင် အလောင်းသယ်။ သုသာန်ပို့၊ အအေးခန်းထား၊ လောင်တိုက်သွင်း အဆင့်ဆင့် စီမံခန့်ခွဲခြင်းများ၊ လူထုကို နှစ်သိမ့်စကားပြော ကူညီစောင့်ရှောက်သော အသင်းသူ အသင်းသားများနှင့် လတ်တလော ထပ်မံတိုးချဲ့ထားသည့် ကျမ်းမာရေး ကုသစောင့်ရှောက်မှု ဆေးကုခန်းကြီး၊ မျက်စိကုသမှု ဆေးခန်း၊ ခေတ်မှီ ဓါတ်မှန်ခန်း၊ စာကြည့်တိုက်၊ ကလေးများအတွက် ပညာရေး သင်တန်းများ စသည် စသည် အားလုံးတို့တွင် အသီးသီး ကျရာနေရာမှ လုပ်ဆောင်နေသူ အားလုံးသည် လခစား ဝန်ထမ်းများ မဟုတ်ကြပေ။ မည်သည့် အဖိုးအခ ငွေကြေးကိုမျှ မမျှော်ကိုးပဲ မိမိတို့ ပင်ကိုယ် ပရဟိတ လူမှု​ အကျိုးပြုလိုခြင်း စိတ်ဓါတ်​ သက်သက်ဖြင့် ကိုယ့်ဘာသာ ကိုယ့်​ ဆန္ဒ​ အလျောက် လာရောက် လုပ်အားပေး နေကြသူများ ဖြစ်နေခြင်းပင်။

လူမှုရေး ပရဟိတ စိတ်မွန်မြတ်မှု သက်သက်ဖြင့် ကိုယ့်ဘဝ ကိုယ့်အချိန် ကိုယ့်စွမ်းအားကို အများ အကျိုးအတွက် ပေးဆပ်ခြင်း ပြုနိုင်ခွင့် ရှိရာ ဌာန တခုအဖြစ် အာရုံထား မေတ္တာပွား လာမိသည်။ ကူညီ​ ပူးပေါင်း ဆောင်ရွက်လိုစိတ် တဖွားဖွား ပေါ်ပေါက်လာသည်။ မေတ္တာစစ် စေတနာမှန်ဖြင့် အများ အကျိုးကို ပြုခွင့်ရ ရာ နေရာ တခုအဖြစ် စိတ်ဝင်​ တစားဖြစ်လာခဲ့သည်။ သူတို့ လိုမျိုး မွန်မြတ်​ စိတ်ထားဖြင့် သူတို့ ဘဝ သူတို့အချိန် ကို ငွေကြေးမပါ၊ မောဟမစွက်၊ ဒေါသ မရှိ၊ လောဘ မလွှမ်းသော စိတ်ရင်း စေတနာသက်သက်ဖြင့် ဤအသင်းမှာ လုပ်အားတွေ လာပေးကြသည်မျိုး ကျနော်တို့ကော လုပ်ချင်လျှင် မဖြစ်နိုင်ဘူးလား တွေးလာမိသည်။ မေတ္တာဖြင့် ပေးဆပ်သော ပရဟိတ နာရေးကူညီမှု အသင်းသားဖြစ်ချင်စိတ် ပြင်းပြ လာမိသည်။ စုံစမ်းကြည့်လိုက်တော့ လူတိုင်းအား ဗော်လံတီယာ အဖြစ် လုပ်အားပေး လာရောက်ကူညီပေးရန် ဖိတ်ခေါ်လက်ခံနေသည်ဟု သိရသည်။ ကျနော် မှာ လူမှုရေး အလုပ်များ အား လုပ်ချင်စိတ်သာ ရှိသည်။ အမှန်တော့ မလွယ့်ရေးချ မလွယ်။ နာရေးကူညီမှု အသင်းတွင် လုပ်အားပေးလုပ်လိုလျင် အသင်းကြီးက မည်သူကိုမဆို ဖက်လဲတကင်း ကြိုဆိုနေသည်မှန်သော်လည်း သွားရောက်လုပ်အားပေးမည့် သူမိမိတို့မှာ အ ဦးဆုံး အချိန်ပိုရှိမှ ရမည်။ သို့မဟုတ်ပါက မိမိ အလုပ်ချိန် ဘဝ ဝမ်းရေးအတွက် ရုန်းကန်​ နေရချိန်ထဲမှ အချိန် ပေးရမည်။ နောက် ငွေကြေး လိုအပ်ခြင်း။ အသင်းတွင် လာရောက်​ လုပ်အားပေးခြင်း အတွက် မည်သည့် အဖိုးအခ ငွေကြေး လစာမျှ ရမည် မဟုတ်။

ကိုယ့်ဘာသာ ကိုယ့်အိတ်စိုက် ကိုယ့်ထမင်း ကိုယ်စား၊ ကိုယ့်လမ်းစရိတ်ဖြင့် ကိုယ်သွားရမည်​ ဖြစ်သောကြောင့် ငွေကြေးလည်း မိမိက ကုန်ကျခံရအုန်းမည်။ သက်ရှင် ရပ်တည်ရန် ခက်ခဲသော မြန်မာပြည်တွင်း ကိုယ့်ဝမ်းစာရှာချိန်ကို လစ်လျူရှုပြီး ချို့တဲ့သော ကိုယ်ပိုင်ငွေကို စိုက်ထုတ်ကာ ကိုယ့်ခွန်အား ကိုယ့်အချိန် ကိုယ့်ခန္ဓာကို အများ အကျိုးအတွက် ပေးဆပ် ကူညီနိုင်ခြင်းဟူသော စွမ်းဆောင်နိုင်ချက်မှာ တကယ်တော့ မလွယ်ကူပါချေ။

ဆင်းရဲသော မိမိတို့လို လူမျိုးများ အတွက် အချိန်ပေး ငွေကြေးအကုန်ခံပြီး နာရေး ကူညီမှု​ အသင်းတွင် သွားရောက် လုပ်အားပေးဖို့မှာ တကယ့်တကယ်တော့ အပြော​ လွယ်သလောက် အလုပ်ဖြစ်ဖို့ မလွယ်ပါပေ………

ကျနော်တို့ငယ်ငယ်က သုဘရာဇာ သင်္ချိုင်းစောင့်ဆိုလျှင် လွန်စွာ အထင်သေးသည်၊ သူသေများနှင့် လက်ပွန်း တတီး နေသူများဖြစ်၍ ရွံွံရှာစက်ဆုပ်သည်။ လူရာမသွင်းကြ၊ နိမ့်ကျသူများဟု နှိမ့်ချ ဆက်ဆံကြသည်။ လမ်းမှာတွေ့လျင် ရှောင်ကွင်းသည်။ သူတောင်းစား လိုမျိုး ဆက်ဆံသည်။ ရင့်သီးရိုင်းစိုင်းစွာ စီးပိုးနှိမ်ချ တတ်ခဲ့ကြသည်။ လူရာမသွင်း လူလို မဆက်ဆံတတ်ကြပေ။ သူတောင်းစား၊ ကိုယ်ရေးပြား ရောဂါသည် အနူနှင့် သင်္ချိုင်းစောင့်ဆို ဝေးဝေးရှောင် ကြသည်။ လူကိုရှင်တုန်းသာ ပြောဆိုဆက်ဆံ ရဲသည် သေသွားသူ သူသေ အလောင်းဆို အလွန်ကြောက်သည်။ နာရေးအိမ်ဆို တတ်နိုင်သမျှ မသွား၊ မသတီစရာ စက်ဆုပ်စရာ ထိတ်လန့်ဖွယ်ရာ အဖြစ်သဘောထားသည်။ မရဏ ဆိုသည်ကို ကျနော်တို့ မသိခဲ့ သေခြင်း တရား ကို မသိ၊ မမြဲသော သဘောကို နက်နဲစွာ နားမလည်။ ကျနော်တို့ ဘဝအဓိပ္ပါယ်နှင့် ဘဝ ရှင်သန်မှုအပေါ် တန်ဖိုးထားနိုင်စွမ်း ပေးဆပ်နိုင်မှု တို့အပေါ် ရေရေရာရာ နားမလည်ခဲ့…………………………………

ယနေ့ နိုင်ငံတွင်းတွင် အထွေထွေ ကျဆင်းနိမ့်ပါး လာသော အခြေအနေများကြောင့် ဆင်းရဲချမ်းသာ ကွာဟမှု လွန်စွာ ကြီးမားလာသည်။ ချမ်းသာသူ လူတစု သုံးမကုန် ဖြုန်းမကုန် ဖြစ်နေချိန်တွင် ဆင်းရဲသော လူထုအများကြား စားရေးခက်သည်။ ဘဝရပ်တည်ရေး ပိုခက်သည်။ နေရေးခက်သည် သေရေး ပိုခက်သည်။ နာမှုမကျမ်းမာမှု​ အတွက် စရိတ်စက လွန်စွာ​ ထောင်းသည်။ အစိုးရ ဆေးရုံ ဆေးခန်းတို့တွင် ဆေးမရှိ ဂရုဏာမရှိ ၊ မေတ္တာ မရှိ၊ ကျွမ်းကျင်သော ဆရာဝန်မရှိ။ နာရေးအတွက် သာမန် အသုဘ မျိုးကိုပင် လုပ်ဆောင်ရန် မလွယ်တော့သော အခြေအနေမျုုိး ရောက်လာသည်။ ဆင်းရဲလွန်းသောကြောင့် ဆေးရုံတွင်ပင် အလောင်းကို ပစ်သွားသော ပိုင်ရှင်မဲ ့ အလောင်းများ၊ လမ်းဘေးတွင် အမှိုက်ပုံတွင် ပစ်ထားသော ကလေး လူကြီး အလောင်းများ၊ စွန့်ပစ်ထားသော မွေးကင်းစ ကလေးအလောင်းများ၊ ရေချောင်း မြောင်းတို့တွင် ပိုင်ရှင်မဲ့ တွေ့ရသော သူသေ အလောင်းများ ဟိုမှ ဒီမှ တစတစ များများလာသည်။ သက်ဆိုင်ရာ တာဝန်ရှိသူတို့က တတ်နိုင်သလောက်တော့ လုပ်ကြပါသည်။ သို့သော် ……. …………..

ကြင်နာသော စကားများသည် တန်ဖိုးများစွာ ရှိပြီး အဖိုးအခ အလွန်နည်းသည်

နာရေးကူညီမှုအသင်း အတွက် လုပ်အားပေး ဗော်လံတီယာ မျိုးဆက်သစ် ကော်မတီများ​ အတွက် စနစ်တကျ ဖွင့်လှစ်သော သင်တန်း အမှတ်စဉ် ၄/၂၀၁၀ ကို ကျနော် စ တက်သည်။ ပရဟိတ လူမှုရေး စိတ်ဓါတ် ထက်သန် ခိုင်မာစွာဖြင့် ကိုယ်ကျိုး မစွက် အများအတွက် ပေးဆပ်လိုသူ လူငယ် သုံးဆယ်ကျော် ဖြင့် စတင်ဖွင့်လှစ်သည်။ အတွင်းရေးမှူး ကိုဇင်က နာရေးကူညီမှုအသင်းတွင် လုပ်ဆောင်ရသော လုပ်ပုံ​ လုပ်နည်းများကို သင်ပြပေးသည်။ သူတို့ တွေ့ကြံုခဲ့ရသော တွေ့ကြံုနေရသော အခက်အခဲများကို နားလည်စာနာစွာဖြင့် အတူတူ ပူးပေါင်းဖြေရှင်း နိုင်အောင် လက်တွဲခေါ်သည်။ အဓိကက နာရေးရှင် ကျန်ရစ်သူတို့၏ သောက အပူမီးကို တတ်နိုင်သလောက် မေတ္တာစွမ်းဖြင့် ငြိမ်းအေး​ စေနိုင်ရေးဖြစ်ကြောင်း ရှင်းပြသည်။ ကြွင်းကျန်သော ရုပ်ကလာဒ်ကို သုသာန်ထိ အခမဲ့ ပို့ဆောင်ပေးသည်၊ အအေးခန်းကို သုံးရက်ထိ ထားပေးသည်။ မီးသဂြိုဟ် စရိတ်အထိ ကုန်ကျ​ စရိတ် အားလုံးကို နာရေးကူညီမှု အသင်းက ကျခံသည်။ ဒီငွေတွေအားလုံးသည် ကမာ္ဘအရပ်ရပ်က အလှူရှင်တို့ ပေးလှူသော ငွေများ ဖြူစင်သော ငွေများသာ ဖြစ်ကြောင်း ရှင်းပြသည်။ သောက အပူမီးဖြင့် ကျန်ရစ်သူတို့အတွက် မိမိတို့ အသင်းသားများက အားပေးသော ဖေးမ သော ကြင်နာစကားများ သည် အနှိုင်းမဲ့ အဖိုးထိုက်ကြောင်း ဖြူစင်မွန်မြတ်လှသော ကုသိုလ်​ ဖြစ်ကြောင်းဖြင့် နာရေးကူညီမှု အသင်းကြီး၏ မွန်မြတ်သန့်ရှင်း တုမဲ့ကင်းပုံ​ အကြောင်းများကို ဂုဏ်ယူစွာဖြင့် သိနားလည်ခွင့် ရလာခဲ့သည်။

မြက်ခြောက်များစွာသည် ဆင်တကောင်ကို ချည်နှောင်နိုင်သည်

သင်တန်းလာတက်သူများထဲတွင် အမျိုးသမီး​ ဦးရေက ပိုများသည်။ အမျိုးသားများထက် အမျိုးသမီးများက ပရဟိတ စိတ်ဓါတ် ပိုထက်သန်သည်ဟု ဆိုရမလိုပင်။

အားလုံးတို့၏ မျက်ဝန်းများသည် လင်းလက်​ တောက်ပနေကြသည်။ မိမိတို့ကိုယ်စီ ၏ ပိုင်ဆိုင်သမျှ ရာထူး စည်းစိမ် ဥစ္စာဓနတို့ကို နာရေးကူညီမှု​ အသင်း ဂိတ်ဝတွင် ချန်ထားခဲ့ကြပြီး အားလုံး တတန်တစားထဲ တညီတညွတ်တည်း အများ အကျိုးအတွက် ပေးဆပ်​ ကူညီ​ လိုစိတ်တခုဖြင့်သာ ဒီသင်တန်းကို တက်ကြပါဟု ဆော်ဩသည်။ မိမိတို့သည် ဘာမျှ မရှိ ဘာမှ တန်ဖိုးမရှိသော မြက်ခြောက်များဟု ကိုယ့်ဘာသာ ပမာထားမိသည်။ မြက်ခြောက်ကဲ့သို့ ပင် အဖိုးနည်း အစွမ်းမဲ့ ဖြစ်လင့်ကစား စုစည်း​ ညီညွတ်သော မွန်မြတ်​ စိတ်ထားများဖြင့် ဝိုင်းဝန်းကြိုးပမ်းခြင်းဖြင့် နိုင်ငံနှင့်ချီသော ညီညွတ်အောင်မြင်မှုများဆီထိ တက်လှမ်းနိုင်မည်ဟု ယုံကြည်မိသည်။ အဓိက မှာ ကျစ်လစ်ခိုင်မာသော စုစည်းမှုနှင့် ယုံကြည်မှု စိတ်ဓါတ်တို့ပင်ဖြစ်သည်။

နာရေးကူညီမှု အသင်းကြီး ယခုထက်ပိုမို ကျယ်ပြန့်တွင်ကျယ်ပြီး ပြည်နှင့် အဝှန်း လူထုအတွက် အထွေထွေဖိစီးနေသော ဒုက္ခများနှင့် အပူူသောကမီးတွေ ကူငြိမ်းပေးနိုင်ဖို့ အနာဂတ်ကို ပိုင်စိုးသော ယနေ့ လူငယ်တွေမှာ တာဝန်ရှိသည်။ အမျိုးဘာသာ သာသနာကို မြတ်နိုးတန်ဖိုးထားတတ်သူတိုင်းမျာ ယနေ့ လူငယ် နောင်ဝယ် လူကြီး​ ဖြစ်လာမည့်မိမိတို့မှာ တာဝန်ရှိသည်။

နိုင်ငံနှင့် လူမျိုး အနာဂတ်အတွက် တဖက်တလမ်းမှ လမ်းပြ ကူညီရာလည်း ရောက်အောင် သစ္စာ သမာဓိ ၊ တည်ကြည်သိက္ခာ မြင့်မြတ်ခြင်းတို့ဖြင့် ဘဝတန်ဖိုးတို့ တည်ဆောက်လိုသူများ နာရေးကူညီမှု အသင်းကို ဆက်သွယ် ပူးပေါင်း ပါဝင်ဖို့ လိုအပ်နေပြီဖြစ်ပါသည်။

အမျိုးဂုဏ်မြင့်စေသော လုပ်ရပ်များဖြင့် အမျိုးဂုဏ် တင့်စေပါစို့

မေတ္တာစစ် မေတ္တာမှန်ဖြင့် လူသားချင်း ကူညီစောင့်ရှောက်ကြပါစို့

မြင့်မြတ်သော ဗုဒ္ဓအဆုံးအမ တရားတော်များ အတိုင်း မေတ္တာ၊ မုဒိတာ၊ ဥပက္ခာ တရားပွားများ နိုင်ဖို့ နာရေးကူညီမှု အသင်းသို့ ဆက်သွယ် ဝင်ရောက်ကြပါစို့ ဟု ဖိတ်ခေါ်ရင်း မြတ်ဗုဒ္ဓ၏ မွန်မြတ်လှစွာသော ဝိဘဇ္ဖတရားတော်ပါ ကောင်းမြတ်ခြင်းများ အကြောင်းအား ဆက်နွယ်သုံးသပ်ကြည့်ရင်း နိဂုံးချုပ်ပါ၏။

Right view- ကောင်းစွာ သိမြင်ခြင်း၊

မိမိ ကိုယ်ကျိုးအတွက်ချည်း အချိန်ကုန်နေကြရသော ဘဝမှ အများအကျိုးအတွက် တစုံတခုသော ပေးဆပ်ကူညီမှု ပြုလိုစိတ် ရှိလာ ခိုင်မာလာသော ကြောင့်သာ အသင်းသို့ ပူးပေါင်းလိုစိတ် ပေါ်လာခြင်းဖြစ်သည်။ ထို့ကြောင့် ကောင်းစွာ သိမြင်ခြင်းတည်း ဟူသော အဆုံးအမနှင့် ညီညွတ်ပေသည်။

Right thought- ကောင်းစွာ ကြံစည်ခြင်း၊

အဂတိများ၊ အဓမ္မများ အကြား နေ့နေ့ညည မအားမလပ်အောင် ရုန်းကန် အသက်မွေးနေကြရသည့် ကြားထဲမှ ရှားပါးလှသော မိမိတို့ ဘဝ အချိန် ကို ပေးဆပ်ကြံစည်ပြီး အများ အကျိုးမျှော်ရှု စွမ်းဆောင်လိုစိတ်မှာလည်း ကောင်းစွာသော ကြံစည်အားထုတ်ခြင်းမျိုး မည်ပေသည်။

Right speech- ကောင်းစွာ ပြောဆိုခြင်း၊

နာရေးတည်းဟူသော မရဏတရားနှင့် ပက်ပင်းကြံုကြရသူ မိသားစုဝင်တို့အတွက် သောကနညး်ပါးစေကြောင်း တရားနှင့်ယှဉ်သော အားပေး ဖေးမ စကားများ အားပေးပြောဆိုခြင်း၊ ဖြူစင်မွန်မြတ်သော အများ အကျိုးပြု လုပ်ဆောင်ချက်များ ဆပွားတိုးတက်စေရန် ကြံစည်ပြောဆို ဆောင်ရွက်ခြင်းတို့သည်လည်း မင်္ဂလာမည်ပေသည်။

Right action ကောင်းစွာ ပြုမူနေထိုင်ခြင်း၊

မွန်မြတ်သန့်ရှင်းလှသော အသင်းကြီးတွင် ပါဝင်ပူးပေါင်းဆောင်ရွက်ပြီ မို့ မိမိတို့ အသင်းဝင်များသည် ကောင်းစွာသော အသက်ရှင်နေထိုင်ခြင်းမျိုးဖြင့် အသက်မွေးကြရမည်။ ကောင်းစွာ ပြုမူနေထိုင်ခြင်းဖြင့်သာ မွန်မြတ်တည်ကြည် ခိုင်ခန့်သော ပရဟိတ စိတ်ထားတို့ကို ဆပွားခိုင်မာ လာစေနိုင်ပေလိမ့်မည်။

Right livelihood ကောင်းစွာ အသက်မွေးခြင်း၊

အများ အကျိုးကို မျှော်ရှုပြီး ဒါနကုသိုလ် စေတနာကုသိုလ် လုပ်အားဖြင့် ကုသိုလ်ယူမည့် မိမိတို့သည် ကောင်းစွာသော အသက်မွေးခြင်းဖြင့် အသက်ရှင်သူများသာ ဖြစ်လိမ့်မည်။ အကုသိုလ် အလုပ်များဖြင့် အသက်မွေးနေသူတို့သည် ကုသိုလ်ရေး ရပ်ဝန်းဆီသို့ ချည်းကပ်နိုင်မည် မဟုတ်။ ချည်းကပ်နိုင်စွမ်းလည်း မရှိတတ်။

Right effort- ကောင်းစွာ အားထုတ်ခြင်း၊

အချိန်၊ ငွေကြေး၊ တို့ ပေးဆပ်ပြီး အများပြည်သူတို့အတွက် ကူညီကုသိုလ်ယူနိုင်မည့် နာရေးကူညီမှု အသင်းကြီးတွင် ကိုယ့်သီလ ကိုယ်လုံသည့် ခေါင်းဆောင်တို့၏ ဦးဆောင်မှုအတိုင်း သီလ လုံစွာ ဆောက်တည်ကြရသည်ဖြစ်ရာ ကောင်းစွာ အားထုတ်ခြင်းလည်း မည်နေပေသည်။

Right mindfulness- ကောင်းစွာ အောက်မေ့ခြင်း

မရဏ တရား မမြဲသော သဘော သေခြင်းတရားတို့နှင့် ပတ်သက်သော နာမှု၊ သေမှု အသုဘ ကိစ္စ အဝဝကို နေ့စဉ်ကူညီဆောင်ရွက် ပေးနေရာကို သည်ဖြစ်၍ နိစ္စဓူဝ တရားသဘောကို ကောင်းစွာ ဆင်ခြင် အောက်မေ့နေနိုင်သည်လည်း ဖြစ်သည်။

Right concentration- ကောင်းစွာ တည်ကြည်ခြင်း

သိက္ခာ ၊ သမာဓိ၊ တည်ကြည်ဖြောင့်မတ်ခြင်း အများလှူဒါန်းသော ငွေကြေးတို့ဖြင့် အများသူငှာ ကောင်းကျိုးကို ဆောင်ကြဉ်းပံ့ပိုးပေးခြင်းဖြင့် လုပ်ဆောင်ရသော ကုသိုလ်ရေးတွင် တည်ကြည်သမာ သမတ် ရှိမှ၊ ရိုးသား ဖြောင့်မတ် ကိုယ်ကျိုးှရှင်းမှ ဖြစ်မည်။ ယခု နာရေးကူညီမှု အသင်း (ရန်ကုန်) မှ လက်ရှိ ဦးဆောင်သူ ဦးကျော်သူ နှင့် ဦးစီး အဖွဲ့အားလုံး၏ ရိုးသားမှု တည်ကြည်မှုတို့ နည်းတူ မိမိတို့ အဖွဲ့ဝင်သစ်များ မျိုးဆက်သစ်များသည်လည်း တည်ကြည်ဖြောင့်မတ် မှု အများ အကျိုးတွက် ကိုယ်ကျိုးစွန့်လွှတ်နိုင်မှုတို့ဖြင့် ကျင့်ကြံလာမည် ဖြစ်သောကြောင့် ဗုဒ္ဓအဆုံးအမ တရားတော်နှင့် ကိုက်ညီနေသည်သာ ဖြစ်ပါကြောင်း တင်ပြလိုက်ပါသည်။

မာရ်နတ်လို ဟန်ဆောင် အသင်းများကြား၊ မဗေဒါလို တပင်တည်း ရုန်းကန် လှုပ်ရှား အောင်မြင်မှု ဆပွား နေသော နာရေးကူညီမှုအသင်းကြီး ထွန်းကားပြန့်ပွား ခိုင်မာတည်တံ့ပါစေ။

အမှတ်စဉ် ၄၊ ၂၀၁၀ နာရေးကူူညီမှု အသင်း (ရန်ကုန်) လုပ်အားပေး မျိုးဆက်သစ်များ ကိုယ်စား

သံလွင်ကြေးစည်

LEAVE A REPLY

Please enter your comment!
Please enter your name here