မြောက်​ကိုရီး​ယား​ ဘော​လုံး အ​သင်း​​ ​အ​ပြစ်​ပေး​ခံ​ရ​မှု​ FIFA​ ​စုံ​စမ်း​မည်

alt

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)​ က မြောက်​ ကိုရီးယား လက်ရွေးစင် ဘောလုံး အသင်းကို နိုင်ငံ​ အာဏာပိုင်များက နှိပ်စက် ညှင်းပမ်း နေသည်​ ဆိုသော သတင်းများ အတွက် တိတိကျကျ စုံစမ်း​ သွားမည်ဟု ကြေညာခဲ့သည်။

FIFA ဥက္ကဌကြီး ဆက်ဘတ်တလာက ကမ္ဘာ့ဖလားတွင် ရလဒ်ဆိုးများ ကြံုခဲ့သည့် မြောက်​ ကိုရီးယားအသင်းအား အာဏာပိုင်များက ဒေါသတကြီး ဒဏ်တပ်ခဲ့သည်ဆိုသော ကိစ္စအပေါ် စိုးရိမ်ကြောင်း ဝန်ခံ​ ပြောဆို​ သွားသည်။ မြောက်​ ကိုရီးယားသည် ၄၄ နှစ်​ အတွင်း ပထမဆုံး​ အကြိမ် ကမ္ဘာပေါ်တွင် အဆင့်အတန်း အမြင့်ဆုံး ဘောလုံး​ ပြိုင်ပွဲကြီးသို့ တက်ရောက်​ ယှဥ်ပြိုင်ခွင့် ရခဲ့သော်လည်း အုပ်စု​ အဆင့်မှာပင် ဘရာဇီး၊ ပေါ်တူဂီနှင့် အိုင်ဗရီကို့တို့အား အရေးနိမ့် ထွက်ခွာခဲ့ရသည်။ Radio Free Asia သတင်းဌာနက ကိုရီးယား​ ကျွန်းဆွယ် မြောက်ပိုင်းရှိ ကွန်မြူနစ်နိုင်ငံမှ ကစားသမားများနှင့် နည်းပြတို့ကို အာဏာပိုင်များက အရှက်တကွဲ အရှုံးအတွက် ပြင်းပြင်းထန်ထန် အပြစ်ပေးမှုများ ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားခြင်းဖြစ်သည်။ ယင်းသတင်းကို အဆိုပါ သတင်းဌာနက အမည်မဖော်ပြသည့် မြောက်ကိုရီးယား အရာရှိတစ်ဦးနှင့် ယင်းနိုင်ငံကို ဆက်စပ်ကုန်သွယ်နေသူ တရုတ်စီးပွားရေး လုပ်ငန်းရှင် တစ်ဦးတို့ထံမှ ရရှိခဲ့ခြင်းဟု ဖော်ပြခဲ့သည်။

အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဌ မိုဟာမက်ဘင်ဟမ်မန်ကမူ ၎င်းသည် မြောက်ကိုရီးယား ဘောလုံးသမား အချို့နှင့် မကြာမီက တွေ့ဆုံခဲ့ပြီး ထိုသတင်းကို ဘောလုံးသမားများက ငြင်းဆန်ခဲ့ကြောင်း ပြောကြားသွားသည်။ သို့သော်လည်း FIFAအနေနှင့် မြောက်ကိုရီးယားတွင် ဘောလုံးသမားများအား အစိုးရက နှိပ်စက်နေခြင်း ရှိမရှိ ဖော်ထုတ်ပေးနိုင်ရန် မျှော်လင့်ကြောင်း ၎င်းက ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here