ခေတ်မပြောင်းခင် အိတ်ဖေါင်းဝင်အောင် ကြိုးစားနေကြသူများ

ဆောင်းပါး သရုပ်ဖေါ် © သိန်း​လှိုင်​ (လှိုင်း​ဘွဲ)

ပီဖင်းဂိုးလေး ရဲ့ ဒိုင်ယာရီစာမျက်နှာမှာ အတ္တကြီးကြီးနဲ့ တဖက်စောင်းနင်း ရေးတယ်လို့ စွပ်စွဲလည်း ခံရတော့မှာပဲ။

ဘာလို့ဆို ဒီတပတ် ကျုပ် မှတ်မှတ်မိမိ ရှိတာတွေ အားလုံးဟာ ဆိုရင် တစု၊ တဖွဲ့၊ တသင်း၊ တအုပ်က လူတချို့ရဲ့ အကျင့်ပျက် လာဒ်စား ပျက်စီးနေမှု အကြောင်းတွေချည်း တိုက်တိုက်ဆိုင်ဆိုင် ဖြစ်နေလို့ပါ။ မြင်တွေ့ လာရတာတွေ ကလည်း သူတို့ဖက် အတွက် အဆိုးချည်းပဲမို့ အမြင်အတိုင်းပဲ မှတ်တမ်း တင်မိတာပေါ့။ သူတို့ဖက် ဆိုတာ လူထုပြည်သူ မေတ္တာပို့နေတဲ့ ကိုရွှေ န.အ.ဖ တို့အဖွဲ့ကို ပြောတာပါ။

ကျုပ်တို့နေတဲ့ မြန်မာပြည်မှာ မကြာခင် ရွေးကောက်ပွဲ ဆိုတာကြီး လုပ်တော့မယ် ဆိုပဲ။ အဲဒီသတင်းက ဟုတ်ကော ဟုတ်ကဲ့လားလို့ ကျုပ်က မေးချင်နေမိတယ်။ ဘာတဲ့ ရွေးကောက်ပွဲ ဆိုတာသာ လာတော့မယ် ကျုပ်ဆီ ဖုန်းလာပြောတဲ့ မြန်မာတွေ တနေ့ တနေ့ ဆယ်ရာချီ ရှိနေတာပဲ။ သူတို့ နှုတ်ဖျားက သူတို့နိုင်ငံ ရွေးကောက်ပွဲနဲ့ ပါတ်သက်လို့ တခွန်းမှ ပြောသံ မကြားဖူးဘူးလေဗျာ။ အဲဒီတော့ ဒီနိုင်ငံမှာ ရွေးကောက်ပွဲ ရှိတယ် ဆိုတာ ဘယ်သူ ယုံမတုန်း။ ပါတီအလံတွေ လွှင့်တာလည်း မတွေ့။ မဲဆွယ် စည်းရုံးသံတွေလည်း မကြားရ။ ဟို အမတ်လောင်း ဒီပါတီဝင်တွေ ကောင်းတယ် ဆိုးတယ်လည်း ဘယ်သူမှ မပြောရဲ။ ဘယ်သူ ဘယ်သူကမှ နိုင်ငံရေးဆိုတာနဲ့ ပါတ်သက်တဲ့ စကား တခွန်း တပါဒ မှ မဟ ရဲလေ မပြောကြလေတော့ မကြာခင် လပိုင်းမှာ ကျင်းပမယ် ဆိုတဲ့ ရွေးကောက်ပွဲဆိုတာ ဟုတ်မှ ဟုတ်ပါလေရဲ့လားလို့ ကျုပ် ထင်မိတယ်။

ရွေးကောက်ပွဲ တခုရှိတယ် ဆိုရင် သေချာတာ တခုကတော့ အစိုးရ အဖွဲ့တွေ အာဏာပိုင် အဖွဲ့တွေ အပြောင်း အလဲတော့ ရှိလာမှာ သေချာတယ် ဆိုရမှာပေါ့။ တခြား နိုင်ငံတွေတော့ မင်းပြောင်း မင်းလွှဲ။ ခေတ်ပြောင်း ခေတ်အကူးမှာ ဘယ်လိုရှိကြတယ်တော့ မသိ။ ကျုပ်နေတဲ့ မြန်မာပြည်မှာတော့ ဖြစ်နေကျ ဖြစ်စဉ်တွေ ဖြစ်လာအုံးမယ် လို့ပဲ ပြောရမယ် ထင်တယ်။ သမရိုးကျ ရပ်ကွက်တွေထဲ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ ဖြစ်စဉ်တွေ သိတယ်မလား။ အိမ်ငှား အသစ် ပြောင်းမလာခင် အိမ်ငှား အဟောင်း က အိမ်က ပစ္စည်းရသမျှ လျှပ်စစ်မီးကြိုး ပလပ်ခုံတောင် မကျန် ခွါယူသွားဖို့ ကြိုးစားသလိုပဲ စပ်ကူးမတ်ကူး ကာလမှာ ဝန်ထမ်းတွေ အာဏာပိုင်တွေက ရသမျှ ခြစ်ကုတ် သိမ်းယူဖို့ ကြိုးစား နေကြပုံတွေ မြင်နေကြားနေ ရတယ်။ အကောင်ကြီးကြီး အမြီးရှည်ရှည် အစိုးရ အဖွဲ့က လူတွေနဲ့ သူတို့ အပေါင်းပါတွေက နိုင်ငံရဲ့ အရေးပါတဲ့ လုပ်ငန်းကြီးတွေ ပရောဂျက်ကြီးတွေကို ပြည်သူပိုင်ဆိုတဲ့ ခေါင်းစဉ်နဲ့ အကုန်သိမ်းနေကြပြီ။ လေကြောင်း ၊ ရေကြောင်း၊ ကုန်းကြောင်း အကုန်သိမ်းပြီးပြီ။ ဘဏ်လုပ်ငန်း လည်းသူတို့ လက်ထဲရောက်ပြီ။

ဓါတ်ဆီဆိုင် လောင်စာဆီ လုပ်ငန်းလည်း သိမ်းပြီးပြီ၊ သစ်ထုတ်ရေး လုပ်ငန်းတွေလည်း သူတို့ပဲ။ ကျောက်မျက်ရတနာ တွင်းထွက် ဆိုလည်း သူတို့၊ ကုန်သွယ်ရေးဆိုလည်း အဲဒီလက်ဝေခံ တိုင်ကွန် သူဌေးကြီးတွေပဲ။ အကြီးကြီးတွေ အားလုံးကို အကြီးကြီးတွေ က ဗြောင်သိမ်းနေတဲ့ ဒီအချိန်မှာ အောက်ခြေ ဝန်ထမ်း သေးသေးလေးတွေကလည်း ရသလို လည်သလို လျှင်သလို ရသလောက် တူးဆွ အမြတ်ထုတ် အိတ်ထဲထည့်ဖို့ လုပ်နေကြပါတယ်။ နိုင်ငံကြီးကို တစစီ တဖဲ့စီ ဝိုင်းမြိူပြီး နောက်အစိုးရကို အခွံပဲ ပေးခဲ့မယ်လို့ ကြံရွယ်လေသလား မသိ။

ပီဖင်းဂိုးလေးကတော့ သာမန် အောက်ခြေ လူထုနဲ့ပဲ နေ့စဉ် ထိတွေ့ ဆက်ဆံရတာမို့ အထက်ပိုင်းက ကြီးကြီးမာစတာကြီးတွေ အခုလို နိုင်ငံဖျက် စီမံကိန်းတွေနဲ့ ဝါးမြိုသိမ်းပိုက် နေတာတွေကို စာရင်းဇယားနဲ့ အတိအကျ မကြားမသိရပါဘူး။ အောက်ခြေ ဝန်ထမ်းလေးတွေ ဝန်ထမ်း လတ်တွေ ဝန်မထမ်း တထမ်းတွေရဲ့ လူထုပေါ် ဘယ်လို ဖိစီးနှိပ်စက် အနိုင်ကျင့် အမြတ်ထုတ်နေကြတယ်ဆိုတာတွေ လောက်ပဲ ကြားသိရတာပါ။

ပီဖင်းဂိုး လေးဆီ ခုတလော ဖုန်းလာပြောသူတွေရဲ့ ရင်ဖွင့်စကားသံတွေထဲ အစိုးရ ဝန်ထမ်း ယန္တရားကြီးရဲ့ ဖိစီးနှိပ်စက်မှုတွေ အကြောင်း အတော်များများ လာပြောကြတာကို သတိပြုမိလို့ သိရသလောက် ဒိုင်ယာရီထဲ ရေးထည့်လိုက်တယ်။

တူ …………..တူ…………..

“ဟဲလို ယောင်္ကျားလား။ မိန်းမစကားပြောနေတယ်။ အိမ်ဖုန်းကို ခေါ်မရဖြစ်နေတယ် မလား။ အဲဒါကြောင့် ပီဖင်းဂိုးနဲ့ အင်တာနက် ဖုန်းလာခေါ်တာပေါ့၊ မိန်းမတို့ အိမ်ဖုန်းကို မခေါ်နဲ့အုံး။ ဖုန်းကြိုးတွေ အခိုးခံထားရတယ်။ အမ်၊ ဘယ်သူခိုးလဲ ကျုပ်ဘယ်သိမလဲ တော့။ ဓါတ်တိုင်ပေါ်ထိ တက်ရဲတဲ့ သူ ဖြတ်ခိုးမှာပေါ့။ ဖုန်းလိုင်းမင်း သမားတွေ ဖြုတ်ခိုးတာလည်း ဖြစ်ချင် ဖြစ်မှာပေါ့။ အခု အဲဒီ လိုင်းမင်း ဖုန်းပြင်သမားကိုပဲ ပိုက်ဆံ နှစ်သောင်းပေးပြီး ကြိုးသစ်တပ်ခိုင်း လိုက်ရတယ်။ ကျမတို့ အိမ်တင် မဟုတ်ဘူး။ ခနခနပဲ ဖုန်းကြိုးတွေ ဖြုတ်ခိုးခံနေရတာ။ လိုင်းမင်းတွေပဲ ခေတ်ပြောင်း ခေတ်လွဲ မတိုင်ခင် အပီပြင် စီးပွားရှာနေသလား အောက်မေ့ရတယ် ယောင်္ကျားရေ။ ဒီတိုင်းပြည် နေရတာ အတော့်ကို စိတ်ကုန် စိတ်ပျက်စရာ ကောင်းတာပဲ။ ထမိန် ထုတ်လှမ်းတာတောင် စိတ်မချရ၊ နောက်ဆုံး အိမ်ရှေ့ ပန်းအိုးလှလှ အပင်လှလှတောင် မစိုက်ထားရဲဘူး၊ ဟိုတလောကလည်း အိမ်ရှေ့က နှင်းဆီပန်းအိုးကို မ သွားတယ်။ ပိုဆိုးတာက စက္ကူပန်းပင် နိုင်ငံခြားမျိုးလေ ရှင် … စိုက်သွားတဲ့ အပင်လေး။ ဟုတ်တယ် ။ အဲဒီအပင်လေးကိုပါ ချိုးယူဆွဲနှုတ်သွားတယ် ယောင်္ကျားရေ။ သူခိုးကလည်း ကြွလိုက်တာ လွန်ရော။ မိန်းမ တို့ အနောက်လမ်းမှာ အိမ်လာငှားနေတဲ့ ဒေါ်ကြည်ဆိုတဲ့ အဖွားကြီး အိမ်ဆို ပုဆိုးတောင် မချန်ဘူး။ အကုန်ခိုးတာ။ ညဖက်ခိုးတယ် ထင်လား။ အောင်မယ်လေး ။ နေ့ခင်းကြောင်တောင်ကြီး အခိုးခံရတာ … တော်ရေ့။ အဲဒီ အဖွားကြီးက နေ့ခင်းဘက်ဆို ဘုန်းကြီးကျောင်းဆီ သွားနေတတ်တော့ နေ့ခင်းကြောင်တောင် အိမ်ဝင်ဖေါက်ပြီး တွေ့တာ အကုန် ‘မ’ သွားတာ၊ အခု အဲဒီအဖွားအို အတော် ဒုက္ခရောက်နေရှာတယ် ရှင်။ ခေတ်ကလည်း အတော်ကိုပျက်နေပြီ။ လူတွေလည်း စာရိတ္တတွေ ပျက်ဆီး၊ အလုပ်ကိုင်ကလည်း ရှားပါး၊ လောင်းကစားတွေ ကလည်း ပေါလိုက်တာ။ ဘောလုံး လောင် မလား၊ နှစ်လုံးထီ သုံးလုံးထီ ထိုးမလား ပေါမှပေါ ဆိုတော့ ခုလို သူခိုးတွေ ပေါလာတာ မဆန်းပါဘူး။ ကိုယ့်အိမ်ကိုယ် လုံခြံုအောင်ပဲ လုပ်နေရတာ။ အခု ဒီလ ရှင်ပိုပို့ဖို့ စဉ်းစားထား။ ဖုန်းသမားကို ဖုန်းကြိုးဖိုးက နှစ်သောင်း ပြင်ဆင်စရိတ် အတွက်က ငါးထောင် ပေးရမယ်တဲ့။ အဲဒီဖုန်းကြိုးလည်း ဘယ်နှစ်လ ခံမလဲ မသိဘူး။ အလှည့်ကျတဲ့ နေ့ အဖြတ်ခံ အဖြုတ် ခံရအုန်းမယ်နဲ့ တူတယ်။ ရှင့် ကျမ်းမာရေး ဂရုစိုက် ရှင်သာ ငွေမပို့နိုင်ရင် ဒီက မိသားစုတွေ အကုန် သူတောင်းစား ဖြစ်သွားနိုင်တယ်။ ကြား လား ….. ယောင်္ကျား…………………?”

အဲဒီလိုမျိုး လက်တွေ့ကြံုနေရတဲ့ အမျိုးသမီးတဦး က သူရင်ဆိုင်နေရတဲ့ ဆက်သွယ်ရေး ဝန်ထမ်းတွေ နှိပ်စက်တဲ့ အဖြစ်အပျက်ကို ရင်ဖွင့်နေသံကြားရတော့ ပီဖင်းဂိုးလေး မအံ့ဩပါဘူး။ ဘာလို့ဆို ဖုန်း လိုင်းမင်း တဦးရဲ့ လစဉ် ဝင်ငွေ လေးငါးသိန်း ရနေတယ် ဆိုတာကို သိတဲ့ အရက်ဆိုင် ပိုင်ရှင်တယောက် က ဟိုတလောက တင် ဖုန်းလာပြောသွားလို့ သိလိုက် ရပြီလေ။ အဲဒီ အရက်ဆိုင် ပိုင်ရှင်က သူ့ဆိုင်မှာ အစိုးရ ဝန်ထမ်းတွေ ညည လာလာသောက်နေ မူးယစ် ရမ်းကားနေကျမို့ သူတို့ ပြောစကားတွေထဲက တဆင့် ဝန်ထမ်းတွေ အခြေအနေကို အကုန်သိနေရတဲ့ သူပဲ။ ဖုန်းလိုင်းမင်း တယောက် လစဉ် လေးငါးသိန်း ဝင်ငွေကို ဘယ်လိုရှာတယ် မှတ်လဲ။ သူတာဝန်ကျတဲ့ နယ်မြေထဲက လိုင်းဖုန်းတွေ အကုန်လုံးကို အလှည့်ကျ ဖြတ်ပစ်ပါတယ်။ ဖုန်းပိုင်ရှင်က လိုင်းမင်းကို လိုက်ရှာပြီး ဖုန်းကြိုးကို ပြန်ဆက် ပြန်စစ် ခိုင်းရပါတယ်။ ပြီးရင် ဖုန်းပြင်ခ ဆိုပြီး ပေးရပါတယ်။ တထောင်လောက် နှစ်ထောင်လောက်တော့ ဖုန်းပြင်ခ ဆိုပြီး အချိုသတ်ဖို့ မစဉ်းစားနဲ့ ငွေပေး နည်းလို့ကတော့ဖြင့် အဲဒီဖုန်းလိုင်း ပြောလို့ရလှမှ တပတ်ပဲ။ မကြာခင် ဖုန်းလိုင်းပျက်သွားအုန်းမှာ ဖြစ်ပါတယ်။ တခါပျက်တိုင်း လိုင်းမင်းကို နှစ်ထောင်လောက် ထပ်ပေးရအုန်းမှာ ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ လိုင်းမင်းတွေဟာ သူ့ နယ်မြေထဲမှာ လိုင်းဖုန်း ရှိသမျှ အိမ်တိုင်းကို အဲဒီလိုလုပ်ပြီး ငွေတောင်းပါတယ်။ လိုင်းဖုန်းတွေဆိုတာလည်း ရပ်ကွက်တခုမှာ ရာချီရှိနေတာဖြစ်လို့ အဲဒီလိုင်းမင်း ရဲ့ လစဉ် ဝင်ငွေကိုတွက်သာ ကြည့်ကြပေတော့ဗျာ။

အချို့အိမ်တွေကျတော့ လူရည်လည်နေပါပြီ။ လိုင်းမင်းကို လစဉ် လဆန်းတိုင်း ငွေ ငါးထောင်လောက် ခေါ်ပေးထားလိုက်ရင် အဲဒီဖုန်းဟာ တလလုံး ကြည်လင်စွာ ဆက်သွယ်လို့ ရနေပါလိမ့်မယ်။ အခုလိုရွေးကောက်ပွဲ နီးလာချိန်မှာ လိုင်းမင်းတွေလည်း ရသလောက် ဝင်ငွေရှာဖို့ နည်းပေါင်းစုံနဲ့ ကြိုးစားရာမှာ စောစောက အမျိုးသမီးလို အဆက်သွယ်မရှိ တုံးတုံးအအ အိမ်မျိုး၊ အာဏာပိုင်တွေနဲ့ မပတ်သက်တဲ့ အိမ်မျိုးဆို ဖုန်းကြိုးကို ကိုက်ရာချီပြီး ဖြုတ်ခိုး ထားလိုက်ပါတယ်။ ပြီးတော့မှ ဖုန်းကြိုး အခိုးခံရလို့ ပြန်ဝယ်ပါဆိုပြီး သူတို့ပဲ ပြန်ဝယ်ပေးဟန်နဲ့ သူဖြုတ်ထားတာကို ပြန်တပ်ပေးပါတယ်။ ဒီဖုန်းတိုင်တွေပေါ်ကို သူတို့ ဝန်ထမ်းတွေကလွဲပြီး ဘယ်သူမှ မတက်ရဲကြပါဘူး။ ဘယ်သူမှလည်း တက်ခွင့် မရှိပါဘူး။ ဒီတော့ ဘယ်သူက ဖုန်းကြိုးခို်း တရားခံဖြစ်မလဲ? ……………………… စဉ်းစားကြည့်ပေါ့။

ဟော နောက်တဦး လာပြန်ပြီ၊ သူကတော့ လိုင်းကားတွေ ထောင်ထားတဲ့ နိုင်ငံခြားပြန် တဦးပါ။ သူ့ သူငယ်ချင်းတွေဆီ သူ့ အတွေ့အကြံုတွေ ဖုန်းဆက် လာပြောရှာပြီး ပြည်ပမှာပဲ အလုပ်ဆက်လုပ်နေအုန်းဖို့ လာအားပေးတာပါ။

သူ မြန်မာပြည်ကို အရင်းနှီးပိုက်ပြီး ပြန်လာတယ်။ လိုင်းကားတွေ ထောင်ပြီး လုပ်ကိုင်စားတယ်။ အဆင်ပြေသင့် သလောက်တော့ ပြေပါတယ်တဲ့။ ဒါပေမယ့် ခုတလော ခုလပိုင်းမှာ ကားသမားတွေ ၊ ကားစပယ်ယာတွေ ၊ အုံနာတွေ အတော် အထိနာတယ်ဆိုပဲ။ စည်းကမ်းကလန ပေါင်း မြောက်များစွာနဲ့ အရေးယူ ဒါဏ်ငွေ ရိုက်တာတွေ နေ့စဉ် ခံလာရတော့ ဝင်ငွေက ဒရိုင်ဘာတွေ အုံနာတွေ အတွက် မဟုတ်တော့ပဲ ယာဉ်ထိန်းရဲ နဲ့ က.ည.န ရုံး ။ အတွက် ဖြစ်နေပါရောတဲ့။

တပ်လိုက်တဲ့ ဒါဏ်ငွေကလည်း တချီတချီ သောင်းချီနေတာပဲတဲ့။ တော်ကြာ ကားမီးသီး တဖက် မလင်းလို့။ တော်ကြာ မှတ်တိုင်မရောက်ခင် ကားတခါး ဖွင့်မိလို့။ တော်ကြာ အတွယ်တင်လို့ ။ တော်ကြာ ကားဒရိုင်ဘာ ယာဉ်မောင်းအင်္ကျီ ကြယ်သီးမတပ်လို့ ။ တော်ကြာ စပယ်ယာ ဝတ်စုံ ဖိုသီဖတ်သီ ဖြစ်နေလို့။ စုံလင်လှတဲ့ ပြစ်ချက်တွေနဲ့ ချလန်ဖြတ် လိုင်စင်သိမ်း ဒါဏ်ငွေ ဆောင်စေပါတယ်တဲ့။ အရင်ကတော့ ယာဉ်ထိမ်းရဲတွေက ချလန်ဖြတ်ပြီး ဒါဏ်ငွေ သွားဆောင်စေတဲ့ အရေးယူတာမျိုးပဲ လုပ်လေ့ရှိပါတယ်။ အခုလပိုင်းမှာတော့ အဲဒီလို မဟုတ်တော့ဘူးတဲ့။ ငွေကို ဗြောင်တောင်း ဗြောင်ညစ်နေပြီလို့ စပယ်ယာက သတင်းပို့တာကို မယုံတာနဲ့ အုံနာကိုယ်တိုင် လိုက်သွားပြီး ရဲတွေ ညစ်တာကို လေ့လာစောင့်ကြည့်မိတယ်တဲ့။ သူကိုယ်တိုင် မျက်မြင်ဖြစ်ခဲ့ရတဲ့ ဖြစ်စဉ်တွေကိုကြည့်ပြီး၊ အံ့ဩစဖွယ်ကောင်းလှတဲ့ ယာဉ်ထိန်းရဲတို့ နေ့စဉ်ဝင်ငွေကို တွက်ချက်မိပါသတဲ့။

ပြီးခဲ့တဲ့အပါတ် သူ့ လိုင်းကားကို ပန်းဆိုးတန်း အောက်လမ်းမှတ်တိုင်မှာ ယာဉ်ထိမ်း ရဲတယောက်က ဖမ်းပါတယ်။ ကားတွေ ပြွတ်သိပ်ညပ်နေတဲ့ ဒီမှတ်တိုင်မှာ ရှေ့ကားတွေက မထွက် သေးခင်၊ နောက်ဝင်လာတဲ့ ကားတွေလည်း မှတ်တိုင်ဝင်ဖို့ တန်းစီ စောင့်နေကြချိန်မှာ ခရီးသည်တွေကလည်း တံခါးကို အတင်းဆွဲဖွင့်ပြီး ဆင်းကြတော့တာပေါ့။ မှတ်တိုင်ကို မြင်နေရပြီ ၊ မှတ်တိုင်မရောက်ခင် ခရီးသည်ကို ဆင်းခွင့်မပြုရဆိုလို့ စပါယ်ယာက တံခါးပိတ်ထားပေတဲ့။ ရုံးသမားတွေ၊ အချိန်ကို လုပြီး အလုပ်လုပ်နေရတဲ့ အလုပ်သမားတွေက မှတ်တိုင်ကို ရောက်ပါရက်နဲ့ မဆင်းနဲ့ ဆိုပြီး ဘယ်နေမတုန်း။ အတင်း ဆင်းတော့တာပေါ့။ အဲဒီမှာတင် ကိုရွှေငတိ မော်တော်ပီကယ်က လာတော့တာပဲ။ တန်းစီစောင့်နေတဲ့ ကားအားလုံးကို စပါယ်ယာတွေ လိုင်စင်ကို ထုတ်ပေးဖို့ ပြောတော့တာပဲ။ ခရီးသည်တွေ ကို မတားပဲ ဆင်းခွင့်ပေးတဲ့အတွက် အပြစ်ရှိတယ်ပေါ့။ စပယ်ယာတွေကလည်း အများကြီးကို တချိန်ထဲမှာ ဖမ်းတဲ့အတွက် နားလည်မှုလေးများ ပေးပြီး ခွင့်လွှတ် လေမလားဆိုပြီး ယာဉ်ထိန်းရဲကို မျက်နှာချိုသွေးကြပါတယ်။ တယောက်ကို တထောင်စီလောက်နဲ့ စပယ်ယာ ခြောက်ယောက်လောက် စုပြီး ငွေခြောက်ထောင်လောက် ပေးလိုက်ရင် ပြီးမယ် အောက်မေ့ပြီး လာဒ်ထိုးကြတယ်ပေါ့။ ထောင်တန်လေးတွေ အတင်း သူ့အိတ်ထဲ ထိုးထည့်ပြီး ဆရာရယ် ဘာဖြစ်တယ် ညာဖြစ်တယ် ဖြီးဖြန်းရီမောပြီး လွှတ်ပေးဖို့ တောင်းပန်ကြတယ်ပေါ့။

အောင်မယ် အောင်မယ်။ ကိုရွှေမော်တော်ပီကယ်က ဘာပြောတယ် မှတ်လဲ။ တစီးကို ငါးထောင်ပေးရင် လွှတ်မယ်တဲ့ဗျာ။ ဈေးမဆစ်နဲ့၊ ငါ ဖမ်းပြီး အထက်ကို တင်လိုက်ရင် မင်းတို့ တစီးကို တသောင်း ငါးထောင်ကျပ် ဆောင်ရမှာ၊ သွားလာစရိတ်၊ ရုံးစရိတ်တွေနဲ့ ပေါင်းရင် နှစ်သောင်းကျော် ကုန်မယ့်ဟာ။ ငါ့ကို ငါးထောင်ပေးရမှာ မင်းတို့ နှမြောနေလားလို့ ဖိဟောက်ပါတယ်။ နှမြောနေတယ်ဆို ချလံဖြတ်သွား ပေးမယ် မင်းတို့ လိုင်စင်ကိုလို့ ပြောတော့ ။ ကားပေါ်က ခရီးသည်တွေ အားလုံးလည်း ဒေါသတွေ အကွင်းသားနဲ့ ဝိုင်းအုံကြည့်နေတာပါ။ ခပ်တည်တည်နဲ့ ငွေတောင်းနေတဲ့ မော်တော်ပီကယ်ကို မျက်စိအောက် မိနစ်ပိုင်းလေး အတွင်းမှာပဲ လိုင်းကားခြောက်စီး က စပယ်ယာ ခြောက်ယောက်က ငါးထောင်စီနဲ့ ငွေကျပ် သုံးသောင်း ပေးခဲ့ရတာကို သူကိုယ်တိုင် မြင်လိုက်ရတယ်တဲ့။ ကဲ …… ကဲ မိနစ်ပိုင်းလေး အတွင်းမှာကိုပဲ ပိုက်ဆံ သုံးသောင်း ရသွားတဲ့ မော်တော်ပီကယ်ရဲ့ နေ့စဉ် ဝင်ငွေကို တွက်သာ ကြည့်ပေတော့ ဗျာတဲ့ ……………။

ဒါလည်း ရွေးကောက်ပွဲ အကြို မြန်မာပြည်ထဲက ဖြစ်စဉ်တခုပါပဲ။

ဒီတခါတော့ ပီဖင်းဂိုးလေးဆိုင်ရှင် ကိုယ်တိုင် ခံစားလိုက်ရတဲ့ ဖြစ်စဉ်ပါဗျာ။ ပြီးခဲ့တဲ့ ရက်က ကျုပ်နေတဲ့အိမ်ဆိုင်လေး တအိမ်တည်း မီးပျက်ပါတယ်။ ဘေးအိမ်တွေ အားလုံး မီးလင်းနေပါတယ်။ ဒီတအိမ်တည်း ပျက်လို့ ဆိုင်ရှင်က အိမ်အဝင် ဝါယာကြိုးတွေ အားလုံး စစ်လိုက်တော့ ဓါတ်တိုင်မှာ မီးကြိုး လွတ်နေတာကို သိလိုက်ရပါတယ်။ ရာသီဥတုကြောင့်လည်း ဖြစ်ချင်ဖြစ်မယ်ပေါ့။ လောလောဆယ်တော့ မီးစက်နိုးပြီး နေရတာပေါ့။ ဒါနဲ့ပဲ တာဝန်ရှိသူ အီးပီစီ ကို ဖုန်းဆက်လိုက်တော့ မြန်လိုက်တာဗျာ။ ဆိုင်ကယ်နဲ့ ချက်ချင်း ရောက်လာတော့တာပဲ။ ကျုပ်ကတော့ သိပ်လည်း တာဝန်သိတတ် တဲ့ နိုင်ငံ့ဝန်ထမ်းတွေပါလား လို့ ချီးကျူးမယ် ကြံကာရှိသေး။ သူတို့ ပြောတဲ့ စကားတွေကြောင့် အောင်မယ်လေး လို့တောင် “တ“ မိတယ်။ ဓါတ်တိုင်ပေါ်ကို ချိတ်ထားတဲ့ မီးလိုင်းကြိုးလေး ချောင်နေ လွတ်နေတာကို ပြင်ပေးဖို့ ကျပ်တစ်သောင်း ပေးရမယ် ဆိုပဲဗျာ။

သူတို့လက်ထဲမှာ တထွာလောက် ရှည်တဲ့ ဒန်ကြိုးလေးတွေပါပါတယ်။ အဲဒီကြိုးနဲ့ ခိုင်အောင် သေချာလုပ်ပေးမယ် တောင်းတဲ့ အတိုင်းပေးပါလို့ ဆိုလေတော့ ကျုပ်တို့ ဆိုင်ရှင်လည်း အတော် ခေါင်းကုတ်ပါတော့တယ်။ ဘယ့်နှယ့်ဗျာ တနေကုန်နေလို့မှ တစ်သောင်းကျပ် မမြတ်တဲ့ဟာ ဒီမီးကြိုးလေး ချောင်နေတာ ပြင်ပေးခ တစ်သောင်းတောင် ပေးရမယ်ဆိုတော့ မလွန်ဘူးလားဗျာ လို့ တိုးတိုး ပြောရှာပါတယ်။ နောက်ဆုံး အတင်းဆစ်၊ အတင်းတောင်းပန်ပြီး ငါးထောင်နဲ့ လုပ်ပေးဖို့ ကန်တော့မတတ် တောင်းပန်ရတယ်။ ဆိုင်ရှင်က စိတ်မကောင်းစွာနဲ့ပဲ ငါးထောင် ထုတ်ပေးလိုက်ရပါတယ်။ ဒီမီးကြိုးကိုလည်း သူတို့ အီးပီစီ ကပဲ လာချိတ် ပေးထားတာပါ။ ကဲ အီးပီစီရဲ့ လုပ်ပိုင်ခွင့် ဂွင်ထဲမှာ ဒီနည်းလေး တနည်းထဲလား အောက်မေ့မိတယ်။ ဟိုတနေ့က ဖုန်းလာပြောတဲ့ အမျိုးသမီး တယောက်အပေါ် အီးပီစီ က ငွေညစ်သွားပုံလေး လှလွန်းလို့ ချီးကျူးမိသလိုတောင် ဖြစ်သွားတယ်။ ဘယ်လိုများ လူထုပေါ် မျက်ခုံးမွှေး စကြင်္န် လျှောက်သွားပါလဲ….။

တူ …….တူ

“ အကိုရေ နေကောင်းလား။ ပို့ပေးလိုက်တဲ့ အကြော်တွေ ရလား။ အင်းအင်း။ ဒီမှာလည်း အားလုံးနေကောင်းပါတယ် ။ ဒါပေမယ့် ကလေးတွေ သွေးလွန်တုပ်ကွေးတွေ တအားဖြစ်နေတယ်အကို။ အာ …..အတော်ကို ဖြစ်တာ။ ဖျားလိုက်ရင်လည်း အသည်းအသန်ပဲ ပူလိုက်တဲ့ အပူ တညလုံးပဲ စိတ်တွေပူလိုက်ရတာ ကလေးတွေလည်း ဖျား လူကြီးတွေလည်း ဖျား ဂျပန်တုပ်ကွေးဆိုလား ဘာဆိုလား မသိဘူး တအိမ်လုံးကို ဖျားကြတယ်တော့။ သဘာဝ ဘေးကပ် တွေကလည်း ဆန်းပြားလာတယ် အကိုရေ။ အခုတော့ သက်သာပါပြီ။ ဆေးရုံသွား ဆေးဖိုးဆေးကုခနဲ့ လေးငါးသောင်းတော့ ချောသွားတယ်။ ဒါနဲ့ အကို့ကို အခု ဖုန်းလာဆက်တာ ညီမတို့ အိမ်မှာ ပြဿနာ တက်နေလို့ အကိုရေ။ တခြားတော့ မဟုတ်ဘူး။ အိမ်က လျှပ်စစ် မီတာကိစ္စပေါ့။ ဘယ့်နှယ် အကိုရယ်။ ဒီမီတာပုံး ဆိုတာ ညီမတို့ ယောင်လို့တောင်မှ ကိုင်တာ မဟုတ်ဘူး။ အဲဒါကို ဒီလ မီတာလာဖတ်တဲ့ စာရေးက မီတာမလည်လို့တဲ့ ညီမတို့ တခုခု လုပ်ထားပါတယ် ဆိုပြီး တရားစွဲဖို့ လုပ်နေတယ် အကိုရေ။ မီတာစာရေးနဲ့ အီးပီစီ က မီးလိုင်းသမား နှစ်ယောက်ပေါင်းပြီး လုပ်တယ် ထင်တာပဲ အကို။ အဲဒါ တရားစွဲ မခံချင်ရင် သူတို့နဲ့ ညှိပါလို့ပြောတယ်။ ငွေ သုံးသောင်းလောက်တော့ ပေးရမယ် ပြောတယ်။ အဲဒါ အကို့ကို လာပြောတာ။ ဒီလ ငွေပို့ရင် ပိုပို့ပေးဖို့ လိုမယ် အကို ။ အခု အရေးတကြီးဖြစ်နေလို့ ကလေး ကျူရှင်စရိတ်ထဲက ခဏ စိုက်ပေးထားလိုက်တယ်။ နော် …. အကိုနော။ မတရားမှန်းတော့ သိတာပေါ့ ဒါပေမယ့် ဘယ်သူ့ကို သွားတိုင်မလဲ။ မီတာ မလည်တာကို ကိုယ်မှ မသိလိုက်တဲ့ဟာ အလှူလို့ပဲ သဘောထားလိုက်ပေါ့ အကို။”

ဒီလိုလည်းပဲ ပြည်သူ့ဝန်ထမ်းတွေ ငွေရှာနေကြပါသည်။

နောက်တယောက်ကတော့ နိုင်ငံခြားက ပြန်လာတဲ့ ကိုကိုရွှေ တယောက်က သူ့ သူငယ်ချင်းတွေကို လာဖုန်းဆက်တုန်း မြန်မာပြည်က အကောက်ခွန် ဝန်ထမ်းတွေ ဘယ်လောက် အကျင့်စာရိတ္တ ပျက်ပြားနေတယ် ဆိုတာ သိလိုက်ရတာ။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ပြည်ပ နိုင်ငံတခုကနေ ပြန်လာတဲ့ သူ့ကို လေဆိပ်လည်း ရောက်ရော အကောက်ခွန် ဝန်ထမ်းတွေက သူ့လက်ဆွဲအိတ်ကို ဖွင့်တောင် မကြည့်ဘဲ ငွေ ခုနှစ်သောင်း ပေးဖို့ တောင်းတယ်တဲ့။ အဲဒီအိတ်ထဲမှာ အကောက်ခွန်မဲ့ ပစ္စည်းတွေ ပါတယ်လို့ တပ်အပ် စွပ်စွဲပြီး ပစ္စည်းရွေးချင်ရင် ပိုက်ဆံပေးမှ ရမယ်လို့ ဆိုသတဲ့။ ဒါနဲ့ ပြည်တော်ပြန် ကိုရွှေ လည်း ဒေါသတွေ အလိပ်လိုက်ထွက်ပြီး အကောက်ခွန် ဝန်ထမ်းတွေကို ပက်ပက်စက်စက် ပြောတော့တာပေါ့။ မင်းတို့ လူမဆန်တဲ့ကောင်တွေ ပြည်ပမှာ ကျွန်ခံပြီး ပင်ပင်ပန်းပန်း ရှာဖွေလာခဲ့တဲ့ ချွေးနည်းစာကိုမှ အေးဒါးမြ တိုက်ရက်တဲ့ကောင်တွေ။ မင်းတို့ အခု အထုပ်ကို ယူချင် ယူထားလိုက် အဲဒီအထုပ်ထဲ ပါလာတဲ့ လက်ဆောင်ပစ္စည်းလေးက ဗမာငွေ ခုနှစ်သောင်းတောင် မတန်ဘူး မင်းတို့ တောင်းတာ ရက်စက်လွန်းတယ် ဆိုပြီး အထုပ်ကို ပစ်ထား။ အပြင်ကို ထွက်ချ လာခဲ့တယ်တဲ့ အပြင်မှာ ကားငှားနေတုန်း လေဆိပ်ထဲက ဝန်ထမ်းတယောက် လိုက်လာပြီး သူ့အထုပ်ကို လာပေးသွားတယ်တဲ့။ သူလည်း ကမန်းကတန်း ဆိုတော့ ဖွင့် မစစ်ဖြစ်လိုက်ဘဲ အိမ်ရောက်မှ ဖြည်ကြည့်လိုက်တော့ လက်ဆောင်ပေးဖို့ ဝယ်လာတဲ့ အထည်စတွေ ပျောက်နေတာ တွေ့ရတယ်တဲ့။ လေဆိပ်ထဲက အကောက်ခွန် ဝန်ထမ်းကပဲ ခိုး ယူထားလိုက်သလား။ လိုက်ပေးတဲ့ အထမ်းသမား ဝန်ထမ်းကပဲ လမ်းမှာ နှိုက်ယူထားလိုက်သလား မသိဘူး အခိုးခံလိုက်ရတာတော့ အသေချာပဲတဲ့။ ဒီလိုဖြစ်စဉ်တွေ မကြာခဏ လာပြောနေတာ ကြားရတော့ ရန်ကုန်လေဆိပ်မှာ တာဝန်ချထားတဲ့ အကောက်ခွန် ဝန်ထမ်းဆိုတာတွေဟာ တကယ်တော့ ဓါးပြတွေ အနုကြမ်းစီးသမားတွေ ဖြစ်နေပါလားလို့ သံဝေဂ ရမိပါရဲ့။

နောက် တယောက်ကတော့ အိမ်နားက လမ်းဘေးဈေးသည်လေးပါ။ သူကယောင်္ကျားက မလေးရှားမှာ အလုပ် လုပ်နေတာကို ဖုန်းလာဆက်ပြီး သူ့အခက်ခဲတွေကို ရင်ဖွင့်ရှာတာပါ။ သနားစရာလည်းကောင်း မြန်မာတွေ အနာဂတ်ကိုလည်း ရင်လေးစရာကောင်းတာနဲ့ ပီဖင်းဂိုးလေး မှတ်တမ်း တင်ထားမိလိုက်တယ်။

သူ့ တဦးတည်းသော သားလေးက အခု သွေးလွန်တုပ်ကွေး ဖြစ်နေရှာပါတယ်။ ဆေးဖိုးကလည်း မတတ်နိုင်လို့ ရပ်ကွက်ထဲက ဆေးခန်းလေးမှာပဲ သွားသွား ပြနေရတာ သုံးရက်ရှိပါပြီတဲ့။ အခု သူတို့ ရပ်ကွက်ထဲမှာ သွေးလွန်တုပ်ကွေး ဖြစ်တဲ့ ကလေးတွေ များလွန်းလို့ တိုင်းမှူးကိုယ်တိုင် ဆင်းလာပြီး နယ်မြေ စစ်ဆေးမယ် ဆိုတဲ့ သတင်း ကြားပါတယ်။ မနက်ဖြန်လို တိုင်းမှူးလာမယ် ဆိုရော ဒီကနေ့ ညမှာပဲ စည်ပင်သာယာ ဝန်ထမ်းတွေ၊ ရဲတွေက ကားတွေနဲ့ ညဖက်ကြီး ရောက်ချလာပြီး လမ်းဘေးက သူတို့ ဆိုင်ခန်းလေးတွေကို ဖြိုဖျက် ရိုက်ချိုး ဖျက်ဆီးပြီး သစ်တိုသစ်စ တွေကို လွှင့်ပစ်သွားတော့တယ် တချို့ ကို သူတို့ ကားပေါ် ကောက်တင် သွာားတယ်တဲ့။ ရှိစုမဲ့စုလေးတွေနဲ့ ဆိုင်လေးတွေ ဆောက်ပြီး ရခိုင်မုန့်တီ၊ အသုပ်၊ လက်သုပ် ခေါက်ဆွဲ စတာလေးတွေ လုပ်ရောင်း စားနေရတဲ့ သူတို့ သား အမိ ဒုက္ခကို ပင်လယ် ဝေတော့တာပဲ။ ကလေးက ဖျား။ ဈေးရောင်းစား စရာ ဆိုင်ခန်းလေးက မရှိ။ တအိအိနဲ့ ငိုနေတဲ့ သူလေးကို ဘယ်သူကမှ ချော့မယ့်သူ မရှိပါတဲ့။

နောက်နေ့ မနက် လည်း ရောက်ရော တိုင်းမှူး မလာခင် လှုပ်လှုပ်ရွရွနဲ့ ပြည်သူ့ ဝန်ထမ်းတွေ ချိန်သားကိုက်ပဲ ရောက်လာကြပါတော့တယ်။ တခါမှ ရပ်ကွက်ထဲ မလာဖူးတဲ့ ဝတ်စုံပြည့် ကျမ်းမာရေး ဝန်ထမ်းတွေ စည်ပင်သာယာတွေ၊ ရဲတွေ စစ်တပ်တွေ မိုင်းရှင်းအဖွဲ့တွေ တလှေကြီးပဲ သူတို့ လမ်းမှာ ပြည့် နေတော့တာပဲတဲ့။ ဘာအလုပ်မှ မလုပ်သေးဘဲ အိပ်ငိုက်သူ ငိုက် ချဲအကြောင်း ရုပ်ရှင်အကြောင်း ပြောသူက ပြော။ အုပ်စုလေးတွေ ဖွဲ့ပြီး ထိုင်စောင့်နေကြတယ်တဲ့။ တခါမှ ခြင်သတ်ဆေး မဖြန်းဖူးတဲ့ ဒီရပ်ကွက်လေးမှာ ခြင်ဆေးဖြန်းတဲ့ စက်ကြီးကို အသင့်လုပ်ထားပြီး တိုင်းမှူးဆိုသူကို စောင့်နေကြတယ်တဲ့။ တိုင်းမှူးဆိုတဲ့သူရဲ့ ယာဉ်တန်းလည်း ဝင်လာရော …………… ဟော သူတို့လောက် အလုပ်ရှုပ်နေကြသူ မရှိတော့ဘူးဆိုပဲ။ ခြင်ဆေးဖြန်းတဲ့ စက်ကြီးကလည်း မီးခိုးဖြူတွေ အူလို့။ အောင်မယ် အနီဝတ် သူနာပြုလေးတွေကလည်း ကလေးတွေကို ဆေးတွေ ချက်ချင်း လိုက်တိုက်နေတာများ စောစောက တိုင်းမှူး မလာခင် သမ်းဝေ အိပ်ငိုက်နေတယ်လို့တောင် မထင်ရဘူး။ စည်ပင်သာယာ အဖွဲ့တွေကလည်း မြက်ရမ်း ဒါး ကိုယ်စီနဲ့ ခြံုတွေကို ချက်ချင်း ထရှင်းပြလို့။ မြောင်းဘေး အစပ်တွေကို ထုံးတွေ ချက်ချင်း လိုက်ဖြူးလို့ ………..အားပါး။ တယ်လည်း သရုပ်ဆောင် ကောင်းကြတဲ့ ဝန်ထမ်းအဖွဲ့တွေ ပါလားတဲ့။ ရုပ်မြင်သံကြား ကင်မရာ ကြီးကလည်း တကုပ်ကုပ် အလုပ်ရှုပ်ပြနေတဲ့ ပြည်သူ့ ဝန်ထမ်းတွေကို မှတ်တမ်းတွေ တင်လို့ ။ သူတို့ တွေကို အံ့ဩတဲ့ အကြည့်တွေနဲ့ လူထုက ကြည့်နေတာတောင် သူတို့ အရှက် မရှိကြတော့ဘူး။ လူကြီး ပြန်သွားပြီးတာနဲ့ ဘာကြေး ညာကြေး ဆိုပြီး ပိုက်ဆံတွေ လာကောက်အုံးမှာတော့ အသေချာပဲလို့ အရပ်ထဲ အချင်းချင်း တီးတိုးသဖန်းပိုး ပြောနေကြတယ်တဲ့။

အော် …. သူတို့လည်း သူတို့နည်း သူတို့ဟန်နဲ့ အသက်ဆက် ရှင်သန်အောင် လုပ်ပြီး ခေတ်မပြောင်းခင် အိတ်ဖေါင်းအောင် ။ ကြံဆောင်နေကြတဲ့ သူတွေပါပဲ ကလား လို့ ပီဖင်းဂိုးလေး သံဝေဂ ရမိတော့တယ်။

အော် …အော် … စံနစ်တခုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ပြန်ပြင်ဖို့ နှစ်ပေါင်း များစွာ အချိန်ယူရအုံးတော့မယ့် မြန်မာပြည်သားတွေ အနာဂတ် အတွက် ရင်လေး လိုက်ပါဘိဗျာ……….. !

ပီဖင်းဂိုးလ်

LEAVE A REPLY

Please enter your comment!
Please enter your name here