ထောက်​ပံ့​ရေး​သ​င်္ဘော​အ​ရေး​အ​ခင်း​ ​စစ်​ဆေး​မှု​ ​အ​စ္စ​ရေး​ ပါဝင်​ကူ​ညီ​မည်​

alt

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နာတန်ယာဟုက အစ္စရေး​ အနေနှင့် ကုလသမဂ္ဂ ဦးဆောင်သော ထောက်ပံ့ရေး​ သင်္ဘော အရေးအခင်း စစ်ဆေးမှုတွင် ပါဝင်​​ ကူညီ​ သွားမည်ဟု ကြေညာခဲ့သည်။

ဩဂုတ် ၂ ရက်နေ့က အစ္စရေး ဝန်ကြီးချုပ်၏ ပြောကြားမှုသည် ၎င်းတို့​ ပိတ်ဆို့ထားသည့် ဂါဇာ​ ဒေသသို့ ဦးတည်​ ခုတ်မောင်း​ လာသည့် တူရကီ ထောက်ပံ့ရေး​ သင်္ဘောကို စီးနင်း​ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ပထမဆုံး အလျှော့ပေး​ လိုက်ခြင်း​ ဖြစ်သည်။ နာတန်ယာဟူသည် ဝန်ကြီး​ အဖွဲ့နှင့် သီးသန့်​ အစည်းအဝေး ပြုလုပ်ကာ ကုလသမဂ္ဂ၏ တောင်းဆိုချက်အား လက်ခံ​ လိုက်ခြင်း​ ဖြစ်သည်။ မူလက အဆိုပါ​ ကိစ္စကို အစ္စရေးက တောက်လျှောက်​ ငြင်းဆန်လာခဲ့သည်။ ကုလသမဂ္ဂ အထွေထွေ​ အတွင်းရေးမှူး ဘန်ကီမွန်းက အစ္စရေး၏ လက်ခံမှုနှင့် စစ်ဆေးမှုတွင် ပါဝင်​​ ကူညီရန် သဘောတူမှုများအား ချီးကျူးခဲ့သည်။ နာတန်ယာဟုက ကုလသမဂ္ဂ​ အနေနှင့် နိုင်ငံတကာတွင် အစ္စရေး​ အပေါ် အထင်အမြင် လွဲမှား​ နေမှုများကို အမှန်အတိုင်း ဖော်ထုတ်​ နိုင်မည်ဟု ယူဆကြောင်း ပြောကြားခဲ့သည်။ စုံစမ်း​ စစ်ဆေးရေးတွင် နယူးဇီလန်​ ဝန်ကြီးချုပ်ဟောင်း ဂေါ်ဖရီပယ်မာနှင့် ရာထူးမှ နှုတ်ထွက်​ ပေးခဲ့သည့် ကိုလံဘီယာ သမ္မတဟောင်း အယ်ဗာရိုအူရီဘီတို့က ဦးဆောင်မည်ဟု ယူဆရသည်။

မေလ ၃၁ ရက်နေ့က တူရကီပိုင် သင်္ဘော​ တစ်စင်းကို ဂါဇာ​ ကမ်းလွန်တွင် အစ္စရေး​ ရေတပ် ကွန်မန်ဒိုများက စီးနင်းခဲ့ရာမှ ပစ်ခတ်မှုများ ဖြစ်ပွားပြီး လူ ၉ ဦး သေဆုံးခဲ့ရာ တူရကီနှင့် အခြားသော မွတ်ဆလင် နိုင်ငံများက အစ္စရေး၏ လုပ်ရပ်သည် အကြမ်းဖက်မှုဖြစ်ကြောင်း နာမည်တပ် ကန့်ကွက်ခဲ့ကြသည်။ အစ္စရေးကမူ သင်္ဘောသားများက စတင်​ တိုက်ခိုက်သဖြင့် လိုအပ်မှုကြောင့် တုန့်ပြန်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here