ဒုံး​ပျံ​ဖြင့်​တိုက်​ခိုက်​မှု​​ကြောင့်​ ​အာ​ဖ​ဂန်​နိုင်ငံ​သား​များ​သေ​ဆုံး​ဆို​မှု​အား​ NATO​ ​တုန့်​ပြန်​ ငြင်း​ဆို

alt

NATO တပ်ဖွဲ့က ဒုံးပျံဖြင့် တိုက်ခိုက်မှု အတွင်း အာဖဂန် နစ္စတန် နိုင်ငံသားများ သေဆုံး ခဲ့သည် ဆိုသော စွပ်စွဲမှုများသည် အခြေအမြစ် မရှိကြောင်း တုန့် ပြန် ပြောဆို လိုက်သည်။

ဇူလိုင်လ ၂၃ ရက်နေ့က NATO​  ဒုံးကျည် တစ်စင်းကြောင့် အာဖဂန် အရပ်သား ၅၂ ဦး သေဆုံး သွားကြောင်း စွပ်စွဲမှုများ ထွက်ပေါ်နေသော်လည်း ယင်း ဖြစ်ရပ် အတွက် သက်သေ ရှာမရကြောင်း NATO တပ်ဖွဲ့က ကြေညာသည်။ အာဖဂန် သမ္မတ ဟာမစ်ကာဇိုင်းက ဟယ်မန် တောင်ပိုင်းရှိ လူနေစိပ်သည့် နေရာတစ်ခုသို့ ဒုံးကျည် ကျရောက် ပေါက်ကွဲပြီး အရပ်သားများ သေဆုံးကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ ဇူလိုင်လ ၂၆ ရက်နေ့က ကာဇိုင်း၏ စွပ်စွဲ ပြောဆိုမှုအရ ယင်း ဒုံးကျည်သည် NATO ရဟတ်ယာဥ် တစ်စင်းက ပစ်ခတ် လိုက်ခြင်းဖြစ်ပြီး ရီဂရီကျေးရွာသို့ ကျရောက်ပေါက်ကွဲကာ လူအများအပြား သေကြေခဲ့ခြင်းဟု သိရသည်။

အာဖဂန်ရှိ NATOပူးပေါင်းတပ်ဖွဲ့မှ ပြည်သူ့ရေးရာ အရာရှိ တော့ဘရက်စလီက ကာဇိုင်း၏ စွပ်စွဲမှုနှင့် ပတ်သက်ပြီး မည်သည့်အထောက်အထားမှ မရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ ယင်းကိစ္စအတွက် မည်သို့သော သတင်းပေးပို့မှုမှ မိမိတို့ထံ ရောက်မလာဟု တော့ကဆိုသည်။ ကာဇိုင်းကမူ အရပ်သားများ သေဆုံးမှုကို အခိုင်အမာ ပြောကြားနေပြီး အမျိုးသမီးနှင့် ကလေးများ ပါဝင်သည်ဟု စွပ်စွဲထားသည်။ NATOက အဆိုပါ ဒေသသည် တာလီဘန်တို့ ခိုအောင်းနေသဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်နေသည့်တိုင် အရပ်သား အများအပြား သေဆုံးသည်ဆိုသည့် အချက်နှင့် ပတ်သက်ပြီး လုံးဝအဓိပ္ပါယ်မရှိကြောင်း ငြင်းဆန်ထားသည်။

ကုလသမဂ္ဂ အစီရင်ခံစာအရ ၂၀၀၁ မှစတင်သော အမေရိကန် ဦးဆောင်သည့် NATOတပ်များ အာဖဂန်သို့ ဝင်ရောက်ဆင်နွှဲသည့် တိုက်ပွဲအတွင်း ၂၀၀၉ ခုနှစ်တွင် အရပ်သား ၂၄၁၂ ဦး သေဆုံးပြီး စစ်ပွဲကာလအတွင်း အသေအပျောက် အများဆုံးနှစ်အဖြစ် မှတ်တမ်းတင်ထားကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here