ဆယ်​ကျော်​သက်​များ​ ​အင်​တာ​နက်​ ​အ​လွန်​အ​ကျွံ​သုံး​စွဲ​ခြင်း​ကြောင့်​ ​စိတ်​ဖိ​စီး​မှု​ဖြစ်​နိုင်

alt

ဆယ်ကျော်သက်များ အင်တာနက်ကို အလွန်အကျွံ သုံးစွဲခြင်းသည် စိတ်ဖိစီးမှု ဖြစ်နိုင်ခြေကို မြင့်တက်​ လာစေကြောင်း ဩစတြေးလျ သိပ္ပံ​ ပညာရှင်များက ပြောကြား​ လိုက်သည်။

၁၉၉၀ ပြည့်နှစ်နောက်ပိုင်းတွင် အင်တာနက်ကို ရည်ရွယ်ချက် တိတိကျကျ မရှိဘဲ အထိန်းအကွပ်မဲ့ အလွန်အကျွံ သုံးစွဲမှုနှင့် ယှက်နွယ်ဖြစ်ပေါ်လာသည့် စိတ်ဖိစီးမှု ဝေဒနာသည်များ လူငယ်ပိုင်းတွင် သိသိသာသာ တိုးပွားလာကြောင်း ဆစ်ဒနီရှိ နော်တာဒိမ်း ဩစတြေးလျ တက္ကသိုလ်မှ သုတေသီ လောရင့်လမ်းကဆိုသည်။

မိဘများအနေနှင့် မိမိတို့၏ ကလေးငယ်များ အင်တာနက် သုံးစွဲမှု အလေ့အထကို မျက်ကွယ်ပြုမထားသင့်ကြောင်းလည်း ဒေါက်တာလောရင့်က အကြံပြုခဲ့သည်။ အင်တာနက်ကို စွဲလန်းခုံမင်ပြီး ရည်ရွယ်ချက်မဲ့ ကြာရှည်စွာ အသုံးပြုခြင်းသည် လူငယ်ထု၏စိတ်ကို ထိခိုက်မှု ဖြစ်စေနိုင်ကြောင်း အသက် ၁၃ နှစ်မှ ၁၈ နှစ်ကြား တရုတ်လူငယ် ၁၀၄၁ ဦးကို လေ့လာပြီးနောက် ဒေါက်တာလောရင့်က ပြောကြားခဲ့ခြင်းဖြစ်သည်။ ဒေါက်တာလောရင့်နှင့်အတူ ယခုသုတေသန စစ်တမ်းအတွက် တရုတ်နိုင်ငံ၊ ဂွမ်ဇူးရှိ ဆွန်ယက်ဆင် တက္ကသိုလ်မှ ပရော်ဖက်ဆာ ဇီဝမ်ပန်းကလည်း ကူညီဆောင်ရွက်ခဲ့သည်။

အင်တာနက်ကို အလွန်ကာလရှည်ကြာစွာ စွဲမြဲအသုံးချခြင်းသည် လူငယ်များအတွက် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အားနည်းမှုများ ဖြစ်လာနိုင်စေသလို အခြားမလိုလားအပ်သည့် ဘေးထွက်ဆိုးကျိုးများပါ ရှိလာစေမည်ဟု ဒေါက်တာလောရင့်ကဆိုသည်။ ၎င်းက လေ့လာမှုများ ပြုလုပ်ပြီးနောက် တရုတ်လူငယ် ၆.၂ ရာခိုင်နှုန်းသည် စိတ်ဖိစီးမှုကို ခံစားနေရပြီး ၀.၂ ရာခိုင်နှုန်းသည် စိုးရိမ်ရလောက်သည့် အနေအထားတွင် ရှိနေသည်ကို တွေ့ရှိခဲ့သည်။ ယင်းလူငယ်အားလုံးသည် လွန်ခဲ့သော ၉ လတာအတွင်း အင်တာနက်ကို စွဲစွဲလန်းလန်း ခုံခုံမင်မင် အသုံးပြုနေခဲ့သူများဖြစ်ကြောင်းလည်း ဒေါက်တာလောရင့်က ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here