တာ​လီ​ဘန်​တို့​ကြောင့်​ ​အ​ဖြစ်​ဆိုး​ခဲ့ရ​ရှာ​သည့်​ ​အာ​ဖ​ဂန်​ အ​မျိုး​သ​မီး​ပုံ​ Time​ ​မ​ဂ္ဂ​ဇင်းမျက်​နှာ​ဖုံး​တွင်​ ဖော်​ပြ

alt

Time​ မဂ္ဂဇင်းက တာလီဘန် အကြမ်းဖက် သမားများ၏ ရက်စက်မှုကြောင့် ဘဝ ပျက်ခဲ့ရသည့် အာဖဂန် နစ္စတန်မှ အမျိုးသမီးငယ် တစ်ဦး၏ ဓာတ်ပုံကို မျက်နှာဖုံး တင် ဖော်ပြခဲ့ကြောင်း သိရသည်။

ဆံပင်နက်နက်နှင့် မိန်းမချောလေး အေရှာသည် တာလီဘန် အကြမ်းဖက် သမားများ၏ စေခိုင်းမှုကြောင့် သူမ၏ နှာခေါင်းနှင့် နားရွက်တို့ကို လင် ယောက်ျား ကိုယ်တိုင်က ဓားဖြင့် လှီးဖြတ်မှုကို ခံခဲ့ ရရှာသည်။ သူမ၏ မတ်ဖြစ်သူက အေရှာအား မြေပေါ် အတင်း လှဲပစ် ခဲ့ပြီးနောက် တာလီဘန်တို့ သတ်မှတ် ထားသည့် စည်းမျဥ်းများ ဖောက်ဖျက်ရန် ကြံစည်မှု အတွက် လင်ယောက်ျား ကိုယ်တိုင်က ဓားဖြင့် လှီးခဲ့ခြင်းဟု သိရသည်။ အမေရိကန်၏ ဩဇာ ကြီးမားသည့် မဂ္ဂဇင်းကြီးက “ကျွန်ုပ်တို့ အာဖဂန်ကို စွန့်ခွာခဲ့သော် မည်သို့သော အရာများ ဖြစ်လာမည်နည်း” ဟူသည့် ခေါင်းစဥ်ဖြင့် အေရှာ၏ ပုံကို မျက်နှာဖုံးတင် ဖော်ပြ ခဲ့ခြင်း ဖြစ်သည်။ Time က တာလီဘန်တို့ ကြီးစိုးသည့် နယ်မြေတွင် လွတ်လပ်သော စိတ်နေ စိတ်ထား ရှိသည့် မိန်းကလေးများ၏ ကံကြမ္မာ အတွက် မည်သို့ ဖြစ်လာ နိုင်သည်ကို အေရှာက ညွှန်ပြ နေကြောင်း ရေးသားထားသည်။

အနောက်နိုင်ငံများအနေနှင့် တာလီဘန်တို့အား ငြိမ်းချမ်းရေးအရ ညှိနှိုင်းမှုများ ပြုလုပ် သင့်နေပြီဆိုသော ဝေဖန်မှုများ ထွက်ပေါ်နေချိန်တွင် အစွန်းရောက် မွတ်ဆလင် ဘာသာရေးကြောင့် ကျွန်လူတန်းစား သာသာမျှ ဆက်ဆံခြင်း ခံနေရသည့် အာဖဂန် အမျိုးသမီးများ၏ နောင်ရေးကို တာလီဘန်တို့လက် မည်သို့ဝကွက် အပ်ခဲ့ရမည်နည်းဆိုသော အချက်အား Timeက အေရှာနှင့် သက်သေထူခဲ့ခြင်းဖြစ်သည်။ အာဖဂန် ပါလီမန်မှ အမျိုးသမီး အဖွဲ့ဝင်​ တစ်ဦးဖြစ်သည့် ဖော်ဇီယာကူဖီက တာလီဘန်တို့နှင့် ငြိမ်းချမ်းရေး ရခဲ့ပါက သမိုင်းဝင်​ဖြစ်ရပ်ဟု မှတ်တမ်းတင်နိုင်မည် ဖြစ်သော်လည်း အမျိုးသမီးများ၏ အခွင့်အရေးအတွက် မျှော်လင့်ချက် မဲ့သွားမည်ဟု သုံးသပ်ခဲ့သည်။ အေရှာသည် ယခုအခါ ကဘူးမြို့တော်ရှိ လျှို့ဝှက်ထားသည့် အမျိုးသမီး စောင့်ရှောက်ရေး ဂေဟာတစ်ခုတွင် နေထိုင်လျက်ရှိသည်။ သို့သော်လည်း သူမက အမေရိကန်သို့ သွားရောက်ကာ လူသားချင်း စာနာမှု အဖွဲ့အစည်းများ၏ ထောက်ပံ့မှုဖြင့် မျက်နှာခွဲစိတ်ပြုပြင်မှု ခံယူနိုင်ရန် မျှော်လင့်နေသည်။

အေရှာသည် ယမန်နှစ်က တာလီဘန်တို့၏ တင်းကြပ်သော စည်းမျဥ်းများနှင့် ခင်ပွန်းသည်၏ မိသားစုက နှိပ်စက်မှုများကြောင့် အိမ်မှထွက်ပြေးခဲ့သည်။ သို့သော်လည်း ကံဆိုးစွာဖြင့် သူမမှာ ပြန်အဖမ်းခံရပြီးနောက် ဒေသခံ တာလီဘန်ခေါင်းဆောင် တစ်ဦးက ခုံရုံးတရားသူကြီးအဖြစ် ဆောင်ရွက်ကာ အမှောင်ခေတ်က စီရင်ချက်မျိုး ချမှတ်ခဲ့ခြင်းဖြစ်သည်။ Time မဂ္ဂဇင်း အယ်ဒီတာ ရစ်ချစ်စတင်ဂယ်က ဝေဖန်မှုများ ရှိနေလင့်ကစား အေရှာ၏ပုံကို မျက်နှာဖုံးတင် အသုံးပြုခဲ့ခြင်းအတွက် ယုံကြည်မှုအပြည့်ရှိကြောင်း ပြောကြားခဲ့သည်။ ၎င်းက အာဖဂန်တွင် တာလီဘန်များသည် အမျိုးသမီးထုအား ရက်စက်စွာ ပြုကျင့်ဆက်ဆံနေကြောင်း၊ အာဖဂန်တွင် အမေရိကန်နှင့် ဗြိတိန်စစ်တပ်များ ဆက်လက်ရှိနေရန် အရေးတကြီး လိုအပ်နေသည့် အမှန်တရားကို ပြည်သူများအား ပြသလိုကြောင်း ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here