ပါ​ကစ္စ​တန်​​လေ​ယာဥ်​ ​ပျက်​ကျ​မှု​ ​စိုး​ရိမ်​ဖွယ်​ရာ​​ ​အ​ခြေ​အ​နေဖြစ်

alt

ပါကစ္စတန်နိုင်ငံတွင် ဇူလိုင်လ ၂၈ ရက်နေ့က ပျက်ကျသည့် ခရီးသည်တင် လေယာဥ် အတွင်း လိုက်ပါ လာသူများ အတွက် အကြီးအကျယ် စိုးရိမ်စရာ ဖြစ်နေကြောင်း သိရသည်။

မိုးသည်းထန်စွာ ရွာသွန်း နေမှုကြောင့် ကယ်ဆယ်ရေးနှင့် ရှင်းလင်းရေး လုပ်ငန်းများ နှောင့်နှေး နေဆဲ ဖြစ်ပြီး အစ္စလာမ်မာဘတ် မြို့တော်အနီး အခင်းဖြစ်ရာ နေရာမှ အလောင်း ၂၀ ကို ကယ်ဆယ်ရေးများက ရှာဖွေတွေ့ရှိပြီးဖြစ်သည်။ Airblueလေကြောင်းလိုင်းပိုင် လေယာဥ်သည် လူ ၁၅၀ ကျော်ကို တင်ဆောင်ကာ ကရာချိမှ စတင်ပျံသန်းခဲ့ပြီး အဆင်းတွင် ပျက်ကျခဲ့ခြင်းဟု တာဝန်ရှိသူများကဆိုသည်။

Airbus A321 အမျိုးအစား လေယာဥ်သည် ခရီးသည် ၁၄၆ ဦးနှင့် အမှုထမ်း ၆ ဦးတို့ကို တင်ဆောင်လာပြီး ယင်းတို့အတွက် အခြေအနေ မကောင်းလှကြောင်း ကယ်ဆယ်ရေးများ ဝန်ခံခဲ့သည်။ လေဆိပ်အာဏာပိုင်များက လေယာဥ်သည် ဆင်းသက်ရန် မိနစ်ပိုင်းအလိုတွင် ထိန်းသိမ်းရေး မျှော်စင်နှင့် အဆက်အသွယ် ပြတ်တောက်သွားကြောင်း ပြောကြားခဲ့သည်။ အခင်းဖြစ်ရာ နေရာသို့ ရောက်ရှိနေသည့် Express 24/7 သတင်းထောက် ဆာဘာအလီဆာယက်က အခြေအနေ ဆိုးရွားပြီး နေရာအနှံ့ မီးလောင်ကျွမ်းပြီး ညှော်နံ့များ ထွက်ပေါ်နေကြောင်း၊ အလောင်းများကို သယ်ယူနေပြီး ကယ်ဆယ်ရေးဝန်ထမ်း အမြောက်အမြား ရောက်ရှိနေကြောင်း သတင်းပေးပို့ခဲ့သည်။

မျက်မြင်တစ်ဦးဖြစ်သူ ခါဒင်ဟူစိန်က လေယာဥ်သည် မြင့်မြင့်မပျံဘဲ တောင်စောင်းများဖက်သို့ ဦးတည်နေသည်ကို သတိပြုမိသဖြင့် အံ့ဩမိခဲ့သေးကြောင်း၊ နောက်ထပ်မိနစ်ပိုင်းအတွင်း ပြင်းထန်လှသည့် ပေါက်ကွဲသံကြီးကို ကြားလိုက်ရကြောင်း ပြောကြားခဲ့သည်။ အာဏာပိုင်များသည် လေယာဥ်ပျက်ကျမှုနှင့် ပတ်သက်ပြီး စုံစမ်းမှုများ စတင်ပြုလုပ်လျက် ရှိနေပြီဟု သိရသည်။ လေယာဥ်ပျက်ကျမှုသည် အကြမ်းဖက်မှု တစုံတရာနှင့် ဆက်စပ်ခြင်း ရှိမရှိကိုမူ မသိရသေးချေ။

LEAVE A REPLY

Please enter your comment!
Please enter your name here