Titanic​ ​သ​င်္ဘော​နစ်​မြုပ်​ရာ​ကို​ ​စူး​စမ်း​လေ့​လာ​နိုင်​မည့်​ 3D​ Virtual​ ​ခ​ရီး​စဥ်

alt

သိပ္ပံပညာရှင် အဖွဲ့တစ်ခုသည် ဩဂုတ်လ အတွင်း 3D နည်းပညာဖြင့် ဖန်တီးထားသည့် Titanic သင်္ဘော နစ်မြုပ်ရာ နေရာကို စူးစမ်း လေ့လာရေး Virtual ခရီးစဥ် အတွေ့အကြုံတစ်ခုကို စတင် မိတ်ဆက် ပေးသွားမည်ဟု သိရသည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၀ နီးပါးက နစ်မြုပ်ခဲ့သည့် ကမ္ဘာကျော် သင်္ဘောကြီး တည်ရှိရာ နေရာ မြေပုံကို အခြေခံကာ ရေးဆွဲထားသည့် အဆိုပါ Virtual မြေပုံဖြင့် Titanic ကို ကမ္ဘာပေါ် ပြန်လည် ဆယ်တင် နိုင်သည့်နှယ် ခံစားခွင့် ရစေမည်ဟုဆိုသည်။ Titanic သည် မြောက်အတ္တလန္တစ် သမုဒ္ဒရာ၏ အောက်ဖက် နှစ်မိုင်ခွဲတွင် ယခုတိုင် နစ်မြုပ်နေဆဲဖြစ်သည်။

ယခု Virtual မြေပုံကို RMS Titanic Inc.နှင့် မက်ဆာချူးဆက်ရှိ Woods Hole သမုဒ္ဒရာ လေ့လာရေး ပညာရေးဌာနတို့ ပူးပေါင်းက နယူးဖောင်လန်ရှိ စိန့်ဂျွန်းမှ စတင် ထွက်ခွာရန် စီစဥ်ထားသည်။ ရက် ၂၀ ကြာ 3D လေ့လာရေး ခရီးစဥ်ကို ဩဂုတ်လ ၁၈ ရက်နေ့တွင် စတင် ဖွင့်လှစ်သွားမည်ဟု သိရသည်။ စိတ်ကူးယဥ် သိပ္ပံဇာတ်လမ်း တစ်ခုသဖွယ် ခံစားရစေမည့် ခရီးစဥ်တွင် တွေ့မြင်ရမည့် ပုံရိပ်အချို့ကိုလည်း လူအများသို့ ပြသသွားမည်ဟု Organizer တစ်ဦးဖြစ်သူ ဒေးဗစ်ဂယ်လိုက ပြောကြားခဲ့သည်။ ၁၉၁၂ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့က Titanic သည် ဗြိတိန်နိုင်ငံ၊ လီဗာပူး ဆိပ်ကမ်းမှ အမေရိကန်သို့ ဦးတည်ခုတ်မောင်းစဥ် သမုဒ္ဒရာအတွင်း ကြီးမားလှသည့် ရေခဲတုံးကြီး တစ်တုံးအား တိုက်မိကာ နစ်မြုပ်ခဲ့ပြီး လူပေါင်း ၁၅၂၂ ဦး သေဆုံးခဲ့ရသည်။ ယင်းသည် ကမ္ဘာ့ရေကြောင်း သွားလာမှု သမိုင်းတွင် အဆိုးရွားဆုံး ဖြစ်စဥ်ကြီး တစ်ခုအဖြစ် ယနေ့တိုင် တည်ရှိနေဆဲဖြစ်သည်။

Titanic၏ ကျော်ကြားမှုသည် ၁၉၉၇ ခုနှစ်က ဒါရိုက်တာ ဂျိမ်းကင်မရွန် ရိုက်ကူးပြီး မင်းသား လီယိုနာဒို ဒီကာပရီယိုနှင့် မင်းသမီး ကိတ်ဝင်းဆလက်တို့ ပါ၀င်သရုပ်ဆောင်သည့် ဇာတ်ကားကြောင့် ပိုမိုကြီးမားလာခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here