အရေးပေါ်အခြေအနေ ကြေညာထားမှု ဒေသ ၃ ခုမှ ထိုင်းအစိုးရ ရုတ်သိမ်း

alt

ထိုင်းအစိုးရသည် နိုင်ငံ အတွင်းရှိ ဒေသ ၃ ခုမှ အရေးပေါ် အခြေအနေ ကြေညာ ထားမှုကို ဇူလိုင်လ ၂၀ ရက်နေ့တွင် ဖယ်ရှား ပေးလိုက် ပြီဖြစ်သည်။

လွန်ခဲ့သော နှစ်လက ဘန်ကောက်တွင် ဖြစ်ပွား ခဲ့သည့် သွေးချောင်းစီး နိုင်ငံရေး အဓိကရုဏ်းများ ကာလ ကတည်းက နိုင်ငံ ဧရိယာ ၅ ပုံ ၁ ပုံမျှ ဒေသများတွင် အရေးပေါ် အခြေအနေ ထုတ်ပြန် ထားရာ ယခု အခါ တစထက်တစ ပြန်လည် ရုတ်သိမ်း လာနေခြင်းဖြစ်သည်။ ထိုင်း အစိုးရ၏ အရေးပေါ် အခြေအနေ ထုတ်ပြန်မှု အရ လုံခြံုရေး တပ်ဖွဲ့များသည် မသင်္ကာသူများကို စစ်ဆေး မေးမြန်းမှု မရှိဘဲ ရက်ပေါင်း ၃၀ ကြာအောင် ထိန်းသိမ်း ထားခွင့် ရှိမည် ဖြစ်သည်။ ယခုအခါ လမ်ပန်း၊ ရွိုင်အတ်နှင့် ဆာကွန်နာခွန်တို့တွင် ယင်း ဥပဒေကို ရုတ်သိမ်း လိုက်ပြီ ဖြစ်သော်လည်း ဒေသပေါင်း ၁၆ ခုတို့တွင် ဆက်လက် တည်ရှိ နေဆဲဖြစ်သည်။

ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဗီဂျာဂျီဗာက အခြေအနေကို သုံးသပ်လေ့လာပြီး အဆိုပါ ဒေသ ၁၆ ခုတို့မှ အရေးပေါ် အခြေအနေ ပြဌာန်း ထားမှုကိုလည်း ရုတ်သိမ်း သွားရန် စဥ်းစားထားကြောင်း အရိပ်အမြွက် ပြောကြားခဲ့သည်။ သို့သော်လည်း လျှို့ဝှက် အစည်းအဝေးများကဲ့သို့ နိုင်ငံရေး လှုပ်ရှားမှုများ ရှိနေဆဲ အခြေအနေက မိမိတို့အား ပိုမို အလေးအနက်ထားစေရန် နှိုးဆော်နေကြောင်း အဘီဆစ်က ဆိုသည်။ ထိုင်းနိုင်ငံတွင် အစိုးရ ဆန့်ကျင်ရေး ရှပ်နီ အင်အားစုများ၏ ၂ လကြာ နိုင်ငံရေး လှုပ်ရှားမှုများ အတွင်း လူပေါင်း ၉၀ ကျော် သေဆုံးကာ ၁၉၀၀ ကျော်မျှ ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here