လွတ်လပ်မှု၊ ဖွံ့ဖြိုး တိုးတက်မှု နှင့် လူသားတန်ဖိုး

ဆောင်းပါး သရုပ်ဖေါ် © သိန်း​လှိုင်​ (​လှိုင်း​ဘွဲ)

၁၉၉၄ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကနေ ၂၆ ရက်အထိ ကောစတာ ရီကာနိုင်ငံ (Costa Rica) ဆန်ဟိုဆေး မြို့ တွင်

ကျင်းပ ခဲ့သော ယဉ်ကျေးမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ ကမ္ဘာ့ ကော်မရှင်၏ အစည်းအဝေးတွင် ရည်မှန်းချက် ပန်းတိုင် ၃ ခုကိုချမှတ်ခဲ့သည်။ တတိယမြောက် ပန်းတိုင်မှာ ယဉ်ကျေးမှု ဆိုင်ရာ ဒိုင်နမစ်သစ်တစ်ခုကို တိုးမြင့်ဆောင်ရွက်ရန်ဖြစ်သည်။ ယင်းအချက်သည် ငြိမ်းချမ်းရေး ယဉ်ကျေးမှု (the culture of peace)နှင့် ဖွံ့ဖြိုးတိုးတက်မှု ယဉ်ကျေးမှု (the culture of development) တို့ဖြစ်သည်။ ကော်မရှင်အနေနဲ့ ငြိမ်းချမ်းရေး ယဉ်ကျေးမှုကို နိုင်ငံတွင်းမှာ သာမက နိုင်ငံတကာ စံချိန်ဖြင့် မြှင့်တင်လုပ်ဆောင် နိုင်ခဲ့သည်။ ထိုပြင် ကော်မရှင် အနေနဲ့ ငြိမ်းချမ်းရေး ယဉ်ကျေးမှု၊ ဒီမိုကရေစီ ယဉ်ကျေးမှု နှင့် လူ့အခွင့်အရေး ယဉ်ကျေးမှု တို့သည် တခုနှင့်တခု ခွဲခြား၍မရကြောင်း တင်ပြနိုင်ခဲ့သည်။

သူတို့၏ ထိရောက်သော အကောင်အထည်ဖော် ဆောင်ရွတ်မှုသည် ဒီမိုကရေစီ နည်းကျ စီမံခန့်ခွဲမှု နှင့် ယဉ်ကျေးမှုခြင်း အပြန်အလှန် ပဋိပက္ခ ဖြစ်မှုမှကာကွယ်ပေးခြင်းများတွင် အကျိုးရလာဒ်ရှိမည်ဖြစ်သည်။

ငြိမ်းချမ်းရေး ပန်းတိုင် ဟာအမွန်မြတ်ဆုံး စံတစ်ခုဖြစ်သည်။ အဲဒီ စံ ကိုမည်သည့် အစိုးရ၊ နိုင်ငံကမှ ဖက်ပြိုင်နိုင်မည် မဟုတ်ပါ။ စစ်ဘီလူး တွေပင် ပြိုင်ဆိုင်နိုင်မည် မဟုတ်ပေ။ ထိုပြင် ငြိမ်းချမ်းရေး ယဉ်ကျေးမှု၊ ဒီမိုကရေစီ ယဉ်ကျေးမှု တို့ရဲ့နီးကပ်စွာ အချင်းချင်း အမှီသဟဲ ပြုနေမှု သဘောကိုလည်း မငြင်းဆန် နိုင်အောင် တွေ့ရမည် ဖြစ်သည်။ သို့ပေမယ့် မသေချာမရေသော ကိစ္စတရပ်လည်း ရှိနေတုန်း​ ပါဘဲ။ အစိုးရတွေက ငြိမ်းချမ်းရေး ယဉ်ကျေးမှုဟာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးတွေနဲ့ ခွဲခြား​ မရကြောင်း နှင့် စဉ်ဆက်​ မပြတ် ဖွံ့ဖြိုး တိုးတက်မှု အတွက် မရှိမဖြစ် ဆိုတဲ့​ အချက်ကို လက်ခံ​ ကျင့်သုံးဖို့ အလှမ်းဝေး​ နေတာကြောင့်လည်း ဖြစ်ပါတယ်။

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဖော်ဆောင်ရေးကို တားဆီး ပိတ်ပင်ဖို့ ဖွံ့ဖြိုးတိုးတက်မှု နှင့် ယဉ်ကျေးမှုကို ဥပါယ်တံမျဉ် တစ်ခု (pretexts)​ လို အသုံးချ နေကြကို အထောက်အထား များစွာနဲ့​ တွေ့နေရပါတယ်။ အများသိကြတဲ့​ အတိုင်း တချို့သော အစိုးရတွေဟာ ဒီမိုကရေစီဆိုတာ အနောက်တိုင်းရဲ့ အတွေးစိတ်ကူး (Western concept) တစ်ခုသာဖြစ်ပြီး မိမိတို့ရဲ့ ပင်ကိုယ်စံနှုန်း တန်ဖိုးတွေနဲ့ ခြားနားကြောင်း ဆင်ခြေ ပေးတာတွေ ရှိနေပါတယ်။

အဲဒါဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဟာ ဒီမိုကရေစီကဲ့သို့သော နိုင်ငံရေးဆိုင်ရာ အခွင့်အရေးတွေနဲ့ ပဋိပက္ခ ဖြစ်နိုင််ခြင်း၊ ဒုတိယကို ပထမ နေရာပေးရန် လိုအပ်သည်​ ​အလား​ ကဲ့လို့ ဆိုချင်​ နေပုံ​ ရပါတယ်။ ယခုလို ဆင်ခြေပေးမှုတွေကြောင့်ဘဲ ဖွံ့ဖြိုး တိုးတက်မှု နှင့် ယဉ်ကျေးမှု တွေဟာ သေသေချာချာ စီစစ်​ စမ်းသပ်ခြင်းကို ခံနေရပြီး၊ မကျင့်သုံးအပ်ဘူး ဆိုပြီး​ ပိုင်းဖြတ် ကြတာ တွေတောင် ရှိလာခဲ့တယ်။ တချို့သော အစိုးရတွေဟာ ဒီမိုကရေစီ အဖွဲ့အစည်း တည်ထောင်ခြင်းများ၊ လူ့အခွင့်အရေးအတွက် ဆောင်ရွတ် လိုသော လူများ၊ နိုးကြားစိတ်များကို တားဆီးချိုးနှိမ် ဖို့အတွက် ရည်ရွယ်ပြီး ယဉ်ကျေးမှု နှင့် ဖွံ့ဖြိုးတိုးတက်မှုကို အလွဲသုံးစားပြုခြင်းများလည်းရှိသည်။

နိုင်ငံ အများစုရဲ့့ ကျေနပ်ဖွယ်မရှိသော ဖွ့ံဖြိုးတိုးတက်မှု မှတ်တမ်းတွေနဲ့ ဖွ့ံဖြိုးတိုးတက်မှု (Development) အဓိပါယ် ဖွင့်ဆိုဖို့ လိုအပ်မှု တွေဟာ စီးပွားရေး ပညာရှင်များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ အတွက် အရေးကြီးသော ကိစ္စတစ်ရပ် (သို့) အလေးထားစရာ တစ်ခု​ ဖြစ်နေခဲ့သည်မှာ ရာစုနှစ်တစ်ခု ကျော်ခဲ့ပြီ ဖြစ်သည်။ ယင်း​ အဓိပါယ်သစ်က ဖွ့ံဖြိုးတိုးတက်မှု (Development) ဖြစ်ရန် စီးပွားရေး တိုးတက်မှု (Economic growth) သာမက အခြားအချက်တွေပါ ပါဝင်နေတယ် ဆိုနေသည်။

၁၉၈၃ ခုနှစ်တွင် ထုတ်ဝေခဲ့သော ဖရန်ကွားစ် ပါးရိုး (Francois Perroux) ၏ ဖွ့ံဖြိုးတိုးတက်မှု ၏ အမြင်သစ်​ တစ်ခု (A New Concept of Development) စာအုပ်တွင် ဖွ့ံဖြိုးတိုးတက်မှု မဖြစ်နိုင်သော အချက်များကို​ တင်ပြထားသည်။ သူက ဖွ့ံဖြိုးတိုးတက်မှု သည် ပြဇတ် ဆန်ဆန် အသိစိတ် နိူးကြားမှု ဖြစ်နေခြင်း၊ ကတိ​ တစ်ခု၊ ကိစ္စတရပ် (သို့) မကြွင်းမကျန် ရပ်တည်​ နေရုံမှသာ ကိုယ်စားပြု​ နေကြမည် ဟု ဖွင့်ဆို​ ပြသည်။ ယင်းတွင် အသိဉာဏ် ပညာ အရလည်း မှေးမှိန်သော သိမှုတစ်ခုသာ ဖြစ်နေမည်ဟု ဆိုသည်။ ယင်း​ စာအုပ် နောက်ပိုင်းတွင် ပုဂ္ဂိုလ်ရေး ဆိုင်ရာ ဖွ့ံဖြိုး တိုးတက်မှု (Personal development) သည် အခြား ဖွံ့​ဖြိုး တိုးတက်မှုများ၏ အဓိက အကြောင်းရင်းကြီးများမှ တစ်ခုဖြစ်သည်။ သူ၏ ဖွ့ံဖြိုး တိုးတက်မှု​ ဆိုင်ရာ ယူဆချက်သည် တိုးတက်ရေး၊ စီးပွားရေး နှင့် အခြား အခန်း ကဏ္ဍတွေ အတွက် စီမံကိန်းများတွင် လူသား နှင့် ယဉ်ကျေးမှု တန်ဖိုးများ (Human and Cultural values) သည် ခိုင်မာသော နေရာတွင်​ ရှိသည်ကို ဖော်ပြနေသည်။

ယူအမ်ဒီပီ (United Nations Development Programme) အနေနဲ့ တိုးပွားခြင်း (Growth) နှင့် ဖွ့ံဖြိုးတိုးတက်မှု (Development) တို့ကြား ခြားနားမှုကို ဖွင့်ဆို​ ရှင်းပြရန် ၁၉၈၀ နှောင်းပိုင်း​ ကာလ ကတည်းကပင် စတင်နိုင်ခဲ့သည်။ ၁၉၉၀ အစောပိုင်း ကာလ ကတည်း ကပင် UNDP ၏ လူသား ဖွ့ံဖြိုးတိုးတက်မှု အစီရင်ခံစာ (Human Development Report) ကို ပထမဆုံး ထုတ်ပြန်ခဲ့ပြီး လူသား ဖွ့ံဖြိုးတိုးတက်မှု ၏ အသွင်အပြင်ကို အသိအမှတ် ပြုခဲ့သည်။ ၁၉၉၃ အစီရင်ခံစာ၏ အဓိက ဖော်ထုတ်ချက်မှာ လူသား၏ ပါဝင် ဆောင်ရွတ်မှုကို (ကျွနု်တို့ ခေတ်၏ အဓိက ကိစ္စရပ်) (The central issue of our time) အဖြစ် မြင်ခြင်းဖြစ်သည်။

စီးပွားရေး အလွန် (Beyond Economics)

လူသား ဖွ့ံဖြိုးတိုးတက်မှု ထင်မြင်ယူဆချက်များကို အဓိကအချက်အဖြစ် နိုင်ငံတကာ စီးပွားရေး ပညာရှင်များ၊ စီမံခန့်ခွဲ အုပ်ချုပ်သူတွေရဲ့ အတွေးအခေါ် များတွင် ထည့်သွင်း ယူဆနေစဉ် အတွင်းမှာဘဲ ဈေးကွက်​ စီးပွားရေး (Market Economy) ကို ရုပ်ဝတ္ထုပိုင်း​ ဆိုင်ရာ တိုးတက်ရေး အတွက် အလျှင်မြန်ဆုံး နှင့် အသေချာဆုံး နည်းလမ်း အဖြစ် အစိုးရများက သတ်မှတ်လာကြသည်။ စီးပွားရေး လုပ်ဆောင်မှုများသာ တိုင်းပြည်တွေ ရင်ဆိုင်နေရတဲ့ ပြဿနာ အားလုံးကို ဖြေရှင်း​ ပေးနိုင်မယ်လို့ တင်မြင် ယူဆ နေကြသည်။ စီးပွားရေး ကိုသာ “dues ex machina” ခေါ် “ လိုလား တောင့်တ နေတဲ့ အာရှသစ် အတွက် တံခါးအားလုံးရဲ့ သော့က လောက်တွေ အတွက် အရေးပါ ဆုံးသော သော့တစ်ချောင်း” အဖြစ်​ တင်စားခဲ့ကြသည်။ ထိုအပြင် ငြိမ်းချမ်းရေး နှင့် လုံခြံုရေး စိန်ခေါ်မှု၊ လူ့​ အခွင့်အရေး နှင့် တာဝန်ယူမှု စိန်ခေါ်မှု၊ ဒီမိုကရေစီ နှင့် အုပ်ချုပ်ရေး ဥပဒေ စိန်ခေါ်မှု၊ တရားမျှတရေး နှင့် ပြုပြင်​ ပြောင်းလဲရေး စိန်ခေါ်မှု၊ ယဉ်ကျေးမှု ပြန်လည်​ ရှင်သန်ခြင်း နှင့် ပလူရဲလ် လစ်ဆင် (Pluralism) စိန်ခေါ်မှု ကိုအောင်မြင်စွာ ဆုံဆည်းနိုင်ရန် အတွက် “တောင့်တင်း ခိုင်မာသော စီးပွားရေး ဖွ့ံဖြိုးတိုးတက်မှု” ကိုသာ “မရှိမဖြစ် အရာ” တခုလို​ မြင်ခဲ့ကြသည်။

“စီးပွားရေး ဖွံ့​ဖြိုးတိုးတက်မှု” သည် ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ ယဉ်ကျေးမှုပိုင်း ဆိုင်ရာ ပလူရဲလ် လစ်ဆင် (Pluralism) တို့​အတွက် မရှိမဖြစ်​ ဖြစ်သည် ဆိုသော​ အမြင် နှင့် ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး တို့၏ ယဉ်ကျေးမှု တစ်ခုသည် “စဉ်ဆက်မပြတ် လူသား ဖွ့ံဖြိုးတိုးတက်မှု” (Sustained human development) အတွက် မရှိမဖြစ်​ ဖြစ်သည် ဆိုသော​ အမြင်တို့သည် သီအိုရီ​ ဆိုင်ရာ ချဉ်းကပ်မှု အတွက်သာ ခြားနားသည်ဟု အပေါ်ယံ​ ထင်ရသည်။ သို့ရာတွင် အနီးကပ် လေ့လာကြည့်မှ​ သာလျှင် သူတို့၏ အခြေခံကျသော အစီအစဉ်​ ကွဲပြားမှုများကို ဖြစ်စေသော မတူကွဲပြားသော ချဉ်းကပ်မှုတွေကို တွေ့ရသည်။

စီးပွားရေးကို တံခါးအားလုံး၏ သော့ကလောက်များအတွက် အရေးပါဆုံးသော သော့တံ​ တစ်ချောင်း အဖြစ် သဘောထား​ လိုက်ခြင်းသည် လူချမ်းသာများ သာလျှင် ဆုံးဖြတ်​ ပေးနိုင်သူများ ဖြစ်သွားသည်။ သူတို့၏ စီးပွားရေး လက်နက်ကိရိယာ သာလျှင် အားလုံးကို ဆုံးဖြတ်နိုင်သည့် သဘော​ ဖြစ်သွားသည်။ ဒီအချက်ဟာ စီးပွားရေး၊ နိုင်ငံရေး နှင့် လူမှု​ အဖွဲ့အစည်းများက လူသားတို့​ အတွက် လုပ်ဆောင်နေသည်ဟု ခံယူထားသော ကမ္ဘာတစ်ခု၏ အမြင်နှင့် ကွဲပြား​ ခြားနားနေသည်။ ယင်းကမ္ဘာတွင် ယဉ်ကျေးမှု နှင့် ဖွံ့ဖြိုး​ တိုးတက်မှု တို့၏ တပေါင်းတစည်းတည်း ဖြစ်မှုသည် လူသားတို့၏ အစွမ်းသတ္တိကို ဖြစ်စေမည့် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးသည်။

ယင်းကွဲပြားသော အမြင်များသည် လူမှုရေး နှင့် အမျိုးသားရေး စရိုက်ကို ဖြစ်စေသော အမျိုးမျိုးသော အစိတ်အပိုင်းများ အဖြစ်ပိုင်း ဖြတ်ရာတွင် ကွဲပြား​ ခြားနား သွားစေသည်။ ယင်းတွင် ဆင်းရဲမှု၊ တိုးတက်မှု၊ ယဉ်ကျေးမှု၊ လွတ်လပ်မှု၊ ဒီမိုကရေစီရေး နှင့် လူ့အခွင့်အရေးများ ကို အခြေခံ​ အမြင်များ အဖြစ်​ သတ်မှတ်ခြင်း တို့ပါဝင်သည်။ ထိုပြင် ယင်းတန်ဖိုး နှင့် အဓိပါယ်များကို မည်သူက ဆုံးဖြတ်ခွင့်​ ပါဝါ​ အာ​ဏာ ရှိသည်လည်း​ ပါဝင်သည်။

ယင်း​ တန်ဖိုး​ စနစ်တွင် ပါဝါ​ ရှိသူ နှင့်​ ပါဝါ​ မရှိသူကြားတွင် တူညီမည်​ မဟုတ်ပေ။ လုပ်ပိုင်ခွင့်​ ရှိသူ (Privileged) နှင့် လုပ်ပိုင်ခွင့်​ မရှိသူ (Unprivileged) တို့၏ ထင်မြင်​ ယူဆချက်များ သည်လည်း မတူကွဲပြား သွားမည်​ ဖြစ်သည်။ ပါဝါ နှင့်​ လုပ်ပိုင်ခွင့် အရေးကိစ္စတွင် ချမ်းသာသူ (haves) နှင့် ဆင်းရဲသူ (haves-not) ကြား​ ကွဲပြား​ ခြားနားမှုသည် အရည်အတွက်​ ဆိုင်ရာ ကွဲပြားမှုသာလျှင် မဟုတ်ပေ။ သူတို့၏ စိတ်ပိုင်း​ ဆိုင်ရာ နှင့် အတွေးအခေါ်ပိုင်း ဆိုင်ရာတွင်လည်း အတော်အတန် ကွဲပြားမှုများ​ ရှိသည်။ စီးပွားရေး ကိုသာ အလေးပေး သူများ အတွက် ပါဝါ နှင့် လုပ်ပိုင်ခွင့် ပုစ္ဆာကိုသာလျှင် ဇောင်း​ ပေးနေရ၍ မျှမျှတတ ဖြစ်ခဲသည်။ ဆင်းရဲမှု ပြဿနာသည် လူ့သားတို့ အတွက် စီးပွားရေး ချဉ်းကပ်မှု သတ်သတ်​ တစ်ခုတည်းဖြင့် ပြည့်စုံမည်​ မဟုတ်ကြောင်း ဖော်ပြ​ နေသည်။ ဆရာဝန်တွေ၊ အဟာရ ပညာရှင်တွေ၊ အခြား သိပံပညာရှင် တွေတောင် ဆုံးရှုံး​ လစ်ဟာခြင်း (deprivation) ၏ ဓမ္မဓိဌာန်​ ကျသော အခြေအနေတွေ အကြောင်း ပြောပြ​ နိုင်သည်။

ဆင်းရဲမှုကို တိုက်ဖျက်ခြင်းဟာ ယင်းကဲ့သို့စီးပွားရေးတစ်ခု ကိုသာအလေးထားမှုကို ပြောင်းလဲစေတဲ့ လှုပ်ရှားမှု ဖြစ်စဉ်တစ်ခုကို ဖြစ်စေ လိမ့်မည်။ ပါဝါ နှင့် လုပ်ပိုင်ခွင့်​ ရသူတွေသာ နေရာ​ ရနေသောကြောင့် ဆင်းရဲသားတွေမှာ ပါဝါမဲ့ပြီး အသံမဲ့​ နေရတယ်။ ပါဝါ​ ဆိုသည်မှာ လူမှု​ ဆက်ဆံရေး နယ်ပယ်​ တစ်ခု အတွင်း လူတစ်ဦး​ တစ်ယောက်၏ ဆန္ဒကို​ တွန်းအား​ ဖြစ်စေသော၊ ဖော်ထုတ်ရဲသော ဖြစ်နိုင်​ စွမ်းရည် (possibility) တစ်ခု​ ဖြစ်သည်။ ဆင်းရဲသားတွေမှာ တွန်းအားပေးခြင်း၊ အတင်းအကြပ် စေခိုင်း​ နိုင်ခြင်း၊ ဩဇာ လွမ်းမိုး​ နိုင်ခြင်း စသော စွမ်းရည်​ သတ္တိများ​ မရှိ​ နိုင်ကြပေ။

အဲဒါဟာ ဘာကို​ ဖော်ပြနေသလဲ ဆိုတော့ ဆင်းရဲသားတွေ အတွက် ရုပ်ဝတ္ထုပိုင်း​ ဆိုင်ရာ ထောက်ပ့ံခြင်းသည် မလုံလောက်ကြောင်း ဖော်ပြနေသည်။ သူတို့ကို လုံလောက်တဲ့ ပံ့ပိုး​ တွန်းအားပေးမှုတွေ​ လုပ်ပေးရမယ်။ အကြင်နာမဲ့တဲ့ ကမ္ဘာကြီးမှာ ငါတို့ဟာ အစွမ်းမရှိတဲ့ သူတွေ၊ အကူအညီမဲ့သူ တွေလို့ ထင်နေတဲ့ သူတို့ရဲ့ ထင်မြင်​ ယူဆချက်တွေ ကို​ ပြောင်းလဲ​ ပေးရပါမယ်။

လုပ်ပိုင်ခွင့်ပေးခြင်း (empowerment) ဟာ ယဉ်ကျေးမှု နှင့် ဖွ့ံဖြိုးတိုးတက်မှု နှစ်ခုစလုံး အတွက် အဓိက ကျပါတယ်။ အဲဒါဟာ နိုင်ငံ (သို့) လူမှု​ အသုံးအဝိုင်း အပေါ် တွန်းအား​ ပေးနိုင်သည့် စွမ်းရည် မည်သူ့တွင်ရှိသည်၊ ယဉ်ကျေးမှု နှင့် ဖွ့ံဖြိုးတိုးတက်မှု ခေါင်းစဉ်အောက်တွင် လက်တွေ့ကျသော လုပ်ဆောင်မှုများကို​ ဆုံးဖြတ်​ ပေးနိုင်​ မည့်သူ ကို​ ဆုံးဖြတ်ပေးသည်။ တပါတီအာဏာရှင် (totalitarian) စနစ် ပီပြင်လေလေ လုပ်ပိုင်ခွင့်​ အာဏာများဟာ အုပ်စိုးသူ​ အီလစ် (ruling elite) တို့၏ လက်ထဲတွင်​ ရှိလေ ဖြစ်ပြီး ယဉ်ကျေးမှု နှင့် ဖွ့ံဖြိုး​ တိုးတက်မှုကို ကျဉ်းမြောင်းသော ရည်ရွယ်ချက်တွေနဲ့့ လုပ်လေ​ ဖြစ်သည်။ ယဉ်ကျေးမှု ကိုလည်း “ခေတ်အမှီဆုံး” (the most recent)၊ “အဆင့်အမြင့်ဆုံးသော ဖွ့ံဖြိုး​ တိုးတက်မှု (သို့) ဘဝရဲ့ ရှင်သန်မှု နှင့် လုံခြံုမှု ကိုတိုးမြှင့်ခြင်း အဖြစ် သတ်မှတ် ခဲ့ကြသည်။

ယဉ်ကျေးမှု အပေါ် အဓိပါယ် ဖွင့်ဆိုချက်သည် နက်နဲ ကျယ်ပြန့်သည်။ ပျော့ပြောင်းမှု (flexible) နှင့် အတင်းအကြပ် မဆန်သော အရည်အချင်းများ (noncompulsive qualities) ကိုအလေးထားသည်။ စိတ်ဝင်စားမှု ကျဉ်းလာလေလေ ​၎င်း​ သည်လည်း မလှုပ်မရှား (Static) နှင့် တင်းတင်းမာမာ (rigid) ဖြစ်လာမည်။ ထိုပြင် အတင်းအကြပ်ဆန်သော အသွင်ဆောင်လာမည်။ “အမျိုးသား ယဉ်ကျေးမှု” (national culture) သည်လည်း အသေးစိတ် ရွေးချယ်ထားသော သမိုင်း​ ဆိုင်ရာ အဖြစ်အပျက်များ နှင့် အဓိပ္ပါယ်​ လွဲမှားနေသော လူမှုတန်ဖိုး တို့၏ အမြင်ရိုင်းသော အပင်ဆက် (graft) တစ်ခုလို​ ဖြစ်သွား​ နိုင်သည်။ တစ်ချိန်တည်းမှာပင် ဖွံ့ဖြိုး​ တိုးတက်မှုသည်လည်း စီးပွားရေး​ တိုးတက်မှု၏ ဟောင်းနွမ်းသော အမြင်​ တစ်ခုလို ဖြစ်သွားမည်။ စာရင်းဇယား ကိန်း​ ဂဏာန်းများကိုလည်း ရုံးပိုင်း​ ဆိုင်ရာ လူပ်ဆောင်မှု၏ အောင်မြင်မှုများကို သက်သေပြဖို့ ရွတ်ပြ​ ပါလိမ့်​ အုံးမည်။

အာဏာပိုင်​ အစိုးရ​ အများစုဟာ ခေတ်မီ​ ဖွံ့ဖြိုးမှု​ ရှေ့မျက်နှာပြင်မှာတော့ ပေါ်လွင်​ ဆိုတဲ့​ ဆန္ဒတော့ရှိ​ ကြပါတယ်။ ဒါပေမယ့် စစ်မှန်တဲ့ ပြောင်းလဲမှု​ လုပ်ဆောင်ရမှာကိုတော့ တွန့်ဆုတ်​ နေကြတယ်။ အဲ့လို အစိုးရမျိုးတွေဟာ ခေတ်နဲ့​ အမီ လိုက်နိုင်ဖို့ သူတို့​ အနေနဲ့ နိုင်ငံရေး​ စနစ်​ တစ်ခု ဆီရောက်နိုင်မယ့် အမျိုးသား​ စရိုက် (သို့) ပြည်တွင်းဖြစ် စံပြ လမ်းစဉ်​ တစ်ခုကို ဖော်ဆောင်​ နေတယ်လို့လည်း ဖော်ပြ​ တတ်ပါသေးတယ်။ ဒုတိယ​ ကမ္ဘာစစ် ဖြစ်ပြီး​ ပြီးချင်း ဆယ် စုနှစ်များ​ အတွင်းမှာဘဲ ဆိုရှယ်လစ်ဝါဒ (Socialism) ဟာ လူကြိုက် များ​ လာခဲ့တယ်။ ဒါပေမယ့် ၁၉၈၀ နှောင်းပိုင်း​ ကာလတွေက​ စပြီး ဒီမိုကရေစီဝါဒ (Democracy) ဟာ အခြေ​ ခိုင်မာလာခဲ့တယ်။ အမျိုးသားရေး (သို့) တိုင်းရင်း​ ဖြစ်လမ်းစဉ်ဟာ ဆိုရှယ်လစ်ဇင်လား…​ ဒီမိုကရေစီလား…​ ဆိုတဲ့ အာရုံစိုက်မှုဟာ လုပ်ငန်းစဉ် (Process) နှင့် ပန်းတိုင် (Goal) နှစ်ခု​ စလုံး​ အနေနဲ့ ယဉ်ကျေးမှုပိုင်း​ ဆိုင်ရာ ဆက်လက်​ ဖြစ်ခြင်း သက်ရောက်မှုများရှိနေ သည်။ အပြန်အလှန်အားဖြင့် ဓလေ့ ထုံးစံ အားဖြင့်သော် လည်းကောင်း၊ လုပ်ငန်းစဉ်ပိုင်း​ အရ​ သော်လည်းကောင်း၊ သီးခြား​ အသုံးအနှုန်းများ​ အနေနဲ့ ဒီမိုကရေစီ (သို့) ဆိုရှယ်လစ် ဝါဒ တစ်ခုခုကို မဖြစ်မနေ အဓိပ္ပါယ်​ ဖွင့်ဆို​ ကြသည်။ အဲ့ဒါဟာ ​ဝေဖန်​ ဆုံးဖြတ်​ ပေးနိုင်သူ (Arbiter) နှင့် အဓိပ္ပါယ် ဖွင့်ဆို ပေးနိုင်သူ (Interpreter) ကဲ့သို့ လို အပ်သော​ နေရာများ​ အတွက် နိုင်ငံရေး​ အီလစ်များ ဖြစ်တည် ပေါ်ပေါက်ရေးကို ဖြစ်စေသည်။ ထိုသူများဟာ ယဉ် ကျေးမှုပိုင်း​ ဆိုင်ရာကို​ ထိန်းသိမ်း​ စောင့်ရှောက်ရန်၊ ဆောင်ရန် ရှောင်ရန် (Do or Do Not) တွေကို လုပ်ဆောင် သည်။

လူ့​ အခွင့်အရေးကို အခြေပြုတဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး တွေဟာ ယဉ်ကျေးမှု ခိုင်မာမှု၊ လူမှုရေး တည်ငြိမ်မှု နှင့် အမျိုးသား လုံခြံုရေး ဆိုတဲ့ နာမည်တွေ နဲ့တပ်ပြီး အာဏာပိုင်​ အစိုးရတွေရဲ့ တားဆီး ပိတ်ပင်ခြင်းကို ခံနေရပါတယ်။ အနောက်တိုင်း လူမှု အသိုင်းအဝိုင်းရဲ့ အဆိုးဝါးဆုံး နိုင်ငံတွေမှာဆို ဒီမိုကရေစီကို အထိန်းအကွပ်မဲ့သော လွတ်လပ်ခြင်း၊ ကိုယ်ကျိုးကြည့် တစ်ကိုယ်ကောင်း ဝါဒတို့​ရဲ့ ဘိုးဘေး ဘီဘင်ကြီး (Progenitor) အဖြစ် ထင်ယောင်မြင် ယောင်လုပ်ပြီး တဖြည်းဖြည်း အယုံသွင်း​ လာတာ​ တွေရှိတယ်။ ဒီမိုကရေစီ​ တန်ဖိုး (Democratic Values) တွေနဲ့ လူ့အခွင့်အရေး တွေဟာ အမျိုးသား ယဉ်ကျေးမှုတွေကို ဆန့်ကျင် နေတယ်လို့ ခိုင်လုံတဲ့ အထောက်အထားတွေ မရှိဘဲ စွပ်စွဲ​ တာတွေလည်း ရှိတယ်။ ဒါကြောင့်မို့ တကယ် အကျိုးရှိအောင် လိုအပ်သလို ပြုပြင် ယူရမယ်လို့ ဆိုတာတွေလည်း​ ရှိတယ်။ ဒီမိုကရေစီနဲ့ မသင့်တော်သေးဘူးလို့လည်း လူတွေကို ပြောကြတာတွေ ရှိတယ်။ ဒါကြောင့် လည်း ဒီမိုကရေစီ​ ပြုပြင်​ ပြောင်းလဲမှုတွေ ဖော်ဆောင်​ နိုင်ဖို့ အချိန်တွေက အများကြီး​ ပေးနေရတယ်။

ဒီလို ထင်မြင်​ ယူဆချက်တွေကို ချေပမှုရဲ့ ပထမ​ ပုံစံကတော့ အမေရိကန် (USA) ဟာ ဒီမိုကရေစီ​ ယဉ်ကျေးမှုရဲ့ အကောင်းဆုံး နမူနာ​ တစ်ခုပါဘဲ။ အမေရိကန်​ နိုင်ငံဟာ အခြား​ ယဉ်ကျေးမှုများကို ကိုယ်စားပြုနေတဲ့​ အပြင် ဒီမိုကရေစီ​ ယဉ်ကျေးမှုရဲ့​ အရေးအပါဆုံး ကိုယ်စား လှယ်တော်ကြီး လိုဖြစ်ပါတယ်။ ဒါတောင် အချို့တွေက ဒီအချက် တွေကို​ ကျော်ပြီး အမေရိကန်​ ယဉ်ကျေးမှုကို ဣန္ဒြေမဲ့ အရှုပ်ထုတ်ကြီးလို့ မြင်စေချင် ကြပါသေးတယ်။ အဲ့ဒီမှာ​ ဆိုရင် I-Want-It-All ဖောက်သည်​ ယဉ်ကျေးမှု၊ မီဂါ​ စီးတီး​ ယဉ်ကျေးမှု (Megacity Culture)၊ စူပါ​ ပါဝါ​ ယဉ်ကျေးမှု၊ နယ်ခြား​ စီးခြား ယဉ်ကျေးမှု (Frontier Culture)၊ ကူးပြောင်းလာသူ​ ယဉ်ကျေးမှု (Immigrant Culture) တို့ပါဝင်သည်။ ထို့ပြင် ခိုင်မာသော မီဒီယာ ယဉ်ကျေးမှု (Media Culture) လည်းဘဲရှိသေးသည်။ ယင်း မီဒီယာ ယဉ် ကျေးမှုသည် အမေရိကန်​ လူ့အဖွဲ့အစည်း၏ များမြောင်​ လှသော ပြဿနာ ပေါင်းများစွာကို ဖြစ်ပေါ်​ စေသည်ဟုလည်း​ ဆိုကြသည်။ ထို့ပြင် လမ်းမပေါ်​ အကြမ်းဖက်မှု၊ မူးယစ်​ ဆေး​ အလွဲ​ သုံးစားပြုမူ မှသည် လက်ထပ်​ ထိမ်းမြား ခြင်း​ ဆိုင်ရာ​ အခက်အခဲများ​ အထိ ရှိသည်ဟု ဆိုကြ​ သေးသည်။

အမေရိကန်​ လူ့အဖွဲ့အစည်း ဆိုးရွားမှုများကို ဒီမိုကရေစီ​ အမွေအနှစ် (Democratic Legacy) ဖြင့် ခြေရာကောက် ၍ မရနိုင်ပေ။ သို့သော် ခေတ်မီ​ ရုပ်ဝါဒ များ၏ တောင်းဆိုချက်များနဲ့တော့ ခြေရာ​ ကောက်နိုင်သည်။ ဒီလိုမျိုးဆိုး ရွားမှုတွေကို အခြား ဖွံ့ဖြိုးပြီး နိုင်ငံကြီး များတွေလည်း အဆင့် အလိုက် ကွဲပြား​ ခြားနားစွာ​ တွေ့နေရသည်။ ဆိုးရွားသော တစ်ကိုယ်တည်း လွတ်လပ်စွာ ယုံကြည်ခွင့် ဝါဒ (Gross Individualism) နှင့် လည်ပင်းဖြတ် ကိုယ်ကျင့် တရားဝါဒ (Cut-Throat Morality) များဟာ နိုင်ငံရေးနှင့်​ အသိပညာပိုင်း​ ဆိုင်ရာ လွတ်လပ်ခွင့်တွေ နှိပ်ကွပ် ခံနေရပြီး တဖက်မှာလည်း ဂုဏ်သိက္ခာနှင့် တိုးတက်ရေးကို တိုင်းတာ​ နိုင်မယ့် ရုပ်​ ဝတ္ထုပိုင်း​ ဆိုင်ရာ အောင်မြင်မှု တွေရဖို့ ထိတ်လန့်​ စရာကောင်းသော စီးပွားရေး​ ပြိုင်ဆိုင်မှုများ ဖြစ်ပေါ်သော​ အချိန်​ ကာလတွင် ပေါ်ပေါက်​ လာခဲ့ကြသည်။ အကျိုးဆက်​ အားဖြင့် ယဉ်ကျေးမှု နှင့် လူ့တန်ဖိုးများ​ ဘေးရောက်ပြီး ငွေ​ တန်ဖိုးကြီး​ စိုးသော လူ့အဖွဲ့ အစည်းတစ်ရပ် ဖြစ်လာသည်။ အလုံးစုံပြီး ပြည့်စုံတဲ့​ နိုင်ငံရေး (သို့) လူမှုရေး​ စနစ်​ ဆိုတာမရှိပါဘူး။

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများဟာ အနောက်တိုင်း မဟုတ်သော ယဉ်ကျေးမှုများကို ဆန့်ကျင်​ နေသည်ဟု ပြောဆို​ နေချိန်မှာဘဲ ယင်း​ ယဉ်ကျေးမှုများကို ကျောက်ဆစ်ရုပ်​ တစ်ခု (Monolithic) တစ်ခုလို ကျဉ်းမြောင်းစွာ အဓိပ္ပါယ်​ သတ်မှတ်ခြင်း၊ သဘောထားခြင်းများ ပြုနေကြသည်။ တကယ်တော့ ဒီမိုကရေစီနဲ့​ လူ့အခွင့်အရေးကို မြှင့်တင်လိုသော တန်ဖိုးများကို များပြားလှသော ယဉ်ကျေးမှုများတွင် တွေ့နေရသည်။ ကမ္ဘာပေါ်ရှိ လူသားများ သည် သူတို့ရဲ့ ပြည့်ဝတဲ့ အလားအလာတွေ အမှန်တကယ် ဖြစ်စေဖို့ လွတ်လပ်ခြင်း နဲ့ လုံခြံုရေးကို လိုအပ်​ နေကြပါတယ်။

လွတ်လပ်ခွင့်ကို မဖျက်ဆီးဘဲ လုံခြံုရေးကို ဖန်တီး​ ပေးနိုင်သော အစိုးရ​ တစ်ခု​ ပုံစံ​ တစ်ခုလို လိုလားချက်တွေဟာ အလှမ်းအလွန် ကွာ​ဝေးနေသည်။ အရှေ့တိုင်းကော၊ အနောက်တိုင်း နှစ်ခုစလုံးရဲ့ ယဉ်ကျေးမှု​ အားလုံးထဲမှာ အာဏာရှင်စနစ် (dictatorship)နှင့် ကြမ်းတမ်းသော​ အစိုးရ (strong governments)​ ကို လိုလား​ နှစ်သက်သလို ထောက်ခံ​ ပေးနေခြင်းကို​ တွေ့နေ​ ရပါတယ်။ ကြီးစိုး​ လိုသော ဆန္ဒ နှင့် အင်အားကြီးမှုကို မြှင့်မြှောက် လိုသော စိတ်​ တိမ်းညွတ်ခြင်းသည် လူအများ၏ ထူးခြားတဲ့​ အချက် ဖြစ်ပြီး ဒီ​ စိတ်ဟာလည်း လုံခြံုရေး​ အတွက် ဆန္ဒ​ တစ်ခုမှ ပေါ်ပေါက်လာသည်။ နိုင်ငံ​ တစ်ခုဟာ လုံခြံုရေး နှင့် လွတ်လပ်ခြင်း၏ ကာကွယ်မှုကိုဖြစ်စေသော စနစ် (System) တစ်ခုကို ရွေးချယ်​ နိုင်သည်။ ထို့ပြင် နိုင်ငံသည် တစ်ဦး တစ်ယောက်ချင်းစီနှင့် အဖွဲ့အစည်းများကို သူတို့၏ ကိုယ်ပိုင် လွတ်လပ်မှု နှင့် လုံခြံုရေးကို ကာကွယ်နိုင်ရန် လုံလောက်သော အင်အားကို ပေးနိုင်သည့် အဖွဲ့အစည်းများ နှင့် လက်တွေ့ လုပ်ဆောင်မှု များကိုလည်း ရွေးချယ် နိုင်သည်။ ဒီ​ ရွေးချယ်မှုများကသာလျှင် အဲ့ဒီ တိုင်းပြည်သည် ငြိမ်းချမ်းရေး နှင့် ဖွ့ံဖြိုး​ တိုးတက်ရေး​ လမ်းစဉ်အတွက် မည်မျှ ပေါက်ရောက် သွားမည်ကို ဆုံးဖြတ်သည်။

အဓိပ္ပါယ် ပြည့်ဝသော ဖွံ့ဖြိုးတိုးတက်မှု အတွက် ကြိုးပမ်းဆောင်ရွက် အားထုတ်နေသော တတိယ​ ကမ္ဘာမှ နိုင်ငံ များသည် လူမျိုးစု အမျိုးမျိုး ပါသော လူ့အဖွဲ့အစည်း (Multiracial Societies) များ​ ဖြစ်ကြသည်။ ယင်းနိုင်ငံများ တွင် ချယ်လှယ်​ နေသော လူမျိုးစုကြီး တစ်ခုရှိသည်။ တခါတရံ အုပ်စုငယ်များ မြောက်မြားစွာလည်း ရှိတတ်သည်။ ဆင်းရဲခြင်းဟာ အခြေခံ​ စီးပွားရေး​ လိုအပ်ချက်တွေနဲ့ ကျေနပ်ဖွယ်​ မကောင်းတော့သလို “ လူနည်းစု ” (Minority) သည်လည်း အရေအတွက်​ အားဖြင့်မျှသာ သတ်မှတ်၍​ မရတော့ပေ။ ဥပမာ​ အနေနဲ့ “ မြန်မာ့သမိုင်း မှ လူနည်းစုများကို လေ့လာခြင်း ” စာတမ်း​ တစ်ခုတွင် တွေ့နိုင်သည်။ နိုင်ငံ တည်ဆောက်ရေး လုပ်ငန်း စဉ်တွင် မြန်မာ​ နိုင်ငံတွင်း လူနည်းစုများ၏ အထင်အမြင်သည် ပြောင်းလဲခဲ့သည်။ အုပ်စု​ တစ်ခုက သူ့တို့ကိုယ််သူတို့ နိုင်ငံ​ တစ်ခု အဖြစ် သတ်မှတ်​ လိုက်သောအခါ အခြား​ အုပ်စုများသည် လူ နည်းစုများ ဖြစ်သွားသည်။ ထို့ကြောင့် မိရိုးဖလာ မြန်မာ​ နိုင်ငံတွင် လူနည်းစုများ ရှိနေခဲ့ပြီး ပါဝါ​ အီလစ် (Power Elite) များနှင့် နီးစပ်သော​ သူများက သူတို့​ ကိုယ်သူတို့ အထက်တန်း​ ကျသူများ​ အဖြစ် တွေးထင်​ နေကြပြီး ပါဝါ​ အီလစ်များနဲ့ အလှမ်း​ဝေးသူများကို အဆင့်နိမ့်​ ကျသူ (Inferior) များ​ အဖြစ် တွေးထင်​ နေကြသည်။ လူများစု တည်ဆောက်ခြင်း အတွက် စံနှုန်းများကို လူမျိုးရေး (Race) သို့မဟုတ် တိုင်းရင်းသား​ အုပ်စုကို အခြေပြုခဲ့ခြင်း မဟုတ်ပေ။ သို့သော် ပါဝါ​ ပိုင်ဆိုင်မှုကို အခြေပြုခြင်း​ ဖြစ်သည်။ ထို့ကြောင့် လူနည်းစုများဟာ ပါဝါ​ အားနည်းသော လူများ​ ဖြစ်ကြရသည်။

နောက်တစ်ဖန် ဆင်းရဲခြင်း ကိစ္စနှင့် ပတ်သက်၍လည်း အဲ့ဒါဟာ လုပ်ပိုင်ခွင့်ကိစ္စ တစ်ရပ်​ လည်းဖြစ်သည်။ အခြေခံ ရုပ်ဝတ္ထုပိုင်း​ ဆိုင်ရာ လိုအပ်ချက်​ ကြိုတင်​ ပြင်ဆင်မှုများသည် လူနည်းစု​ အုပ်စုများနှင့် တိုင်းရင်းသားများ အတွက် သူတို့ဟာ နိုင်ငံတော်၏ စစ်မှန်သော အစိတ်အပိုင်း ဖြစ်ကြောင်း ခံစားမိအောင် လုပ်ရာမှာ မဖူလုံ၊ မလုံလောက်ပေ။ ယင်းကြောင့် သူတို့ကို ယုံကြည်မှု ရှိစေရမည်။ သူတို့ဟာ နိုင်ငံ၏ ကံကြမ္မာကို ပုံဖော်ရာမှာ ပါဝင်​ နိုင် လောက်အောင် တက်ကြွသော အခန်း​ ကဏ္ဍတွေ​ ရှိသည်ဟု ယုံကြည်မှု​ ရှိစေရမည်။ ဆင်းရဲမှုဟာ လူ့အဖွဲ့အစည်းတစ်ခု လုံးကို ဂုဏ်သိက္ခာကျစေပြီး လူနည်းစုတွေ၏ မကျေနပ်ချက်များသည် နိုင်ငံတွင်းနှင့် ဒေသတွင်း ငြိမ်းချမ်းရေးကို အကြီးမားဆုံး ခြိမ်းခြောက်မှုများ ဖြစ်သည်။ အာဏာသည် လူနည်းစုသာပါသော လူတစ်စု ၏ လက်တွင်သာ စုပြံုနေသော တိုင်းနိုင်ငံများတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး၊ ခြိမ်းခြောက်မှုများသည် အစဉ်အမြဲ​ ဖြစ်ပေါ်နေမည်။

အလွန် လျှင်မြန်သော စီးပွားရေး​ ပြုပြင်​ ပြောင်းလဲမှုများသည် နိုင်ငံတကာ​ ငြိမ်းချမ်းရေးနှင့်​ ပြည်တွင်းနိုင်ငံရေး တည်ငြိမ်မှု အစီအစဉ်များ အတွင်း၌သာ အောင်မြင်​ နိုင်သည်ဟု အာရှသစ်​ ကော်မရှင် (The Commission for New Asia) မှ ဖော်ပြသည်။ ယင်းတွင် လူမှုတည်ငြိမ်ရေး၊ ပြည်သူ့​ အစီအစဉ် (Public Order) နှင့် အသိပညာ မြှင့်ပြီး ခိုင်မာသော အစိုးရများ​ ရှိကြပြီး လူမှုရေး အဓိကရုဏ်း များနှင့် ကသောင်းကနင်းဖြစ်မှုများ​ မရှိဟု ဆိုထား သည်။

ယင်း​ ဝေဖန် ထောက်ပြချက်များသည် စီးပွားရေး၊ နိုင်ငံရေး နှင့် လူမှုရေးတို့အကြား ပတ်သတ်​ ဆက်နွယ်မှုများကို မီးမောင်းထိုးပြ လိုက်ခြင်း​ ဖြစ်သည်။ သို့သော် လိုလား​ တောင့်တဖွယ်ကောင်းသော ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး နှင့် ပြည်သူ့​ အစီအစဉ်များကိုသာ လုပ်ဆောင်​ ရမည်ဟု အဓိပ္ပါယ်​ ကောက်သွား​ နိုင်သည်။ ယင်းအချက်သည် အန္တ ရာယ်​ တစ်ခု​ ဖြစ်သည်။ ယခုလို​ အဓိပ္ပါယ်ကောက်ခြင်း (Interpretation) သည် ငြိမ်းချမ်းရေးနှင့် လုံခြံုရေး အဓိပ္ပါယ်ကို လွဲသွားစေသည်။ ခိုင်မာသော အစိုးရနှင့်​ အာဏာပိုင်များ၏ အရေးယူ​ ဆောင်ရွက်မှုများကို ထိန်းညှိရန် အတွက်လည်း ယင်း အဓိပ္ပါယ် ဖွင့်ဆိုချက်ကို​ အသုံးချနိုင်သည်။

ပြည်သူအား အခွင့်အရေး ပေးအပ်ခြင်း (Empowering the People)

ရုပ်ဝတ္ထုပိုင်း ဆိုင်ရာ တိုးတက်လာခြင်းသည် လူသားတို့၏ ပျော်ရွင်မှု​ အတွက် အကြောင်းရင်း​ တစ်ရပ်ဖြစ်ပြီး တစ်ခါတစ်ရံ လူသား၏ စိတ် ဝိဉာဉ်ကိုလည်း နာကျင်စေသည်။ ရေရှည်တွင် လူသားတို့ကို ဒုက္ခ​ အကြီးအကျယ်ရောက် စေနိုင်သည်။ ဈေးကွက်​ စီးပွားရေးသည် ဖွံ့ဖြိုးဆဲ​ နိုင်ငံများကို လမ်းပွင့်စေပြီး စီးပွားရေး​ ပြုပြင် ပြောင်းလဲမှုကိုသာ လူသားတို့၏ လိုအပ်ချက် တစ်ခု​ ဖြစ်သည်ဟု အသိအမှတ်ပြုသော ဘောင် တစ်ခုထဲ​ အတွင်း၌ လုပ်ဆောင်စေသည်။

ဈေးကွက်များသည် လူသားတို့​ အပေါ် ဝန်ဆောင်မှုများ​ ပေးသင့်သည်။ လူသားတို့က ဈေးကွက်၏ လက်အောက် ခံဖြစ်​ မနေသင့်ပေဟု ၁၉၉၃ လူသား​ ဖွံ့ဖြိုး​ တိုးတက်မှု​ အစီရင်ခံစာ (The Human Development Report) တွင် ထောက်ပြ​ ထားသည်။ ဆက်လက်ပြီး နိုင်ငံတော်နှင့်​ ဈေးကွက်​ နှစ်ခု စလုံးကို လူတွေကသာ လမ်းညွှန်မှု​ ပေးသင့်သည်ဟု ဆိုထားသည်။ နိုင်ငံနှင့်​ ဈေးကွက်သည် တစ်ခုနှင့်​ တစ်ခု​ ပေါင်းစပ်​ လုပ်နေရမည်။ ယင်း​ နှစ်ခု​ စလုံးကို ထိ ထိရောက်ရောက် ထိန်းချုပ်နိုင်ရန်် လုံလောက်သော အခွင့်အရေးကို လူသားတွေကို ပေးအပ်ထားရမည်။

အခွင့်အာဏာပေးခြင်း (Empowerment) သို့တဖန် ပြန်ရောက်သွားသည်။ ယင်းသည် ယဉ်ကျေးမှုနှင့် ဖွံ့ဖြိုး တိုးတက်မှု ခေါင်းစဉ် အောက်မှာ အကျိုးကျေးဇူး ဘယ်လောက်​ ကျယ်ကျယ် ပြန့်ပြန့်​ ဖြစ်သည်ကို ဆုံးဖြတ်ပေးသည်။ အပြန်​ အလှန်အားဖြင့် စစ်မှန်သော ငြိမ်းချမ်းရေး နှင့် တည်ငြိမ်မှုကို လုပ်နိုင်သော ပါဝင်​ ဆောင်ရွက်နိုင်မှု အတိုင်း​ အတာကိုလည်း ဆုံးဖြတ်​ ပေးလိမ့်မည်။ ဒီမိုကရေစီ ကဲ့သို့သော ပြည်သူကို အခွင့်အရေး ပေးအပ်ဖို့ ရည်ရွယ်သော နိုင်ငံရေး​ စနစ်သည် မရှိမဖြစ် လိုအပ်သည်။ ၎င်းသည် ပြည်သူအတွက် ပြည်သူတွေက လုပ်ဆောင်လိုက်သော ပြည်သူ့ ဖွံ့ဖြိုးတိုးတက်မှု (Development of the People for the People by the People) ဖြစ်သည်။

နိုင်ငံတော်​ အစိုးရတွေဟာ သူ့​ ပြည်သူတွေ အစိုးရ အဖွဲ့မှာ ပိုမို​ ပါဝင်​ ဆောင်ရွက်နိုင်ရန် နှင့် သူတို့၏ ဘဝကို သက်ရောက်မှုရှိသော ဆုံးဖြတ်ချက် များတွင် ပိုမို​ ပါဝင်​ဆောင်ရွက်​ နိုင်မည့်​ နည်းလမ်းသစ်များကို ရှာဖွေပေးရမည်။ အဲ့လို မလုပ်ရင် ဖြစ်စေ၊ အချိန်မီ မလုပ်ဆောင် နိုင်ရင် ဖြစ်စေ၊ မချုပ်တည်း နိုင်တော့သော ပြည်သူတို့၏ အုံကြွခြင်း ဒီရေဟာ မပျော့ပြောင်းသော စနစ်နှင့် မလွဲမသွေ ထိပ်တိုက် တွေ့ကြ လိမ့်မည် ဖြစ်သည်။ အဲ့ဒါဟာ မင်းမဲ့ အခြေအ နေ (Anarchy) နှင့် ကသောင်းကနင်း ဖြစ်မှု (Chaos) ဆီ ဦးတည် သွားလိမ့်မည်။ လျှင်မြန်သော ဒီမိုကရေစီဖော် ဆောင်ရေး နှင့် လူမှု အဖွဲ့အစည်းများ (Civil Society) ကို တောင့်တင်းအောင် ဆောင်ရွက်ခြင်း များဟာ အသင့်တော်ဆုံးသော တုန့်ပြန်မှု ဖြစ်သည်။

ဒီမိုကရေစီအစိုးရတွေ ပထမဆုံး ဖြစ်ထွန်း ပေါ်ပေါက်ခဲ့တဲ့ အနောက် နိုင်ငံတွေမှာ ဆိုရင်လည်း ဒီမိုကရေစီ ဖြစ်ထွန်း ဖို့ အချိန်ကာလ အတော်ကြာအောင် ကြိုးစား ခဲ့ကြ ရတာဘဲလို့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးကို တုန့်ဆိုင်းနေ သော အာဖရိက နှင့် အာရှတိုက် နိုင်ငံများ၏ ဆင်ခြေသည် အခြေအမြစ် မခိုင်လုံပေ။ ဖွံ့ဖြိုး တိုးတက်ရေး ဆိုရာမှာ လူတွေနဲ့ လူမှု အဖွဲ့အစည်းတွေ အတွက် ကြိုတင် သတ်မှတ်ထားသော အဆင့်များ မရှိကြောင်းကို ကမ္ဘာ့သမိုင်း တွေက သက်သေပြနေသည်။ ထို့အပြင် နောက်ပေါက် နိုင်ငံများ (Latecomers) သည် ရှေးဦး နိုင်ငံများ၏ အတွေ့ အကြံုအများကို အသုံးချ နိုင်သည်။ အမှားတွေနှင့် အတားအဆီးများ ရှောင်နိုင်သည်။

“ အမြန်လုပ် အနှေးဖြစ် ” (Making Haste Slowly) သည် တစ်ခါတစ်ရံ တိုးတက်ဖို့ လုပ်ရင်းကနေ နောက်ပြန် ရောက်သွားသည့် သဘာဝကို ဆိုသည်။ သို့သော် တိုးတက်နေတဲ့ နိုင်ငံတွေမှာတော့ နှောင့်နှေးခြင်း (Slowly) ကို အလွန်အမင်း အလေးပေး နေခြင်းသည် ဘေးအန္တရာယ် အတွက် ဆေးညွှန်း တစ်ခု (Recipe) လို ဖြစ်သွားနိုင် သည်။

ဒီမိုကရေစီ အစိုးရ ပုံစံကို လက်ခံကျင့်သုံးနေသော နိုင်ငံများ အတွင်းမှာပင် ဒီမိုကရေစီကို ပုံစံအမျိုးမျိုးဖြင့် ကျင့် သုံးနေကြသည်။ အနောက်တိုင်း ဒီမိုကရေစီ (Western Democracy) ပုံစံ တစ်မျိုးတည်း ရပ်တည် နေခြင်း မဟုတ် သလို အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဆွစ်ဇာလန် ကဲ့သို့ သော လက် တစ်ဆုပ်စာနိုင်ငံများ အတွက်သာ ဒီမိုကရေစီကို ကန့်သတ်​ ပေးထားတာလည်း မဟုတ်ပေ။ ဒီမိုကရေစီသည် အရှေ့​ ဥရောပ (Eastern Europe) သို့ ပျံ့နှံ့လာ သည်နှင့်​ အမျှ အစိုးရ၏ ဒီမိုကရေစီ​ ပုံစံများသည်လည်း ကွဲပြားမှု တိုးလာ​ ကြသည်။ ဒီမိုကရေစီ​ နိုင်ငံ များတွင် သူတို့၏ ကိုယ်ပိုင် စရိုက်​ လက္ခဏာများရှိလာကြသည်။ အလားတူစွာဘဲ အာရှဒီမိုကရေစီ (Asian Democracy) သည်လည်း ပုံစံ​ တစ်ခုတည်း​ မဖြစ်နိုင်ပေ။ နိုင်ငံ​ တစ်ခုချင်း အလိုက် သူတို့၏ လူမှုရေး၊ ယဉ်ကျေးမှု နှင့် စီးပွားရေး လိုအပ်ချက်များနှင့် ကိုက်ညီသော သီးခြား​ လက္ခဏာ​ တစ်ခုကို ဒီမိုကရေစီ​ စနစ်က ဖြစ်ထွန်း စေလိမ့်မည်။ ယင်းသည် စစ်မှန်သော ဒီမိုကရေစီ အခြေခံ​ လိုအပ်ချက် လည်းဖြစ်သည်။ သို့သော် ပြည်သူတို့သည် သူတို့​ တိုင်းပြည်၏ အစိုးရထံတွင် အထူးတလည် ပါဝင်​ နိုင်ရေး အတွက် လုံလောက်သော အခွင့်အာဏာများကို ပြည်သူအား​ ပေးအပ် ထားသင့်သည်။

အပြည်ပြည် ဆိုင်ရာ လူ့ အခွင့်အရေး ကြေညာစာတမ်း (The Universal Declaration of Human Rights) ၏ အပိုဒ် ၃၀ စလုံးသည် ပြည်သူထံ အခွင့်အရေး ပေးအပ်ဖို့သာ ရည်ရွွယ်နေသည်။ ယင်း လူ့ အခွင့်အရေးများ မရှိလျှင် ဒီမိုကရေစီ ဓလေ့ စရိုက်သည်လည်း အခွံချည်းသာ ဖြစ်ပေ လိမ့်မည်။ ထိုအခါ ပြည်သူ လူထု၏ ဆန္ဒကို ထင်ဟပ် စေမည် မဟုတ်ပေ။ အာဏာပိုင်များ၏ ကျူးကျော် ဖေါက်ဖျက်မှု ကိုလည်း ခုခံ နိုင်မည် မဟုတ်ပေ။

ဒီမိုကရေစီ ဖြစ်စဉ်သည် အကြမ်းမဖက်ဘဲ နိုင်ငံရေးနှင့် လူမှုရေး ပြုပြင် ပြောင်းလဲမှုကို ဖော်ဆောင် ပေးသည်။ ဒီမိုကရေစီ၏ လွတ်လပ်စွာ ဆွေးနွေး နိုင်ခြင်း နှင့် ငြင်းခုံခြင်း ဓလေ့သည် လက်နက်ကိုင် ပဋိပက္ခများ လုပ်စရာမလို ဘဲ မတူ ကွဲပြားမှုတွေကို ဖြေရှင်း နိုင်စေသည်။ ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး ယဉ်ကျေးမှုသည် ကွဲပြား ခြားနားမှုမ ရှိစေဘဲ ညီညီ ညွတ်ညွတ်၊ အင်တိုက် အားတိုက် ဆောင်ရွက် လိုစိတ်ကို ဖော်ဆောင်ပေးသည်။ အဲ့ဒါဟာ ငြိမ်းချမ်းရေး ယဉ်ကျေးမှု နှင့် ဖွံ့ဖြိုး တိုးတက်မှု ယဉ်ကျေးမှု တို့ကို ခွဲခြားထား၍ မရကြောင်း သက်သေ ပြခြင်း ဖြစ်သည်။ ဒီမိုကရေစီ နည်းလမ်းများ မှတဆင့် ပြည်သူ လူထုကို အခွင့် အာဏာပေးအပ်ဖို့ ရှာဖွေရမည်။ သို့မှသာ ကုလ သမဂ္ဂနှင့် ၎င်း၏ အဖွဲ့အစည်း အားလုံးသည် ငြိမ်းချမ်းရေး ယဉ်ကျေးမှုနှင့် ဖွံ့ဖြိုး တိုးတက်မှု ယဉ်ကျေးမှု မြှင့်တင် ပေးနိုင်မည် ဖြစ်သည်။

ကမ္ဘာလုံး ဆိုင်ရာ လူ့အသိုင်းအဝိုင်းဆီသို့ (Toward Global Community)

ကျမရဲ့ တင်ပြချက်ကို နိဂုံးချုပ်ပါရစေ။ လူသားတို့၏ ဖွံ့ဖြိုး တိုးတက်မှုသည် စီးပွားရေး ဆိုင်ရာတိုးတက်မှု (Economic Growth) ဖြစ်ရုံနဲ့တင် မပြည့်စုံ နိုင်ပါ။ ၎င်း၏ ဗဟိုချက်မှာ အခွင့် အာဏာ ပေးအပ်ခြင်း နှင့် စိတ်ပိုင်း ဆိုင်ရာ အလို​ ပြည့်​ဝမှု (Inner Fulfillment) တို့ဖြစ်သည်။ အမြင် ကျဉ်းမြောင်းသော အီလစ်များ၊ တရားလက် လွတ်​ ဆန်ဆန်​ ပြုမှု​ ကျင့်ကြံ​ နေကြသော နိုင်ငံရေး​ ဦဆောင်မှုတွေရှိတဲ့ ကမ္ဘာ့ တစ်ခု ရှိနေသည်။ ယင်း​ ကမ္ဘာ​ တစ်ခုတွင် လူသားနှင့် ယဉ်ကျေးမှု​ တန်ဖိုးများ အလွန်​ အရေး​ ပါစေရန် အခွင့်​ အာဏာ​ ပေးအပ်ခြင်း နှင့် စိတ်ပိုင်း ဆိုင်ရာ အလို​ ပြည့်ဝမှု အချက်များက​ သာလျှင် ဖော်ဆောင် ပေးသည်။ နိုင်ငံရေး နှင့် လူမှုရေး အသွင်​ ကူးပြောင်းရေးတွင် ပြည်သူ​ လူထု၏ ပါဝင်​ ဆောင်ရွက်ခြင်းသည် ကျွနု်ပ်တို့​ ခေတ်ကာလ၏ အဓိကကျ သော ကိစ္စ​ တစ်ရပ်​ ဖြစ်သည်။ ထိုမှသာ လွတ်မြောက်ခြင်း (Liberation) သည် ထိန်းချုပ်ခြင်း အထက်က ရှိသော၊ လူသား​ တန်ဖိုး (Human Worth) သည် အာဏာ​ ပါဝါ​ အထက်က​ ရှိနေသော လူ့​ အဖွဲ့အစည်းများ တည်ဆောင်နိုင် မည်ဖြစ်သည်။ ဒီပုံစံ​ အရ​ ဆိုလျှင် ဖွံ့ဖြိုး​ တိုးတက်မှု (Development) သည် စစ်မှန်သော လူ့အခွင့်အရေး များရှိသော ဒီမိုကရေစီကိုသာ လိုအပ်နေသည်။

ဒီမိုကရေစီရလျှင် ယဉ်ကျေးမှုနှင့် ဖွံ့ဖြိုး​ တိုးတက်မှုသည် သူ့​ အလိုလို​ တစ်ပေါင်း​ တစ်စည်းတည်း​ ဖြစ်သွားပြီး ပတ်ဝန်းကျင်​ တစ်ခုကို ဖန်တီး လိုက်သည်။ ယင်း​ ပတ်ဝန်းကျင်တွင် လူသားအားလုံးသည် တန်ဖိုးရှိကြပြီး လူတစ်ဦး တစ်ယောက်ချင်းစီ၏ တန်ဖိုးကိုလည်း နားလည် သွားစေသည်။ ဆင်းရဲမှု​ တိုက်ဖျက်ခြင်းသည်လည်း ဖြစ်စဉ်​ တစ်ခု​ အဖြစ်ပါဝင်​ လာသည်။ ယင်းဖြစ်စဉ်သည် ဆင်းရဲသူများနှင့် သူတို့ ကမ္ဘာ၏ လမ်းစဉ်ကို ပြောင်းလဲ စေသည်။ သူတို့ကို ရုပ်ဝတ္ထုပိုင်း​ ဆိုင်ရာ​ ကူညီ​ ထောက်ပံ့​ ပေးရုံနဲ့ မလုံလောက်ပါ။ သူတို့၏ အနာဂါတ်ကို သူတို့ဘာသာ ပုံဖော်​ နိုင်တဲ့ အသိ​ စိတ်ဓါတ် ရှိသွား​ စေရမည်။ တစ်ပါတီ​ အာဏာရှင်​ စနစ်​ ကျင့်သုံးနေတဲ့​ အစိုးရများ (Totalitarian) အများစုကတော့ ပြောင်းလဲမှုကို ကြောက်ရွံ့​ နေမှာဘဲ။ တစ်ပါတီ အာဏာရှင်များ​ အနေနှင့် စစ်မှန်သော ဒီမိုကရေစီ ဖော်ဆောင်ရေးကို တုန့်ဆိုင်း​ နေသည်နှင့်​ အမျှ သူတို့၏ အပြုသဘော ဆောင်ရွက်ချက်များ သည်ပင်လျှင် အလာဟသ ပျက်ယွင်း​ သွားနိုင်သည်။ နိုင်ငံ့ ပေါ်လစီ အောင်မြင်ခြင်းသည် ပြည်သူတို့၏ ပါဝင်​ ဆောင်ရွက်လိုတဲ့ စိတ်ဆန္ဒ အပေါ်တွင်သာ မူတည်သည်။ ဒီမိုကရေစီ​ တန်ဖိုးနှင့် လူ့အခွင့်အရေး များသည် အမျိုးသား​ ယဉ်ကျေးမှုကို ဆန့်ကျင်​ နေသည်ဟု ပြောဆို​ နေသည်များလည်း​ ရှိသည်။ လူများက​ လည်း အစိုးရ အတွက် “ မသင့်တော်ပေဘူး ” ဟု ထင်မြင်​ လာအောင်​ လုပ်နေသည်များ​ လည်းရှိသည်။ အမှန်တရားနှင့်​ အလွန်​ ဝေးကွာနေသော အရာ မရှိပါ။ ယခု ကျမတို့​ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုကတော့ ကမ္ဘာပေါ်ရှိ မတူ​ ကွဲပြားနေကြတဲ့ နိုင်ငံများ၊ ပြည်သူများက လူ့​ တန်ဖိုး၏ အခြေခံ ကျသော အချက် တစ်ခု အပေါ် သဘော​ တူညီရေးဘဲ​ ဖြစ်ပါတယ်။ ယင်း​ အချက်သည်သာ ကမ္ဘာလုံး ဆိုင်ရာ​ လူ့​ အသိုင်း​ အဝိုင်း၏ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အင်အား​ တစ်ရပ် (A Force) အဖြစ် လုပ်ဆောင်​ နိုင်မည် ဖြစ်သည်။

စစ်မှန်သော စီးပွားရေး အသွင်​ ကူးပြောင်းရေး​ ဆိုသည်မှာလည်း နိုင်ငံတကာ​ ငြိမ်းချမ်းရေးနှင့် ပြည်တွင်း​ နိုင်ငံရေး တည်ငြိမ်မှု​ ဖြစ်စဉ်များ မှသာ​ ဖြစ်လာနိုင်သည်။ လျှင်မြန်သော ဒီမိုကရေစီ ဖော်ဆောင်ရေးနှင့် လူမှု အဖွဲ့အစည်းများ အားကောင်းအောင် ဆောင်ရွက်ခြင်း သည်သာ ဖွံ့ဖြိုး တိုးတက်မှု အတွက် မရှိမဖြစ် အရာ (sine qua non) ဖြစ် သည်။ သို့မှသာလျှင် လူသားတွေကို တန်ဖိုးထားသော အနာဂါတ် တစ်ခုကို မြင်တွေ့နိုင်မည် ဖြစ်သည်။ ကုလသမဂ္ဂ (United Nations) နှင့် ၎င်း၏​ အဖွဲ့အစည်းများသည် ဖွံ့ဖြိုး​ တိုးတက်မှုကို ကူညီပေးဖို့ ဆန္ဒ​ ရှိတယ် ဆိုရင် ပြည်သူကို အခွင့်​ အာဏာ​ အပ်နှင်း​ နိုင်သော လှုပ်ရှားမှုများကို အားပေး​ ထောက်ပံ့​ သွားရမည်​ ဖြစ်သည်။ ယင်းလှုပ်ရှားမှု များသာလျှင် ဒီမိုကရေစီကို တည်ထောင်​ နိုင်မှာ​ ဖြစ်ပြီး ငြိမ်းချမ်းရေးနှင့်​ ဖွ့ံဖြိုး​ တိုးတက်မှု​ ယဉ်ကျေးမှု​ တစ်ခုကို တနေ့သော အခါတွင် မလွဲမသွေ ဖော်ဆောင်​ နိုင်မည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်

အောင်ဆန်းစုကြည် သည် ၁၉၉၁ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဖြစ်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ခေါင်းဆောင် တစ်ဦးလည်း ဖြစ်သည်။ ၁၉၈၉ ဇူလိုင်လ မှစ၍ မြန်မာ စစ်အာဏာ ရှင်များ၏ နေအိမ် အကျယ်ချုပ်​ ချထား ခြင်းကို ခံနေရပြီး ဒီဟောပြောချက် မိန့်ခွန်းကို ၁၉၉၄ နိုဝင်ဘာ ၂၀ ရက်နေ့တွင် ဖိလစ်ပိုင်​ နိုင်ငံ မနီလာမြို့၌ ကျင်းပခဲ့သော ယဉ်ကျေးမှု နှင့် ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ ကမ္ဘာ့ ကော်မတီရှင် (The World Commission on Culture and Development) အစည်းအ​ဝေး အတွက် “ Empowerment for a Culture of Peace and Democracy ” ခေါင်းစဉ်ဖြင့် ရေးသားခဲ့ခြင်းဖြစ်သည်။ စာရေးသူ၏ မေတ္တာ​ ရပ်ခံချက်​ အရ သူမကိုယ်စား ဖိလစ်ပိုင်​ သမ္မတဟောင်း ကိုရာဇန် အကွီနို (Corazon Aquino) က ဖတ်ကြား​ ခဲ့ခြင်းဖြစ်သည်။

အမေစု မျှော်မှန်းသော ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး မြန်မာနိုင်ငံတွင် အမြန်ဆုံး ပေါ်ပေါက် ပါစေ။

ဘာ​သာ​ပြန်​။​​ ​ ​ ​ ​။​ ဘလော့ဂ္ဂါ အလင်းဆက်

http://alinsek.blogspot.com

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့် (Amnesty International) အဖွဲ့​ မလေးရှား​ဌာ​န​ခွဲ​က ပြုလုပ်ကျင်းပသော မြန်​မာ့​​ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်မြောက် မွေးနေ့မင်္ဂလာပွဲတွင် ဖြန့်ဝေသည့်​ National Endowment for Democracy​ ​နှင့်​ the Johns Hopkins University Press​ ​မှ​ ​ထုတ်​ဝေ​သော​ Journal of Democracy 6.2 (1995) 11-19​ ​တွင်​ပါ​ရှိ​သည့်​​ ဒေါ်အောင်ဆန်းစုကြည်၏​ Freedom, Development, and Human Worth​ ​အား​​ ဘလော့ဂ္ဂါ အလင်းဆက်မှ ကြိုးစားပြီး ဆီလျှော်အောင် ဘာသာပြန် တင်​ဆက်​ပေး​​ခြင်း​သာ​ ​ဖြစ်​ပြီး​​၊​ အမှားအယွင်း​ ​ချွတ်​ချော်​မှု​များ​ရှိခဲ့​ပါက ဘာသာပြန်သူ​ ကျွန်တော်၏ ည့ံဖျင်းမှုကြောင့်သာ ဖြစ်ကြောင်း ကြို​တင်ဝန်ခံအပ်​ပါ​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here