မြန်မာစစ်အစိုးရ​ ရွေးကောက်ပွဲ လွတ်လပ်​ တရားမျှတမှု​ ရှိရန် အာဆီယံ​ နိုင်ငံခြားရေး​ ဝန်ကြီးများ​ တောင်းဆို

alt

အရှေ့တောင်​ အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)​ မှ နိုင်ငံခြားရေး ဝန်ကြီးများက မြန်မာ​ စစ်အစိုးရ ကျင်းပ​ ပေးမည့် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှု ရှိစေ​ လိုကြောင်း တိုက်တွန်း​ တောင်းဆို​ လိုက်ကြသည်။

အာဆီယံ ၁၀ နိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီးများ၏ နှစ်ပတ်လည် အစည်းအဝေးကို ဇူလိုင်လ ၂၀ ရက်နေ့က ဗီယက်နမ်​ မြို့တော် ဟနွိုင်းတွင် ကျင်းပခဲ့ရာ မြန်မာ့​ နိုင်ငံခြားရေး ဝန်ကြီးအား အာဆီယံ နိုင်ငံအသီးသီးမှ ဝန်ကြီးများက ယခုလို တိုက်တွန်း​ ခဲ့ခြင်း​ ဖြစ်သည်။ မြန်မာ​ အစိုးရသည် ရွေးကောက်ပွဲကို ယခု​ နှစ်​ အတွင်း ကျင်းပ​ မည်ဟု ကြေညာ​ ထားသော်လည်း အတည်ပြု ရက်စွဲ မသတ်မှတ်​ ပေးသေးချေ။ အာဆီယံ ဝန်ကြီးများက ရွေးကောက်ပွဲသည် လွတ်လပ်ပြီး၊ တရားမျှတသော၊ နိုင်ငံရေး အဖွဲ့အစည်းစုံ ပါဝင်သော အခြေအနေ ရှိစေ​ လိုကြောင်း တိုက်တွန်း​ ခဲ့ကြသည်။ အာဆီယံ အထွေထွေ အတွင်းရေးမှူး ဆူရင်ပစ်​ ဆူဝမ်က မြန်မာ​ နိုင်ငံ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး အဖွဲ့ဝင် နိုင်ငံများကြား စိုးရိမ်မှုများ ရှိနေသည်မှာ ထင်ရှားကြောင်း သတင်းထောက်များအား ပြောကြား​ သွားသည်။ မြန်မာ​ နိုင်ငံသည် နှစ်ပေါင်း ၂ဝ ကျော် ကာလ​ အတွင်း ပထမဆုံး​ အကြိမ် ရွေးကောက်ပွဲကို ကျင်းပ​ မည်​ ဖြစ်သော်လည်း မဲ​ ပေး​ ရမည့်နေ့ကို ယခုတိုင် ပြည်သူ​ လူထုထံ အသိ​ မပေးသေးချေ။ မြန်မာ နိုင်ငံခြားရေး​ ဝန်ကြီး ဦးဉာဏ်ဝင်းမှာလည်း စစ်​ အစိုးရ သဘောထားအတိုင်း ထိုနေ့စွဲကို အာဆီယံ​ ညီလာခံတွင် ထုတ်ဖော်​ ကြေညာခြင်း မရှိဘဲ နှုတ်ဆိတ်​ နေဆဲဖြစ်သည်။ မြန်မာ့​ ရွေးကောက်ပွဲသည် ဒီမိုကရေစီ​ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့် မရခြင်းကြောင့် တရားမျှတမှု မရှိကြောင်း ဝေဖန်မှုများ ထွက်ပေါ်​ နေပြီး စစ်​ အစိုးရကမူ ဒေါ်အောင်ဆန်းစုကြည်အား ဆက်လက်​ ချုပ်နှောင်​ ထားဆဲ​ ဖြစ်သည်။

ဩစတြေးလျနိုင်ငံ၊ ကင်ဘာရာ တက္ကသိုလ်မှ မြန်မာ့အရေး လေ့လာသူ ထရီဗာဝီဆင်က မြန်မာ​ ​စစ်​ အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေး အကျဥ်းသား​ အဖြစ် ဆက်လက်​ ချုပ်နှောင်ထားမှုကို မဟန့်တားနိုင်ခြင်းသည်ပင်လျင် အာဆီယံ​ အတွက် မျက်နှာ​ ပျက်စရာ ဖြစ်နေကြောင်း သုံးသပ်​ ခဲ့သည်။ ဇူလိုင်လ ၁၉ ရက်နေ့က ထိုင်း​ နိုင်ငံခြားရေး​ ဝန်ကြီး ကာဆစ်ပီရိုမြာက မြန်မာ​ နိုင်ငံသည် နျူကလီးယား လက်နက်​ စွမ်းအင်​ အပေါ် စိတ်ဝင်စား​ နေသည်ဆိုသည့် သတင်းများအား စိုးရိမ်ကြောင်း ဝန်ခံ​ ပြောကြား​ ခဲ့သေးသည်။ အဆိုပါ သတင်းများ ထွက်ပေါ်​ နေခြင်းကို စစ်​ အစိုးရကမူ အစဥ်တစိုက် ငြင်းဆို​ ထားကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here