သမိုင်းနှင့် သမိုင်း

ဆောင်းပါး သရုပ်ဖေါ် © သိန်း​လှိုင်​ (​လှိုင်း​ဘွဲ)

သမိုင်းမှတ်တမ်းများကို ရေးသားရာတွင် “ညာ” ၍သော်​ လည်းကောင်း၊ “ညှာ” ၍သော် လည်းကောင်း၊

“ကြွား” ၍သော်​ လည်းကောင်း မရေးသားကြရန် ကွယ်လွန်သူ သမိုင်းပညာရှင်​ ဆရာကြီး ဒေါက်တာ သန်းထွန်းက မှာကြားခဲ့ဖူးပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ …

ကျဆုံးလေသူ လွတ်လပ်ရေးနှင့် အမျိုးသားခေါင်းဆောင်ကြီး​ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ပြီးပြည့်စုံသော စာအုပ် ဟူ၍​ ယနေ့အချိန်အထိ တစ်အုပ်မှ မရှိခြင်းသည် ပြည်ထောင်စုမြန်မာ​ နိုင်ငံ၏ သမိုင်းစာမျက်နှာများအနက် မှတ်တမ်းတင်မှု ဆိုးဝါးည့ံဖျင်းမှုကို မီးမောင်းထိုးပြလျက် ရှိပါတယ်။

ဥပမာ …

ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်ရံတော်အဖြစ် တာဝန် ထမ်းဆောင်ဖူးသော ကွယ်လွန်သူ ဗိုလ်ထွန်းလှ (ခ) စာရေးဆရာ တက္ကသိုလ်​ နေဝင်း ရေးသားသော ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပက်သက်သည့်​ စာအုပ်များတွေမှာ ဗိုလ်ချုပ်အောင်ဆန်းနှင့်​​ ဒေါ်ခင်ကြည်တို့တွင်​ သားသမီး လေးဦး ထွန်းကားခဲ့ပါတယ်။ ရေနစ်ပြီး သေဆုံးခဲ့သော​ အောင်ဆန်းလင်း အပြင် မွေးဖွားခါစ ရက်ပိုင်းအတွင်း သေဆုံးခဲ့သော ကလေးငယ် တစ်ဦး ရှိခဲ့ဖူးပါတယ်။

လွန်ခဲ့သော နှစ်အနည်းငယ်လောက်က အင်တာနက်​ စာမျက်နှာ တစ်ခုပေါ်မှာ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးချိန်အထိ​ အောင်ဆန်းလင်း မကွယ်လွန်သေးဘူးလို့ ဖတ်လိုက် ရပါတယ်။​ အဲဒီလို ရေးသားခြင်းဟာ သမိုင်း မှတ်တမ်းတွေ ဘယ်လောက်တောင် အန္တရာယ် ကျရောက်နေပါသလဲ ….။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပက်သက်ပြီး သူ အသက်ရှင်နေထိုင်​ ခဲ့တဲ့ နေ့စွဲအလိုက် ဖြစ်စေ၊ အပတ်စဉ်လိုက် ဖြစ်စေ၊ လ’အလိုက်​ ဖြစ်စေ မှတ်တမ်း တင်နိုင်မှု၊ မှတ်တမ်း တင်ထားမှုဟာ အားရဖွယ်​ မရှိပါဘူး။ ရန်ကုန် တက္ကသိုလ် ကျောင်းသား သမဂ္ဂ၊ ဗ.က.သ​ ခေါင်းဆောင်ဘဝ အသေးစိတ် မှတ်တမ်းတွေ လိုအပ်ပါတယ်။​ အဲဒီကနေ တို့ဗမာအစည်းအရုံးထဲကို ဗိုလ်ချုပ်အောင်ဆန်း​ ရောက်သွားပါတယ်။ ကျောင်းသား ခေါင်းဆောင်ဟောင်း​ သခင်အောင်ဆန်းသည် တို့ဗမာအစည်းအရုံး၏ ဒုတိယ မျိုးဆက်လား တတိယ မျိုးဆက်လား … တို့ဗမာ အစည်းအရုံး အကွဲအပြဲ​ နောက်ပိုင်းမှာ ဦးဆောင်ခဲ့တဲ့ မျိုးဆက်လား … ယနေ့အထိ​ သမိုင်းမှတ်တမ်းများက အဖြေ မပေးသေးပါ။

သမိုင်း မှတ်တမ်းတွေ စီးဆင်းခဲ့တဲ့ ကာလမှာ လူဦးရေ၊ ပညာ​ တတ်မြောက်မှု ရာခိုင်နှုန်း၊ မြို့ပေါ်နေ လူ့အဖွဲ့အစည်းများ၊ ဥပမာ … ၁၉၃၀ ခုနှစ် ကုလား- ဗမာ အဓိကရုဏ်းကာလ ရန်ကုန်မြို့​ မှာ ဗမာနဲ့ တိုင်းရင်းသား အရေအတွက်ဟာ အနည်းစု ဆိုတဲ့​ သမိုင်းဆိုင်ရာ အထောက်အကူပြု မှတ်တမ်းတွေ ပါ လိုအပ်​ ပါတယ်။

ပြည်ထောင်စု မြန်မာနိုင်ငံတစ်ခုလုံး တိုင်းတပါး ဩဇာအာဏာ​ အောက်ကနေ လွတ်မြောက်ရေးအတွက် တို့ဗမာအစည်းအရုံး​ က ဒုတိယကမ္ဘာစစ်နဲ့အတူ လက်နက်ကိုင် တော်လှန်ရေးကို​ ဆင်နွဲဖို့ သဘောတူခဲ့ကြပါတယ်။ နာမည်ကျော် ရဲဘော်သုံးကျိပ်​ ဖြစ်ပေါ်လာခဲ့တဲ့ သမိုင်းပါ။ မှတ်တမ်း တော်တော်များများမှာ​ ကွဲနေတဲ့ တို့ဗမာအစည်းအရုံး နှစ်အုပ်စုက လူငယ်တွေ ပါဝင်​ ကြတယ်ပဲ ရေးကြပါတယ်။ ဗမာ့ ထွက်ရပ်ဂိုဏ်းရဲ့ အခန်းကဏ္ဍ၊​ ဒေါက်တာ ဘမော်အဖွဲ့မှ လူငယ်တချို့တောင် လွတ်ဖို့ အစီ​အစဉ်တွေ လုပ်ခဲ့တယ် ဆိုသော မှတ်တမ်းများဟာ တဖြေးဖြေး​ မှုံဝါး ပျောက်ကွယ် ကုန်ပါပြီ။

ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ဗမာ့လွတ်လပ်ရေး တပ်မတော်​ (B.I.A) က သထုံခရိုင်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းက ရွာသူကြီးကို​ သေဒဏ်ပေးခဲ့ပါတယ်။ အဲဒီဖြစ်စဉ်ရဲ့ နောက်ဆက်တွဲ တစ်ခုအနေ​ နဲ့ နောင်အခါမှာ ရဲဘော်သုံးကျိပ်ဝင် သခင်ထွန်းအုပ်က ဗိုလ်ချုပ်​ အောင်ဆန်းကို လူသတ်မှုနဲ့ တရားစွဲဖို့ စီစဉ်ခဲ့ပါတယ်။ အဲဒီ​ မှတ်တမ်းကို သမိုင်းဆရာတွေ သမိုင်းရေးတဲ့အခါ ခုန်ပျံကျော်လွှားပြီး ရေးသားလေ့ ရှိပါတယ်။

အလားတူ ၁၉၄၅ ခုနှစ် အတွင်း ဂျပန်တော်လှန်ရေးအတွက်​ လျှို့ဝှက်ဆွေးနွေးပွဲတစ်ခုတွင် မတော်တဆ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ သခင်တင်မြ အကျင်္ီအိတ်အတွင်းမှာ ပြုတ်ကျခဲ့သော သေနတ်ဟာ ကျည်ဆံထွက်သွားပြီး အစည်းအဝေးပွဲ​ ရောက်နေတဲ့ ဗိုလ်ချုပ်အောင်ဆန်းတစ်ယောက် အသက်​ အန္တရာယ်မှ သီသီလေး လွတ်မြောက်ခဲ့ပါတယ်။ အလားတူ​ ဂျပန်ဆန့်ကျင်ရေး ခရီးစဉ်တစ်ခု၌ ဧရာဝတီတိုင်းအတွင်း​ ဗိုလ်ချုပ်အောင်ဆန်း ရေနစ်ခဲ့ဖူးကြောင်း တိုးတက်ရေး​ သခင်အုန်းမြင့်၏ မှတ်တမ်းများထဲတွင် ဖတ်ရူရပါတယ်။

ဒုတိယ ကမ္ဘာစစ်ပြီးကာလ ဖ.ဆ.ပ.လ ခေါင်းဆောင်ဖြစ်တဲ့​ ဗိုလ်ချုပ်အောင်ဆန်းက ကွန်မြူနစ်ပါတီကို ဖ.ဆ.ပ.လ အဖွဲ့က​ ထုတ်ပယ်ခဲ့တဲ့ ဖြစ်စဉ်ပါ။ ဒီဖြစ်စဉ်ဟာ မြန်မာ့နိုင်ငံရေးသမိုင်းကို​ တော်တော် ရိုက်ခတ်ခဲ့တဲ့ ဖြစ်စဉ်တစ်ခုပါ။ ယနေ့အထိလည်း​ သမိုင်းမှတ်တမ်းသမားတွေ ရူဒေါင့်မျိုးစုံကနေ အယူအဆ မျိုးစုံ​ နဲ့ ရေးနေကြဆဲပါ။ အဲဒီခေတ်က ရန်ကုန် အတွင်းဝန်ရုံကို ဆန္ဒပြခဲ့တဲ့ အလံနီ ကွန်မြူနစ်တွေက ဗိုလ်ချုပ်အောင်ဆန်းကို မြန်မာပြည်ရဲ့ ချန်ကေရှိတ်လို့ စွပ်စွဲခဲ့ဖူးပါတယ်။

ပြည်ထောင်စု မြန်မာနိုင်ငံ၏ လွတ်လပ်ရေး ဗိသုကာ၊ အမျိုးသားခေါင်းဆောင်ကြီး၊ အရှေ့တောင်အရှ ဒေသအတွင်း ထင်ရှားခဲ့သော လွတ်လပ်ရေးခေါင်းဆောင်၊ အပြည်ပြည်ဆိုင်ရာ မှတ်တမ်းရေးရာများ၌ ထာဝရ မှတ်တမ်းဝင်နေဆဲ မြန်မာပြည် ခေါင်းဆောင်၊​ ဦးအောင်ဆန်း ခေါ် ဗိုလ်ချုပ်အောင်ဆန်းအတွက် ယနေ့အချိန်​ အထိ ပြီးပြည့်စုံသော တစ်ခုတည်းသော သမိုင်းမှတ်တမ်း မရှိ​ သေးပါ။ သူ ကျဆုံးခဲ့တာ (၆၃) နှစ် ပြည့်ပါတော့မယ်၊ သူ မွေးဖွားခဲ့တာ သက္ကရာဇ် ၂၀၁၅ ခုနှစ်ဆိုရင် နှစ် (၁၀၀) ပြည့်မြောက်​ ပါတော့မယ်။

ရာဇဝင်ထဲက သံပုံချိုင့် …

လာမည့် ၂၀၁၀ ခုနှစ် ဇူလိုင်လ (၁၉)ရက်နေ့ဆိုရင် ပြည်ထောင်စု​ မြန်မာနိုင်ငံ၏ အာဇာနည်နေ့သည် (၆၃) ကြိမ်ပင် တိုင်ခဲ့ပါပြီ။​ ရန်ကုန်၊ ဗဟန်းမြို့နယ်ရှိ အာဇာနည်ကုန်းကို လွန်ခဲ့သော (၆၃) နှစ်​ ခန့်က သံပုံချိုင့်ဟု ခေါ်တွင်ပါတယ်။

ပြည်ထောင်စု မြန်မာနိုင်ငံ၏ လွတ်လပ်ရေးအတွက် ဦးဆောင်​ ကြိုးပမ်းသူ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း​ အပါအဝင် ထိပ်တန်းနိုင်င့ံခေါင်းဆောင်များ လုပ်ကြံ သတ်ဖြတ်ခြင်း​ ခံရသော အခါ ယင်းတို့၏ ကျန်ရစ်သော ခန္ဓာကိုယ်များအား​ ဂူသွင်း မြုပ်နှံရန် နေရာရှာဖွေခဲ့ကြပါတယ်။ ထိုအခါ ရွှေတိဂုံစေတီ​ ၏ မြောက်ဘက်အရပ်၌ ရှိသော “သံပုံချိုင့်” ခေါ် ဆင်းရဲသားများ စုပြံုနေထိုင်ရာ ရပ်ကွက်တစ်ခုကို အာဏာပိုင်များက​ သဘောကျခဲ့ပါတယ်။

ယင်း သံပုံချိုင့် ရပ်ကွက်အတွင်း နေထိုင်သော ဆင်းရဲသားများအား ကွယ်လွန်သူ ဂျာနယ်ကျော် ဦးချစ်မောင် အထိန်းအမှတ်​ ဖြစ်သည့် ဗဟန်းမြို့နယ် ဦးချစ်မောင်လမ်းပေါ်တွင် ပြန်လည်​ နေရာပေးရန် စီစဉ်ခဲ့ပါတယ်။ ယနေ့ခေတ်အခေါ် ဗဟန်းမြို့နယ်​ ဆရာစံတောင်၊ အရှေ့မြောက်နှင့် အနောက်မြောက် ရပ်ကွက်တို့သည် ယခင် သံပုံချိုင့်မှ ပြောင်းရွေ့ခဲ့သော ဂွတ္တလစ် (၃)ရပ်ကွက် ဖြစ်သည်။

စစ်ငြိမ်းဒီရေ

http://pyustate.com

LEAVE A REPLY

Please enter your comment!
Please enter your name here