အပြစ်ပေး​ အရေးယူထိုက်ပါလျှက်နှင့် အပြစ်ပေး အရေးယူခံရမှုမှ ကင်းလွတ်ခွင့်​ ရနေမှုများကို စိမ်ခေါ်ခြင်း

ဆောင်းပါး သရုပ်ဖေါ် © မင်း​ကျော်

ကုလ သမဂ္ဂဆိုင်ရာ မြန်မာ့ လူ့အခွင့်အရေး အခြေအနေ အထူး စုံစမ်း စစ်ဆေးရေးမှုး “သောမတ္စ် အိုဂျီယာ ကွန်တာနား” က

အာဏာရ မြန်မာ စစ် အစိုးရက စစ် ရာဇဝတ်မှုများနှင့် လူသား မျိုးနွယ် အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ ကျူးလွန်ကောင်း ကျူးလွန်လျှက် ရှိနေပြီ ဖြစ်၍ ဤအပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုများ ကျူးလွန်မှုများ အတွက် မြန်မာ စစ်အစိုးရကို စုံစမ်း စစ်ဆေးမှုများပြုလုပ်သင့်ပြီဟု လွန်ခဲ့သောလက ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ကြီးသို့ ပြောဆို တင်ပြ ခဲ့မှုကို ကျွန်တော် သဘောတူ ထောက်ခံပါသည်။

လွန်ခဲ့သော သုံးနှစ်ကစပြီီး မြန်မာ နိုင်ငံတွင်း ဖြစ်ပေါ်ခဲ့သော လူသား အချင်းချင်း စာနာမှုဆိုင်ရာနှင့် လူ့အခွင့် အရေးချိုးဖေါက်မှုဆိုင်ရာ အကြပ်အတည်းကြီးများက ကမ္ဘာ့ အာရုံစိုက်မှုကို မကြံုဘူးအောင် ခံခဲ့ရပါသည်။ ယခုအခါ မြန်မာ့ စစ်​ အာဏာရှင် သန်းရွှေက ကမ္ဘာ့​ လူသားထုကြီးသည် မှတ်ဉာဏ် သိပ်ကောင်းလိမ့်မည် မဟုတ်ဟု မျှော်လင့် နေပုံရပြီး၊ သူတို့၏ အာဏာရှင်​ အုပ်ချုပ်မှု​ ဘီလူးရုပ်ကို တရားဝင်မှု မင်းသား​ ခေါင်းစွပ်ပေးရန် ယခုနှစ် အတွင်း ရွေးကောက်ပွဲဆိုသည့် ကုလားနားသပ်မှုကိုပြုလုပ်ဖို့ ကြံစည်နေပါသည်။

၂​၀၀၇ခုနှစ်၊ စက််တင်ဘာလက ဗုဒ္ဓ​ သာသနာဝင်​ သံဃာတော်များ​ ဦးဆောင်သည့် သတ္တိ​ သွေးကောင်းလှသည့် ဆန္ဒပြ​ တောင်းဆိုမှုများနှင့် ယင်းဆန္ဒပြတောင်းဆိုမှုများကို ဖြိုခွင်းရာတွင် ဂျပန်ဓါတ်ပုံသတင်းထောက် နာဂါးအိ ခန်ဂျီ အသတ်ခံရမှု အပါအဝင် စစ်​ အစိုးရ၏ ကြောက်မက်ဖွယ် ဖိနှိပ်ဖြိုခွင်းခဲ့မှုက စစ်အစိုး၏ ရက်စက် ယုတ်မာမှုများကို မည်သည့်​ အခါနှင့်မှ မတူအောင် လစ်ဟ ပြသ​ လိုက်သလို ဖြစ်ခဲ့ပါသည်။

နောက်(၈)လ အကြာတွင် နာရဂစ် ဆိုင်ကလုံး မုန်တိုင်းကြီးမွှေနှောက်ခဲ့မှုကြောင့် လူပေါင်းများစွာ သေကြေလျှက်၊ အလွန်ကြီးမားသော ပျက်ဆီးဆုံးရှုံးမှုများနှင့် ကြံုတွေ့နေရစဉ် အပြည်ပြည်ဆိုင်ရာ အထောက်အကူပေးအဖွဲ့အစည်းများ ဝင်ရောက်​ ကူညီမှုကို ကနဦး ငြင်းပယ် ခဲ့ခြင်းကလည်း စစ်အစိုးရတွင် လူစိတ်ကင်းမဲ့နေမှုကို သက်သေထူပြလို ဖြစ်ခဲ့ပါသည်။

လူမျိုးစုများနေထိုင်ရာ ဒေသများ၊ အထူးသဖြင့် မြန်မာနိုင်ငံအရှေ့ပိုင်း ဒေသများတွင် အရပ်သားများအပေါ် စစ်ရေးအရ ဆက်လက်​ တိုက်ခိုက်နေမှုများ၊ အရေးပါသော တိုင်းရင်းသားခေါင်းဆောင် အနည်းဆုံး တစ်ဦးအား လုပ်ကြံသတ်ဖြတ်ခဲ့မှုအပြင် အခြားသူများအား သတ်ဖြတ်ရန်​ ကြိုးပမ်းခဲ့မှုနှင့် ချင်းပြည်နယ်​ အတွင်း ဖြစ်ပေါ် ခဲ့သော အငတ်ဘေးဆိုးကြီးအား နှလုံးသား​ ကင်းမဲ့စွာ ဥပေက္ခာပြုခဲ့မှုများ အားလုံးက စစ်​ အစိုးရတွင် တိုင်းရင်းသားလူမျိုးစုများအား မျိုးဖြုတ်သုတ်သင်မှုပြုရေး အစီအစဉ်​ ရှိနေကြောင်း ပြသလျှက်ရှိပါသည်။ စစ်အစိုးရက ယခုနှစ်အတွင်း ရွေးကောက်ပွဲများ ကျင်းပရန်​ ပြင်ဆင်နေပြီမို့၊ ကမ္ဘာကြီးက အဆိုပါ လွန်ခဲ့သော (၃)နှစ်က နောက်ခံ အဖြစ်အပျက်များကို ပြန်လည်သတိရနေဖို့ လိုအပ်ပါသည်။

ယမန်နှစ်က “မြန်မာနိုင်ငံ အတွင်းက ရာဇဝတ်​ ပြစ်မှုများ” ဆိုသည့် ခေါင်းစဉ်ဖြင့် စာတမ်း​ တစ်ဆောင်ကို ဟာဗတ်​ ဥပဒေ တက္ကသိုလ်ကြီးက ထုတ်ပြန်ခဲ့ပါသည်။ တရားသူကြီး ပက်ထရီရှာ ဝဲလ်ဒ် (အမေရိကန်ပြည်ထောင်စု)၊ ဂန်ဇိုရစ်ဂ် ဂွန်ဘိုစူရင် (မွန်ဂိုးလီယား)၊ ဆာ ဂျက်ဖရီ နိုင်စ် QC (အင်္ဂလန်)၊ တရားသူကြီး ရစ်ချတ် ဂိုးလ်စတုံး (တောင်အာဖရိက)နှင့် တရားသူကြီး ပီထရို နစ်ကင်​ (ဗင်နီဇွဲလား)​ တို့ကဲ့သို့ ကမ္ဘာ့ ဦးဆောင် ဥပဒေ​ ပညာရှင်များက တာဝန်ယူ ရေးသားခဲ့သော အဆိုပါ​ စာတမ်းက မြန်မာ​ စစ်​ အစိုးရက ကျူးလွန်​ ချိုးဖေါက်နေသော လူ့အခွင့်အရေး ချိုးဖေါက်မှုများသည် စစ်​ ရာဇဝတ်မှုနှင့် လူသားမျိုးနွယ် အပေါ် ကျုးလွန်သော ရာဇဝတ်မှု အရာမြောက်​ နေပြီလို့ သုံးသပ်​ ထားပြီ ကုလ​ သမဂ္ဂအဖွဲ့ကြီးက စုံစမ်းစစ်ဆေး သင့်သည်ဟု အကြံပြု​ ထားသည်ပါသည်။ ကုလ​ သမဂ္ဂဆိုင်ရာ မြန်မာ့ လူ့အခွင့်အရေး အခြေအနေ အထူး​ စုံစမ်း​ စစ်ဆေးရေးမှုးဟောင်း​ (၁၉၉၂​ ခုနှစ်မှ ၁၉၉၆​ ခုနှစ်​ အထိ)​ တစ်ဦး အနေဖြင့် ကျွန်တော် သဘောတူ ထောက်ခံပါသည်။

ကုလ​ သမဂ္ဂဆိုင်ရာ မြန်မာ့​ လူ့အခွင့်အရေး အခြေအနေ အထူး​ စုံစမ်း​ စစ်ဆေးရေးမှုး​ အဖြစ် ကျွန်တော် တာဝန်ထမ်းစဉ်က မြန်မာ​ နိုင်ငံတွင် အတင်းအဓမ္မ လုပ်အား​ပေးစေ​ ခိုင်းမှုများ၊ အရွယ်​ မရောက်သေးသော ကလေးများကို အတင်းအဓမ္မ စစ်သား​ အဖြစ် စုဆောင်းနေမှုများ၊ ညဉ်ပမ်း​ နှိပ်စက်မှုများနှင့် အဓမ္မပြုကျင့်မှုများကို စစ်​ပြု​ လက်နက်​ သဖွယ် အသုံးပြု​ နေမှုများသည် ကျယ်ကျယ်​ ပြန့်ပြန့်နှင့် လုပ်ရိုး​ လုပ်စဉ် စနစ်​ တစ်ရပ်​ အဖြစ် အမြဲမပြတ် ကျူးလွန်​ နေကြောင်းကို မည်သို့မျှ ငြင်းကွယ်၍​ မရနိုင်သည့် အထောက်အထားများ လက်ခံ ရရှိ​ ခဲ့ပါသည်။ ယခု​ အသစ် ရရှိလာသော အထောက်အထားများသည် ယခင်ကထက်​ ပိုမို ခိုင်မာ အားကောင်း​ လာနေသည်ကိုလည်း တွေ့နေ​ ရပါသည်။ ထိုင်း-မြန်မာ နယ်စပ် အဖွဲ့ကြီးက ၁၉၉၆​ ခုနှစ်မှစပြီး မြန်မာနိုင်ငံ အရှေ့ပိုင်းတွင် ကျေးရွာပေါင်း (၃၅ဝဝ)​ အထိ ဖျက်ဆီး​ ခံရပြီးပြီဟု ကျေညာခဲ့ပါသည်။ ရွာသားများ သက်ရှိ​ လူသား မိုင်းရှင်း​ ကရိယာအဖြစ်​ အသုံးချ​ ခံနေရပြီး၊ ရွာသားများကို အတင်း​ အဓမ္မ မိုင်းခင်းများ​ အပေါ် ဖြတ်သန်း လမ်းလျှောက်ခိုင်းခြင်းဖြင့် စစ်သားများ​ အတွက်မိုင်းရှင်း နေကြရပါသည်။ ဤသို့ မိုင်းရှင်း ပေးရမှုကြောင့် ရွာသားများသည် မကြာခဏ ခြေပြတ်​ ခံရခြင်းနှင့် သေဆုံးသည့် အဖြစ်အပျက်​ အထိ ဖြစ်ပွား နေပါသည်။

ကုလ​ သမဂ္ဂဆိုင်ရာ မြန်မာ့​ လူ့အခွင့်အရေး အခြေအနေ အထူး​ စုံစမ်း​ စစ်ဆေးရေးမှုး​ အဖြစ် ကျွန်တော် တာဝန်​ ထမ်းစဉ်က အကျဉ်းထောင်များသို့ သွားရောက်​ ခဲ့ပြီး၊ အကျဉ်းထောင်များတွင် အလွန် ရက်စက်​ ကြမ်းကြုတ်သည့် ပုံစံများဖြင့် ညဉ်းပမ်း​ နှိပ်စက်​ ခံရကြောင်း သက်သေ​ ခံချက်များကိုလည်း ကြားသိခဲ့ရ ပါသည်။ ယခုအခါ မြန်မာ​ နိုင်ငံ​ အတွင်းရှိ အကျဉ်းထောင်များတွင် နိုင်ငံရေး​ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ (၂၁​၀၀)​ ကျော်​ ခန့်​ ရှိနေပြီး၊ မြန်မာ့​ ဒီမိုကရေစီ​ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာလည်း နေအိမ်​ အတွင်းဆက်လက် အကျဉ်းချ​ ထားခြင်းခံ​ နေရဆဲ​ ဖြစ်ပါသည်။ သူမသည် လွန်ခဲ့သော အနှစ်​ နှစ်ဆယ် အတွင်း (၁၄)​ နှစ်ခန့် ယင်းသို့ ချုပ်နှောင်​ ခံနေရခြင်း ဖြစ်ပါသည်။

ဘာသာရေး နှိပ်ကွပ်​ ချုပ်ချယ်မှုများလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လျှက်ရှိနေပါသည်။ စစ်အစိုးရသည် မိမိနှင့်​ လူမျိုးချင်းမတူသော ဗမာလူမျိုးမဟုတ်သော တိုင်းရင်းသား​ လူနည်းစုများနှင့် မိမိနှင့် ကိုးကွယ်ရာ ဘာသာချင်း​ မတူသော ဗုဒ္ဓ​ သာသနာဝင်​ မဟုတ်သော ဘာသာရေး လူနည်းစုများ​ အပေါ် မတူ​ ကွဲပြားမှုများအား ကြည်ဖြူချင်း လုံးဝ​ မရှိပါ။ ခရစ်ယာန်​ ဘာသာဝင်​ အများစုဖြစ်သော ချင်းနှင့်​ ကချင်​ တိုင်းရင်းသားများ၊ တစိတ်တပိုင်း ခရစ်ယာန်​ ဘာသာဝင်များ​ ဖြစ်ကြသည့် ကရင်နှင့်​ ကရင်နီ​ (ကယား)​ တိုင်းရင်းသားများသည် ခရစ်ယာန်​ ဘုရား​ ရှိခိုး​ ကျောင်းများနှင့်​ လက်ဝါး​ ကပ်တိုင်များ ဖြိုချ​ ဖျက်ဆီး​ ခံရမှုအပါအဝင် ဘာသာရေး ခွဲခြား ဆက်ဆံခံရမှုများ၊ ဝတ်ပြု​ ကိုးကွယ်ခြင်း​ ဆိုင်ရာ ကန့်သတ်​ ချုပ်ချယ်မှုနှင့် ဘာသာရေး​ ဆိုင်ရာ ဖိနှိပ်​ အရေးယူမှုမျာ​ းခံနေကြရပါသည်။ စစ်သားများက ခရစ်ယာန်​ ဘာသာဝင်များကို သေနတ်များနှင့်​ ချိန်ရွယ်ပြီး လက်ဝါးကပ်တိုင်များ​ ဖြိုချလျှက် ယင်းနေရာတွင် ဗုဒ္ဓ​ ဘာသာ​ စေတီပုထိုးများကို အစားထိုး တည်ဆောက် ခိုင်းပါသည်။ အစ္စလာမ်​ ဘာသာဝင် ရိုဟင်ဂျာများသည်လည်း အလားတူ ဖိနှိပ်​ ညဉ်းပမ်းမှုများ​ ခံကြရသည့်​ အပြင် မြောက်ပိုင်း​ ရခိုင်ပြည်နယ်တွင် မျိူးဆက်​ ပေါင်းများစွာ​ ကြာအောင် မှီတင်း​ နေထိုင်နေခဲ့ကြသော်လည်း မြန်မာ နိုင်ငံသားများ​ အဖြစ် အသိအမှတ်ပြု မခံကြရပါ။ ရလာဒ်​ အဖြစ် ရိုဟင်ဂျာများသည် ခံရ​ ခက်လှသည့် သွားလာ​ လှုပ်ရှားမှုဆိုင်ရာ ကန့်သတ်မှုများနှင့် ထိမ်းမြား​ လက်ထပ်ခြင်း​ ဆိုင်ရာချုပ်ချယ်​ တားမြစ်မှု့များခံနေရပြီး၊ ပညာရေး၊​ ကျန်းမာရေး​ ထိမ်းသိမ်း​ စောင့်ရှောက်မှုများ လုံးဝ​ နည်းပါး ရရှိခံစားရခြင်း မရှိပါ။

ကုလ​ သမဂ္ဂအဖွဲ့ကြီးက ဤသို့သော ရာဇဝတ်​ ပြစ်မှု​ ကျုးလွန်မှုများကို နှစ်ပေါင်း​ များစွာ​ ကြာအောင် မှတ်တမ်းတင် လျှက်ရှိနေပါသည်။ ကျွန်တော်နှင့်​ အလားတူ ယခင် ကုလ​ သမဂ္ဂဆိုင်ရာ မြန်မာ့​ လူ့အခွင့်အရေး အခြေအနေ အထူး​ စုံစမ်းစစ်ဆေးရေးမှုးဟောင်း​ တစ်ဦးဖြစ်သူ “ရာဂျ်ဆူမား လာလား”က ယခု​ ဖြစ်ပွားနေသည့် တာဝန်​ အလွဲသုံးစားလုပ်နေမှုများသည် အမြင့်ဆုံးအာဏာပိုင်များက ချမှတ်သည့် မူဝါဒ ပေါ်လစီ၏ အကျိုးဆက် ဖြစ်ပြီး အမြင့်ဆုံးအာဏာပိုင်ပုဂ္ဂိုလ်များတွင် နိုင်ငံရေးနှင့် ဥပဒေရေးရာအရ တာဝန်ရှိသည်ဟု ၁၉၉၆ခုနှစ်က သုံးသပ်တင်ပြခဲ့ပါသည်။ မကြာသေးမီက ချမှတ်ခဲ့သော ကမာ္ဘ့ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက် ကလည်း မြန်မာ​ စစ်​ အစိုးရကို အပြည်ပြည်ဆိုင်ရာ​ လူ့အခွင့်အရေးနှင့် လူသားချင်း​ စာနာမှု ဥပဒေများ ချိုးဖေါက်​ နေမှုများကို ရပ်တန့်ဖို့​ တိုက်တွန်းခဲ့ပါသည်။ ထို့အပြင် ကမ္ဘာ့​ ကုလ​ သမဂ္ဂအဖွဲ့ကြီးက မြန်မာ​ နိုင်ငံကို မျိုးဖြုတ်​ သုတ်သင်မှုများ​ ဖြစ်ပွား​ နိုင်သဖြင့် အမြဲ​ စောင့်ကြည့်​ ရမည့် နိုင်ငံ​ အဖြစ် စာရင်းသွင်း​ ထားပြီး၊ မျိုးဖြုတ် သုတ်သင်မှု​ ဖြစ်ပွားနိုင်သည့်​ အန္တရာယ်​ အညွှန်းကိန်းပြ စာရင်းတွင် ဆူဒန်နိုင်ငံနှင့်​ အတူ မြန်မာ​ နိုင်ငံသည် မျိုးဖြုတ်​ သုတ်သင်မှု​ ဖြစ်ပွားနိုင်သည့်​ အန္တရာယ်​ အရှိဆုံးနှင့် မကြာမီ​ ကာလ​ အတွင်း မျိုးဖြုတ်သုတ်သင်မှု ဖြစ်ပွား နိုင်သည် အဆင့် အနီရောင် ထိပ်ဆုံး​ နှစ်နိုင်ငံ စာရင်းတွင်​ ဖေါ်ပြထားခြင်း​ ခံထားရပါသည်။

အစိုးရ​ မဟုတ်သောလူမှုအဖွဲ့အစည်းများကလည်း အလားတူ အကဲဖြတ်မှုများ လုပ်လျှက်​ ရှိပါသည်။ အပြည်ပြည်ဆိုင်ရာ​ လူ့အခွင့်အရေး စောင့်ကြည့်ရေး​ အဖွဲ့ကြီးက မြန်မာနိုင်ငံ​ အရှေ့ပို်င်းတွင်​ ဖြစ်ပေါ်နေသော ကျူးလွန်မှုများကို လူသားမျိုးနွယ်​ အပေါ်ကျူးလွန်သော ရာဇဝတ်မှုများ​ အဖြစ်​ ဖေါ်ပြခဲ့ပြီး၊ လူနည်းစုများ၏ အခွင့်အရေး​ ကာကွယ်ရေး​ အဖွဲ့က လူမျိုးရေး လူနည်းစုများ ခြိမ်းခြောက် အန္တရာယ်​ ပြုခံနေရသော ကမ္ဘာ့ ထိပ်တန်း နိုင်ငံ ငါးခုတွင် တနိုင်ငံ​ အဖြစ် ထည့်သွင်း​ ဖေါ်ပြထားပါသည်။ ဖရီးဒမ်ဟောက်စ် အဖွဲ့ကြီးကလည်း မြန်မာ​ နိုင်ငံကို လွပ်လပ်မှု​ ကင်းမဲ့သည့်​ နိုင်ငံများ တွင် အဆိုးတကာ့​ အဆိုးဆုံး​ နိုင်ငံ​ အဖြစ်​ ဖေါ်ပြထားပါသည်။

အပြည်ပြည်ဆိုင်ရာ​ လူ့အခွင့်အရေး​ စောင့်ကြည့်ရေးအဖွဲ့နှင့် နိုင်ငံများ​ အကြား တရားမျှတမှု စင်တာအဖွဲ့ကြီး တို့က အလားတူ ကောက်ချက်များ ဆွဲပြ​ နေကြပါသည်။ ရွေးကောက်ပွဲ​ ကျင်းပရန်​ နီးကပ်လာချိန်နှင့် သန်းရွှေက လူမျိုးရေးလူနည်းစုများ၏ ရုန်းကန်​ တိုက်ပွဲဝင်နေမှုကို သူ့အာဏာစက်အောက်ရောက်အောင် ကျိုးပမ်းမှုကြောင့် လူသားမျိုးနွယ်​ အပေါ်ကျူးလွန်သော ရာဇဝတ်မှုများတိုးတက်များပြားလာပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ် နေချိန်မျိုးတွင် လူ့အသက်ဆုံးရှုံးမှုများထပ်မံ မဖြစ်ပွားမီ အချိန်မီတားဆီးနိုင်ရန် အပြည်ပြည်ဆိုင်ရာက တညီတညွှတ်းတည်းစုပေါင်း အရေးယူရန် အချိန်ကျရောက်လာပြီဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် အပြစ်ပေး​ အရေးယူထိုက်ပါလျှက်နှင့် အပြစ်ပေး​​ အရေးယူခံရမှုမှ ကင်းလွတ်ခွင့်​ ရနေမှုများ ကြီးစိုးနေပြီး၊ ဤသို့သော​ ရာဇဝတ်မှုကျူးလွန်မှုများ အဆုံးသတ်အောင် အရေးယူမှု မရှိဖြစ်နေပါသည်။ သို့ဖြစ်ပါသောကြောင့် ကမ္ဘာ့​ ကုလသ​ မဂ္ဂအဖွဲ့ကြီးက ယခုလက်ရှိ ကုလ​ သမဂ္ဂဆိုင်ရာ မြန်မာ့ လူ့အခွင့်အရေး အခြေအနေ အထူး​ စုံစမ်းစစ်ဆေးရေးမှုး၏ ထောက်ခံ​ တင်ပြထားချက်ကို တုန့်ပြန်ပြိီး အရေးယူ ဆောင်ရွက် ပေးပါရန် တာဝန်ရှိသည်ဟု ကျွန်တော်က ယုံကြည်ပြီး၊ အထူး​ စုံစမ်းစစ်ဆေးရေးမှုးက ထောက်ခံ တင်ပြ ထားသည့်​ အတိုင်း​ စုံစမ်းစစ်ဆေးရေး​ ကော်မရှင်တစ်ရပ်ကို ထူထောင်ပြီး မြန်မာ​ စစ်အစိုးရက ကျူးလွန် ချိုးဖေါက် နေသော စစ်​ ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်​ အပေါ်ကျုးလွန်သော ရာဇဝတ်မှုများကို စုံစမ်း​ စစ်ဆေးပြီး အရေးယူ ရမည့် လုပ်ငန်းစဉ်များကို အဆိုပြု​ တင်ပြရန်​ လိုအပ်နေပြီဟု ကျွန်တော်တို့က ယုံကြည်​ ကြပါသည်။ ကုလသမဂ္ဂ လုံခြုံရေး​ ကောင်စီကလည်း မြန်မာ​ စစ်အစိုးရ​ အပေါ် ကမ္ဘာလုံး​ ဆိုင်ရာ လက်နက်ရောင်းချမှု ပိတ်ပင်ရေးကို ပြဌာန်းပေးသင့်ပါသည်။ စစ်​ အစိုးရသည် ဤသို့သော​ ရာဇဝတ်ပြစ်မှုများကို ကျူးလွန် နေသော်လည်း အရေးယူ​ အပြစ်ပေးခံရမှုမှ လွတ်မြောက်နေသည်မှာ အချိန်​ ကာလ​ ကြာမြင့်လှပြီ ဖြစ်ပါသည်။ ဤသို့ အပြစ်ပေး အရေးယူ ထိုက်ပါလျှက်နှင့် အပြစ်ပေးအရေးယူခံရမှုမှ ကင်းလွတ်ခွင့်​ ရနေမှုများကို စိမ်ခေါ်​ အရေးယူရန် ပျက်ကွက်နေမှုများကို ဆက်လက်​ ခွင့်မပြုသင့်တော့ပါ။

ယိုဇိုယိုကိုတာ

၂​၀၁​၀ ခုနှစ်၊ ဇူလိုင်လ (၆) ရက်၊ အင်္ဂါနေ့။

(ဤစာရေးသူသည် ၁၉၉၂​ ခုနှစ်မှ၁၉၉၆​ ခုနှစ်အထိ ကုလ​ သမဂ္ဂဆိုင်ရာ မြန်မာ့ လူ့အခွင့်အရေး အခြေအနေ အထူး​ စုံစမ်း​ စစ်ဆေးရေးမှုး​ ဖြစ်ခဲ့ပြီး၊ ၂ဝဝဝ​ ခုနှစ်မှ၂ဝဝ၉​ ခုနှစ်အထိ ကုလ​ သမဂ္ဂဆိုင်ရာ လူ့အခွင့်အရေး မြှင့်တင်မှုနှင့် ကာကွယ်မှု ဆပ်​ ကော်မတီ အဖွဲ့ဝင် ဖြစ်ခဲ့ပါသည်။)
​The Jakarta Post သတင်းစာကြီးရဲ့ ၂​၀၁​၀​ ခုနှစ်၊ ဇူလိုင်လ​ (၉)​ ​ရက်နေ့ထုတ် ( Opinion ) ထင်မြင်​ ယူဆချက်​ ကဏ္ဍမှာ ဖေါ်ပြ ခဲ့သော Challenge impunity in Myanmar​ ဆောင်းပါ​ အား​ ​ဘာ​သာ​ပြန်​ဆို​ ​ဖေါ်​ပြ​​ ခဲ့​ခြင်း​​ဖြစ်​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here