အနစ်မွန်းခံခဲ့သော မိဘများသို့ ကျေးဇူးဆပ်ခြင်း​

ဆောင်းပါး သရုပ်ဖေါ် © မင်း​​ကျော်

စာမရေးတာ ကလည်းကြာ၊ ရေးမယ် ဆိုပြန်တော့လည်း အမျိုးသမီး အဖွဲ့က ထုတ်တဲ့ စာစောင် အတွက်

ဆိုပြန်တော့ အမျိုးသမီး အကြောင်း ဘာရေးလို့ ရေးရမှန်း မသိ ဖြစ်နေပြန်ကော။ ဒါနဲ့ဘဲ ကဲ… ငါတော့ မဖြစ်ချေ တော့ဘူး။ တစ်ပုဒ်တော့ ထွက်အောင် ရေးဦးမှ ဆိုပြီး အကြောင်းအရာတွေ ကို စဉ်းစား လိုက်မိတယ်။

ဒီလိုနဲ့ ဟိုဟာရေးရင် ကောင်းမလား၊ ဒီဟာရေးရင် ကောင်းမလားဆိုပြီး စဉ်းစားရင်းက အိမ်က အမေ့ အကြောင်း စိတ်က ရောက်သွားပြန်တယ်။ အမေ့အကြောင်းတွေကို ပြန်စဉ်းစားရင်း က အိမ်တွင်း အကြမ်းဖက်မှုနဲ့ ရိုးရာ ဓလေ့တွေရဲ့အောက်မှာ မြန်မာ အမျိုးသမီးတွေဘဝ နစ်နာရမှု တွေကို စေ့စေ့တွေး ရေးရေးပေါ်လာခဲ့တယ်။ ဒီလိုနဲ့ ဒီအကြောင်းဟာ ဆောင်းပါး တစ်ပုဒ်အဖြစ်နဲ့ အသိပညာ ပေးစရာအကြောင်းဆိုပြီး ရေးဖြစ်ခဲ့တယ်။

ရေးခဲ့ပုံလေးကတော့ ဒီလိုပါဗျာ… ။

ကျွန်တော်တို့ မိသားစုမှာ အဖေကော အမေကောပေါင်းရင် မိသားစု ခြောက်ယောက်ပေါ့။ အစ်မ အကြီးဆုံးကတော့ ငယ်ငယ်ကတည်းက အဘိုးတွေ အဘွားတွေ လက်ပေါ်မှာ ကြီးပြီး မိသားစုနဲ့ခွဲနေခဲ့သူပေါ့။ ကျွန်တော် အပါအဝင် ကျန်တဲ့ မောင်နှမတွေကတော့ အဖေနဲ့ အမေရဲ့ ရင်ခွင် ကြားမှာ လူလားမြောက်ခဲ့ရှာတယ်ပေါ့။

ကျွန်တော်ငယ်ငယ် ရန်ကုန်ရဲ့​ အခြေအနေက နေစရာကောင်း၊ ပျော်စရာကောင်းခဲ့တာပေါ့။ ညနေတိုင်းလိုလို အိမ်နဲ့​ နီးတဲ့ ရွှေတိဂုံဘုရားကို တက်လိုက်၊ အခု အမေ့လျော့ခံ တော်လှန်ရေး​ ပန်းခြံထဲဝင်ပြီး ဆော့လိုက်နဲ့ ဘဝက ပျော်စရာအတိပေါ့။ အဖေရဲ့ အငှားကား​ ​မောင်းတဲ့​ ပိုက်ဆံနဲ့ မိသားစု​ ဘဝ စားနိုင်​ သောက်နိုင်​ ဘဝ​ ဆိုတော့ ဘာဆို ဘာမှ ပူပင်စရာတွေ မရှိခဲ့ဘူး။ နဂို အဖေက သမဝါယမဆိုင်မှာ ရေနံဆီ​ ​ လှည်းတွန်းတုန်းက​ ဆိုရင် ဒီ့ထက်တောင် ပိုပြီး အဆင်ပြေလေရဲ့။ မဆလ​ အစိုးရလို့ လူသိများတဲ့ ဆိုရှယ်လစ်​ လမ်းစဉ်​ ပါတီရဲ့​ လက်အောက်မှာ သမဝါယမဆိုင်တွေ ရှိ ခဲ့သလို မှောင်ခို​ ဈေးကွက်တွေကလည်း ပုံပေါလအောပေါ့။ အဲဒီအချိန်မှာ ရေနံဆီဆိုတာ ရှားပါး ပစ္စည်း​ ဖြစ်ခဲ့ပြီး ရေနံဆီလှည်းတွန်းခဲ့တဲ့ အဖေရဲ့ ဝင်ငွေဟာ တစ်လကို ရွှေငါးမူးသား ဝယ်နိုင်တဲ့အ ဆင့်ထိပေါ့။ နောက်ပိုင်း တိုင်းရေးပြည်ရေးက မကောင်းဘူးဖြစ်လာတော့ အဖေလည်း အငှားကား မောင်းခဲ့ရတာပါ။

အငှားကောင်း​ မောင်းရင်းနဲ့ မိသားစုကို ရှာကျွေးခဲ့တဲ့အဖေဟာ အဲဒီ့တုန်းကတော့ မိသားစု တစ်ခုလုံးရဲ့ ဦးဆောင်​ မောင်းနှင်ရာ အင်ဂျင်ကြီးပေါ့။

ဒီလိုနဲ့ တိုင်းရေးပြည်ရေးက မကောင်း၊ ၁၉၈၈ အရေးအခင်းကလည်း ဖြစ်လာပြန်တော့ တိုင်းပြည်မှာ အဆင်မပြေမှုတွေ​ ဖြစ်ပြီး အဖေလည်း စီးပွားရေး​ မကောင်း၊ ကျွန်တော်တို့လည်း ပညာ သင်နှစ်တွေ ရက်ဆိုင်းခဲ့ရတယ်။ မိသားစု​ စားဝတ်နေ​ရေး​ မပြေလည်ခဲ့ပေမယ့် ငွေကြေးတောင့်တင်းတဲ့ အမေ့ရဲ့ အဖေ၊ အမေ၊ အဘိုးနဲ့ အဘွားကတော့ အမျိုးထဲမှာ ရှားပါးဖြစ်တဲ့ ယောကျ်ားလေး ကျွန်တော်နဲ့ ကျွန်တော့်ညီ​ မျက်နှာ၊ အမေ့မျက်နှာတွေနဲ့ ထောက်ပံ့​ ကြည့်ရှု​ ခဲ့ကြတယ်လေ။ သူများတွေ ထမင်းရေ​ မသောက်ရုံတမယ် စားနေရတဲ့​ အချိန်မှာ ကျွန်တော်တို့​ မိသားစု ပေါ်ဆန်းမွှေးနဲ့ စား ခဲ့ရတယ်။

ဒီလိုနဲ့ ၁၉​၈၈​ အပြီး နိုင်ငံတော်က အာဏာ​ သိမ်းခဲ့တဲ့​ အချိန်မှာတော့ တစ် တိုင်းပြည်လုံး ဆင်းရဲ​ မွဲတေမှုတွေနဲ့ စတင်​ ရင်ဆိုင်​ လာခဲ့ရတယ်။ လေးဘီး​ အငှားကားမောင်းပြီး ဆက်​ ရှာဖွေ​ ကျွေးမွေးခဲ့တဲ့ အဖေဟာ အဲဒီ့​ အချိန်ထိတော့ ကျွန်တော့်ဘဝရဲ့ လေးစားရသူပေါ့။ အရက်ဆိုတာ ဝေလာဝေး၊ ဆေးလိပ်နဲ့ ကွမ်းကိုသာ စားတတ်ခဲ့တဲ့​ အဖေဟာ တစ်နေကုန်နေလို့ စကားတစ်လုံး မပြောဘဲ သူ့အလုပ်သူလုပ်ပြီး မိသားစုကို ဦးဆောင်​ ပေးခဲ့တယ်။ သားသမီးတွေ ပညာရေး​ အတွက် လိုလေသေးမရှိ ထောက်ပံ့ခဲ့တယ်။

ေဩာ်…​ အဖေရဲ့ ကျေးဇူးကို ဒီနေရာကနေ ဦးညွှတ်လျက်ပါ။

ဒါပေမဲ့လည်း နှစ်တွေ ကြာလာပြီး ကျွန်တော့်အသက် ၁၂ နှစ်အရွယ် ခြောက်တန်းကျောင်း သားအရွယ်မှာတော့ အဖေရဲ့ ခြေလှမ်းတွေ​ ပျက်လာခဲ့တယ်။ အငှားကောင်း​ မမောင်းချင်တော့ဘူး ဆိုပြီး သူ့သူငယ်ချင်းနဲ့ မော်လမြိုင်​ ကားလိုင်း မောင်းမယ်ဆိုပြီး ထွက်သွား​ ခဲ့တယ်။ ဆန်တစ်ပြည် ၁၂ဝ ခေတ်မှာ အဖေ့​ အနေနဲ့ သူငယ်ချင်းပေါ် အားနာပြီး တစ်နေ့ ၁ဝဝ နဲ့ ကားမောင်းပေးခဲ့တယ်။ မိသားစု​ တစ်ခုလုံးနဲ့​ ရင်းပြီး သူငယ်ချင်း​ အပေါ် နားလည်မှုပေးခဲ့တယ်။ ဒါတွေကို ငယ်ငယ်သာရှိ သေးတဲ့ ကျွန်တော် နားမလည်​ ခဲ့သလို အချိန်တန်အိမ်ပြန် ထမင်းစားရရင် ပျော်ရွှင်နေခဲ့တယ်။ ဒါပေမဲ့ ဒီ့ထက်​ တစ်ဆင့်တက်ပြီး အဖေဟာ ဆိုးဝါးမှုတွေကို စတင်​ ဝါးမျိုလာခဲ့တယ်။

အရက်ဆိုရင် ဝေလာဝေး၊ ဘုရားတရားသာ လုပ်ခဲ့တဲ့ အဖေဟာ မော်လမြိုင်​ ကားလိုင်းမှာ ကားမောင်းရင်းက အရက်သောက်တတ်လာသလို မိန်းမလည်း ရှုပ်တတ်​ လာခဲ့တယ်။ တစ်နေကုန် နေလို့​ စကားတစ်ခွန်း​ မပြောဘဲ သူ့တာဝန် သူထမ်းဆောင်​ ခဲ့တဲ့​ အဖေဟာ အရက်သောက်​ တတ်ပြီး နောက်ပိုင်းမှာ နေ့စဉ်နဲ့​ အမျှ အမေ့ကို အကြောင်း​ တစ်ခု​ မဟုတ် တစ်ခု​ ရှာပြီး ပြဿနာ​ ရှာတတ်လာ သလို နဂိုက ပျော်ပျော်နေတတ်တဲ့ အမေ့ရဲ့​ မျက်နှာမှာလည်း မျက်ရည်စတွေက တစ်စထက်တစ်စ နေရာယူတတ်လာတယ်။

အဲဒီ့နောက်ပိုင်း ကျွန်တော်တို့​ မိသားစုဘဝဟာ စာမျက်နှာသစ်​ လှန်လိုက်သလို​ ဒ​ုက္ခတွေနဲ့ စတင်​ ယဉ်ပါးလာခဲ့ရတယ်။ လူ့ဘဝ​ အကြောင်း တစ်ပိုင်း​ တစ်စ​ နားလည်​ တတ်လာတဲ့ ကျွန်တော့်​ အနေနဲ့ အရာ​ အားလုံးကို ဝေဖန်​ ပိုင်းခြား​ နိုင်ခြင်း​ မရှိခဲ့ပေမယ့် တချို့​ အကြောင်းတွေကိုတော့ နားလည် ခံစားတတ်လာတယ်။

မြန်မာ​ မိန်းကလေးတို့သဘာဝ တစ်လင်​ တစ်မယားစနစ်ကို​ ကိုးကွယ်​ ယုံကြည်တဲ့ ကျွန်တော့် အမေနဲ့ ခြေလှမ်း​ ပျက်စပြုလာတဲ့ အဖေတို့ရဲ့ ဆက်ဆံရေးဟာ တစ်စထက်​ တစ်စကို ဆိုးဝါးလာခဲ့ တယ်။ နောက်ပိုင်းမှာ အလုပ်​ အကြောင်းပြချက်နဲ့ ခရီးထွက်​ ထွက်နေတဲ့​ အဖေဟာ မိသားစုကိုတောင် ထောက်ပံ့​ နိုင်ခြင်း​ မရှိတော့ဘဲ လျစ်လျှူ​ ရှုခဲ့ပါတယ်။

အဖေ့ရဲ့ မျက်ကွယ်​ ပြုထားမှုနဲ့ မိဘ​ ရင်ခွင်မှာ အေးဆေးပျော်မွေ့ခဲ့တဲ့ အမေဟာ ဘဝကြမ်း ကြမ်းကို စတင်​ ပိုင်ဆိုင်​ လာခဲ့ရတယ်။ ရပ်ကွက်​ တကာလှည့်ပြီး အဝတ်လျှော်ပြီး သားသမီးသုံး ယောက်ရဲ့ ပညာရေး၊ စားဝတ်နေရေးကို ဖြစ်သလို ဖြေရှင်း​ ပေးလာခဲ့ရတယ်။ တစ်ခါတစ်ရံ တစ်ထုပ်မှ ငါးကျပ်​ ပေးရတဲ့ မြေပဲလှော်​ထုပ်လေးကိုတောင် အမေနဲ့ ကျွန်တော်တို့ မောင်နှမသုံးယောက် စားဖို့ မဝယ်နိုင်တဲ့​ အတွက် သုံးထုပ်ဝယ်ပြီး အ​တူ​ စားခဲ့ရတယ်။

တစ်နိုင်ငံလုံး စီးပွားရေး​ ကျပ်တည်းလာမှုက တစ်ယောက်ကို တစ်ယောက် ပြန်ပြီးတော့ ငဲ့မကြည့်​ နိုင်တဲ့အနေအထားမှာ အဘိုးတွေ အဘွားတွေ​ အနေနဲ့လည်း စိတ်မကောင်းခြင်း​ များစွာနဲ့ ဘဲ ထိုင်ကြည့်​ နေခဲ့ရတဲ့ အဖြစ်ပေါ့။

ဘဝ​ ဆိုးတွေကြားမှာ ရ​ုန်းကန်နေရတဲ့ ကျွန်တော်တို့ မိသားစုအတွက် သတင်းဆိုး​ တစ်ခုက ဝင်လာ​ ခဲ့ပြန်တယ်။

မင်းအဖေ ဘုန်းကြီးဝတ်သွားပြီတဲ့။ မင်းတို့ကို ရှာမကျွေးနိုင်တော့ဘူးတဲ့။ ကိုယ့်ဘဝကိုယ် လျှောက်ကြေတော့လို့ မှာလိုက်တယ်တဲ့။

ကမ္ဘာပျက်​ မလို ခံစားရခဲ့တယ်။ သူများတကာတွေလို မိဘ​ အစုံအလင်ရှိရဲ့သားနဲ့ အဖေမဲ့ တဲ့​ ဘဝမျိုးကို ငယ်ငယ်ရွယ်ရွယ်နဲ့ ခံစားခဲ့ရတယ်။ ဘဝ​ အမောတွေကြားမှာ ထုထောင်း​ ခံထားရတဲ့ ဒဏ်တွေအပြင် အဖေ​ မရှိတော့ဘူးဆိုတဲ့ အသိက လူကို မောပန်းစေခဲ့သလို တွန်အားတွေလည်း ဖြစ်လာခဲ့ပြန်တယ်။

ရှစ်တန်း​ ကျောင်းသားဘဝထိ ကျွန်တော့်​ အတွက် အမေက အဝတ်လျှော်ပြီး ရှာကျွေးခဲ့တယ်။ အမွှေးတိုင်​ လိပ်ပြီး မိသားစု​ ဘဝရပ်တည်ရေး​ အတွက် ရုန်းကန်ခဲ့ရတယ်။ သားသမီးတွေ ပညာတတ်ဖို့ အရေးအတွက်ကလည်း ရှိပြန်တာတော့ စားမယ့်အထဲက ဖယ်ပြီး ပညာ​ ဆက်သင်ပေးခဲ့ရတယ်။

ဒီလိုနဲ့ ကျွန်တော်တို့​ မောင်နှမတွေရဲ့ဘဝဟာ လူအများကြားမှာ ပညာတတ်လူငယ်လေး တွေအဖြစ် အသိအမှတ်ပြုခံခဲ့ရသလို ကိုယ့်ဘဝ​ ကိုယ်လျှောက်လှမ်းဖို့​ အတွက်လည်း အားအင်တွေ ပိုင်ဆိုင်လာခဲ့တယ်။ မြန်မာစကားနဲ့ဆိုရင် အောက်သက်ကျေခဲ့တယ်လို့ဘဲ ပြောရမလား မသိဘူး။ တော်ရုံတန်ရုံ​ အခက်အခဲတွေကို အဖမဲ့သား ကျွဲနဲ့ နွားလို အားကုန်​ သုံးပြီး ကျော်ဖြတ်​ နိုင်ခဲ့တယ်။

ဒါပေမဲ့ အခုတော့လည်း ဒါတွေဟာ ဟိုးအဝေးက ခပ်ပြပြတစ်နေရာမှာ ကျန်ရစ်ခဲ့ပါပြီ။

တိုးတက်တဲ့​ ဘဝကို မျှော်မှန်း၊ ပစ္စည်းမဲ့​ မာနကို တံခွန်ထူပြီး ကြမ်းပါပေ့ဆိုတဲ့ ဘဝ​ ခရီးလမ်း ကို တစ်စိတ်တစ်ပိုင်းတော့ ကျော်ဖြတ်နိုင်ခဲ့ပါပြီ။ အဖမဲ့​ ခဲ့ရလို့ မွန်းကျပ်ခဲ့ရတဲ့ ဘဝတွေ၊ အမိကို ကြည့်ပြီး တင်းခဲ့ရတဲ့ မရှိမာနဲ့ သတ္တိတွေ။ အခုတော့ အရောင်ပြောင်လို့ လူ့အလယ်တင့်ခဲ့ပါပြီ။

သက်သာ​ အေးဆေးတဲ့​ ဘဝကို ပြန်ရောက်တဲ့အချိန်မှာ တွေးမိတာလေးကို ရင်ဖွင့်ပြခွင့်ရ မယ်​ ဆိုရင်ပေါ့လေ…​ ။

ကျွန်တော့်​ အမေ​ အပါအဝင် ကျွန်တော့်​ အစ်မ၊ ကျွန်တော့် ညီမ၊ ကျွန်တော်​ ဆွေမျိုးတွေရဲ့ ရင်ထဲမှာ ငါဟာ မြန်မာ​ အမျိုးသမီး၊ မြန်မာတို့ရဲ့ ထုံးတမ်း​ ဓလေ့တွေကို ကိုးကွယ်ရမယ်၊ တစ်လင် တစ်မယား​ စနစ်နဲ့ ရပ်တည်လာခဲ့တဲ့ မြန်မာ​ ဓလေ့ကို မဖျောက်ဖျက်ဘူး​ ဆိုတဲ့​ စိတ်တွေကို အရိုးစွဲ မတက်​ ကိုးကွယ်နေတာကို ဝေဖန်​ ပိုင်းခြားမိလာတယ်။

ဒီစနစ်တွေရဲ့​ အောက်မှာ ခုနကလိုမျိုး​ အဖြစ်အပျက်တွေဟာ ကျွန်တော်တို့​ မိသားစု​ တစ်ခု တည်း မဟုတ်ပါဘူး။ ကျွန်တော့်အနေနဲ့ အခုလိုမျိုး ပြန်လည်​ စဉ်းစားတဲ့အခါမှာ ကျွန်တော့်​ အမေကို အမျိုးသမီး၊ ကျွန်တော့်အဖေကို အမျိုးသား​ ဆိုတဲ့ အနေနဲ့ဘဲ ခွဲခြား​ ကြည့်မိတဲ့​ အခါမှာတော့ ဒါဟာ တကယ်တမ်း​ ကျတော့ ဖြစ်သင့်​ ဖြစ်ထိုက်တဲ့​ ဘောင်ကို​ ကျော်ပြီး ဖြစ်ပျက်နေတာ​ ဆိုတာကို တွေ့လာ ရတယ်။

အစဉ်အလာတွေ၊ ယဉ်ကျေးမှုတွေ၊ ဓလေ့ထုံးစံတွေ​ အောက်မှာ အမျိုးသမီးတွေရဲ့ ဘဝ တွေကို ဒီအတိုင်းဘဲ အဆုံးသတ်ခံ​ ရတော့မှာလား။ မပီပြင်၊ ပျက်စီးနေတဲ့ အမြင်​ ကျဉ်းကျဉ်းအောက် မှာ ဒီလိုမျိုးနဲ့ အမျိုးသမီးတွေဘဝကို စတေးရတော့မှာလား။ တစ်လင်​ မကောင်းလို့ တစ်လင်ပြောင်း မိတာဟာ အဆိုးတစ်ခုလား၊ ဘဝ​ ရပ်တည်ချက်​ အတွက် အမျိုးသမီးတွေ​ အပေါ်မှာ ရွေးချယ်ခွင့် မရှိ တော့ဘူးလား၊ ဘဝ​ တိုးတက်မှုအပြင် သာယာတဲ့​ မိသားစုဘဝကို မထူထောင်ပေးနိုင်တဲ့​ သူ​ တစ်ယောက်ရဲ့ လက်အောက်မှာ မိမိ​ အပါအဝင် မိမိက ပေါက်ဖွားလာတဲ့ ကလေးငယ်တွေကို ဘဝတိုး တက်မှုကင်းအောင် လုပ်ဆောင်ခွင့်​ မရှိတော့ဘူးလား…​ လား။ …​ လား။ ….​ လား။ ။

မေးခွန်းပေါင်းများစွာနဲ့ ဘဝ​ မွန်းကျပ်မှုတွေနဲ့ နစ်မြုပ်ခံနေရတဲ့ အမျိုးသမီးထုတွေရဲ့ ဘဝ ကို ဘယ်လိုမျိုး​ ဓလေ့ထုံးစံတွေက ကယ်တင်နိုင်မှာလဲ။ ဒီလိုမျိုး အိမ်တွင်း​ အကြမ်းဖက်မှု​ သဘောမျိုး ဆောင်နေတဲ့ အမျိုးသမီးတွေရဲ့​ ဘဝက ဘယ်အထိတောင် ဆက်သွား​ နေရမှာလဲ​ ဆိုတာဟာ ခေါက် ရိုးကျိုးနေတဲ့ မြန်မာ့​ လူမှု​ ဓလေ့​ ထုံးစံတွေကို ပြန်လည်​ ဆန်းစစ်ဖို့​ အချိန်တန်နေပါပြီ။ ဒီလိုမှ​ မဟုတ်ရင် တော့ မိအေး​ အော်တာသာ လူသိတယ်၊ ဂဏန်းညှပ်တာ လူမသိ​ ဆိုသလိုမျိုး အမျိုးသမီးတွေက ဖြစ် ချင်တိုင်း​ ဖြစ်နေတာ​ ဆိုတဲ့​ အမြင်မျိုးကို ဖျောက်ပြီး လူသားတိုင်း​ ပိုင်ဆိုင်နိုင်တဲ့​ အခွင့်အရေးကို ပိုင် ဆိုင်နိုင်ဖို့​ အတွက် အားလုံးက ဝိုင်းဝန်း​ ကူညီပေးကြဖို့ တိုက်တွန်းရင်း…။

ထွန်းတောက်နေ

LEAVE A REPLY

Please enter your comment!
Please enter your name here