Ford မော်တော်ယာဉ်ကုမ္ပဏီ ထိုင်း နိုင်ငံတွင် ပိုမို ရင်းနှီး မြှုပ်နှံ သွားရန်စီစဉ်

alt

Ford​ မော်တော်ယာဥ် ကုမ္ပဏီသည် အာရှ​ ဒေသ​ အတွင်း ဈေးကွက်​ ဝယ်လိုအား မြင့်တက်​ လာမှုကြောင့် ထိုင်း​ နိုင်ငံတွင် ရင်းနှီး​ မြှုပ်နှံမှု တိုးချဲ့​ သွားရန် စီစဥ်​ နေကြောင်း သိရသည်။

ကမ္ဘာ့​ စီးပွားရေး အကြပ်အတည်း ကာလ​ အတွင်း အကြီးအကျယ် ယိမ်းယိုင်​ ခဲ့သော မော်တော်ယာဥ် လုပ်ငန်းစုကြီးသည် အာဖရိကနှင့် အာရှတို့တွင် အကြီးစား ရင်းနှီး မြှုပ်နှံမှုကြီး နှစ်ခု ပြုလုပ်ရန် စီစဥ် ထားပြီး ဖြစ်သည်။ ဇွန်လ (၂၄) ရက်နေ့တွင် Ford က ထိုင်း နိုင်ငံ အတွင်း ဒေါ်လာသန်း (၄၅၀) တန် မော်တော်ယာဥ် စက်ရုံ တစ်ရုံ ထူထောင်ရန် စီစဥ်​ ထားကြောင်း အတည်ပြု ကြေညာခဲ့သည်။

ထို့အပြင် လာမည့် သီတင်းပါတ်အတွင်း တောင်အာဖရိကတွင် စက်ရုံသစ် ဆောက်လုပ်မည့် သတင်းကိုလည်း အတည်ပြု ကြေညာဖွယ် ရှိနေသည်။ Fordက အဆိုပါ စက်ရုံများသည် သက်ဆိုင်ရာ ဒေသတွင်း ဝယ်လိုအားကို ဖြည့်တင်းပေးနိုင်ရန် ရည်ရွယ်သည့်​ အပြင် ဥရောပနှင့် အမေရိက ဈေးကွက်သို့ တင်ပို့သည့် Ranger​ ထရပ်ကားများ ထုတ်လုပ်နိုင်ရန်ပါ မျှော်လင့်ထားသည်။ Ford ၏ အာရှပစိဖိတ်နှင့် အာဖရိက​ ဒေသဆိုင်ရာ ဥက္ကဌဖြစ်သူ ဂျိုးဟင်းနရစ်က ဒေသကြီးနှစ်ခုတို့မှ ဝယ်လိုအားသည် မိမိတို့ ထုတ်လုပ်​ ရောင်းချ​ နိုင်သည်ထက် ပိုများ​ လျက်ရှိကြောင်း ပြောကြားခဲ့သည်။

Ford​ သည် ယခုနှစ် ပထမ​ (၃)​ လအတွင်း အသားတင်ဝင်ငွေ ဒေါ်လာ​ (၂)​ ဘီလျံ ရှိခဲ့ကြောင်း ကြေညာထားသည်။ သို့သော်လည်း ကြွေးမြီဒေါ်လာ (၃၁.၃)ဘီလျံ တင်ရှိနေမှု၊ ဥရောပနှင့် အမေရိကတို့တွင် ဝယ်လိုအား အတန်ငယ် ကျဆင်းနေမှုများကြောင့် Ford အနေနှင့် ရုန်းကန်​ နေရသည့် အနေအထားမှ လွန်မြောက်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။ Fordသည် ၎င်း၏ ထိုင်းနိုင်ငံတွင် တည်ဆောက်မည့် စက်ရုံသစ်ကို ဘန်ကောက်မြို့အနီးတွင် နေရာ​ သတ်မှတ် ရွေးချယ်​ ထားကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here