အရေးပေါ်​ အခြေအနေ ထုတ်ပြန်​ ထားမှု မကြာမီ​ ရုတ်သိမ်း​ နိုင်မည်ဟု ထိုင်း​ ဝန်ကြီးချုပ်ပြော

alt

နိုင်ငံအတွင်း ယခု အချိန်ထိ ထုတ်ပြန် ထားဆဲဖြစ်သည့် အရေးပေါ် အခြေအနေကို မကြာမီ ရုတ်သိမ်း နိုင်တော့မည်ဟု ယုံကြည်ကြောင်း ထိုင်း ဝန်ကြီးချုပ် အဘီဆစ် ဗီဂျာဂျီဗာက ပြောကြား လိုက်သည်။

အရေးပေါ် အခြေအနေ သက်တမ်း​ ကုန်ဆုံးမည့် ဇူလိုင်လ (၄)​ ရက်နေ့တွင် နိုင်ငံ၏ ဒေသ​ အတော်​ များများတွင် ယင်းအမိန့်ကို ရုတ်သိမ်း နိုင်မည်ဟု မျှော်လင့်ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။ အရေးပေါ် အခြေအနေ ဖြေရှင်းရေး စင်တာက အဆိုပါ သက်တမ်း  ကုန်ဆုံးနေ့ မတိုင်မီ ဒေသ အတော်များများတွင် အရေးပေါ် အခြေအနေ ကြေညာထားမှုကို ပယ်ဖျက်ရန် စဥ်းစား နေကြောင်းလည်း သိရသည်။ အဘီဆစ်က ဧပြီလ (၇) ရက်နေ့က ထုတ်ပြန်ခဲ့သော အရေးပေါ် အခြေအနေကို ဒေသ (၂၃) ခုတွင် သက်တမ်း တိုးထား ခဲ့ခြင်း​ ဖြစ်သည်။ အစိုးရ ဆန့်ကျင်ရေး ရှပ်နီ အင်အားစုများနှင့် ဖြစ်ပွားခဲ့သည့် နိုင်ငံရေး ပဋိပက္ခများ ကင်းရှင်း အေးချမ်း သွားပြီဟု ထိုင်း​ အစိုးရက ကြေညာထားသည်။

သို့သော်လည်း ယခုသီတင်းပါတ်အတွင်းမှာပင် ထိုင်းရဲတပ်ဖွဲ့သည် နိုင်ငံအရှေ့မြောက်ပိုင်း ယူဒွန်မြို့ရှိ အများသုံး တယ်လီဖုန်းရုံ တစ်ခုအတွင်း ထောင်ထားသည့် အိမ်လုပ်မိုင်း တစ်လုံးအား ဖယ်ရှားခဲ့ရသေးသည်။ ယင်းဗုံးသည့် PVC ပိုက်အတွင်း TNT ယမ်းကို သွပ်သွင်းကာ ပြုလုပ် ထားခြင်းဖြစ်ပြီး မော်တော်ဆိုင်ကယ် တက္ကစီသမား တစ်ဦးက တွေ့ရှိ ခဲ့ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံတွင် မတ်လ(၁၂)ရက်နေ့မှ မေလ(၁၉)ရက်နေ့ထိနှစ်လကျော်ကြာ ဖြစ်ပွားခဲ့သော အဓိကရုဏ်းများအတွင်း လူပေါင်း(၈၈)ဦးထက်မနည်း သေဆုံးကာ (၁၈၈၅)ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here